
စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်ထဲက ကြေးနီစီမံကိန်းအတွက် လယ်မြေသိမ်းတာကို ရွာသားတချို့က လက်မခံတဲ့နောက်မှာ ရွာက ရာအိမ်မှူးကို ဖမ်းဆီးတရားစွဲထားတယ်လို့ လယ်သမားတဦးက ပြောပါတယ်။
ကြေးနီ စီမံကိန်းအတွက် ဖောင်ကတာ့ရွာက မြေဧက ၅၀ ၀န်းကျင်ကို တဧက ၅ သိန်း ၉ သောင်းနှုန်း လျော်ကြေးပေးပြီး သိမ်းတာကို ရွာသား (၅) ဦးက လက်မခံတဲ့ နောက်မှာ ရာအိမ်မှူး ဦးသိန်းကို ဒီကိစ္စမှာ ကြိုးကိုင်လို့ဆိုပြီး လွန်ခဲ့တဲ့ နှစ်ပတ်ကတည်းက ဖမ်းဆီးထားတယ်လို့ ပြောပါတယ်။
လယ်သမား ၅ ဦးပိုင်တဲ့ လယ်မြေဧက စုစုပေါင်း ၁၅ ဧက ၀န်းကျင်ရှိပြီး နေရာမဖယ်ပေးချင်ရတဲ့ အကြောင်းကို လယ်သမားတဦးက အခုလို ပြောပါတယ်။
“သူက ဒီလိုဗျ၊ လက်မှတ်ထိုးလည်း သိမ်းမှာပဲ၊ လက်မှတ်မထိုးလည်း သိမ်းမှာပဲ၊ လက်မှတ်ထိုးလိုက်တာကမှ ကျနော်တို့က လျော်ကြေးရဦးမှာ၊ ကျနော်တို့ မြေနေရာလေးကို ကျနော်တို့ တားပိုင်ခွင့် မရှိတော့ဘူးလား။”
ဒီကိစ္စကို လယ်သမားတွေက သက်ဆိုင်ရာကို စာပို့တိုင်ကြားခဲ့သလို၊ လွန်ခဲ့တဲ့ တလလောက်က သတ္တုတွင်းဌာနနဲ့ စိုက်ပျိုးရေးဌာနက တာဝန်ရှိသူတွေ ဆားလင်းကြီးမြို့မှာ တွေ့တဲ့အခါမှာလည်း ဒီအတိုင်း ပြောပြလိုက်တယ်လို့ လယ်သမားတွေက ပြောပါတယ်။
ဒါပေမယ့် ဒီကိစ္စ ဘာမှ ထူးမလာဘဲ၊ သူတို့ရဲ့ စိုက်လက်စ စိုက်ခင်းတွေကို မြေတူးစက်တွေနဲ့ အတင်းဝင်ရောက် ဖျက်ဆီးတာခံရပြီး၊ လူပါ အဖမ်းခံရမှာကို စိုးရိမ်နေတယ်လို့ လယ်သမားတွေက ပြောပါတယ်။
မုံရွာတဖက်ကမ်း ချင်းတွင်းမြစ် အနောက်ဘက် လက်ပန်းတောင်းတောင် ကြေးနီတူးဖော်ရေး စီမံကိန်းကို သတ္တုတွင်းဝန်ကြီးဌာန၊ တရုတ်ကုမ္ပဏီတခုဖြစ်တဲ့ China Industries Corporation (နိုရင်ကုမ္ပဏီ)နဲ့ ပြည်တွင်းကုမဏီတချို့က လုပ်ကိုင်နေကြောင်းသိရပါတယ်။
ဒီစီမံကိန်းကြောင့်ပဲ ဆားလင်းကြီးမြို့နယ်မှာရှိတဲ့ ၀က်မှေး၊ ကံ့တော၊ ဆည်တည်း၊ ဇီးတော စတဲ့ ရွာလေးရွာနဲ့ ဘုန်းကြီးကျောင်း (၅) ကျောင်း ပြောင်းရွှေပေးခဲ့ရသလို ဖောင်ကတာ ၊ မိုးကြိုးပြင်၊ တုံရွာ၊ လယ်တီရွာ၊ ကိုင်းရွာ၊ ကျောက်ဖြူတိုင်းရွာ၊ ရွာသစ်ရွာ စတဲ့ကျေးရွာတွေက လယ်ဧက ၇၀၀၀ ကျော်ဟာလည်း စီမံကိန်းထဲ ပါသွားခဲ့တယ်လို့ သိရပါတယ်။