DVB Logo
Home
မြန်မာသတင်း
ကချင်နဲ့အစိုးရတပ် တိုက်ပွဲပြန်ဖြစ်
DVB
·
July 3, 2011
ကချင်နဲ့အစိုးရတပ် တိုက်ပွဲပြန်ဖြစ်
Donate to DVB

ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်နေ့ကပဲ အစိုးရအရာရှိနဲ့ ကချင်ခေါင်းဆောင်တွေအကြား အပစ်ရပ်ရေးကိစ္စ ဆွေးနွေးပေမယ့် အောက်ခြေတပ်သားတွေအကြား တိုက်ပွဲ ပြန်လည် ဖြစ်ပွားနေပါတယ်။

[caption id="attachment_12011" align="alignleft" width="310" caption="ကေအိုင်အေတပ်သားတဦး"][/caption]

ဇူလိုင်လ ၂ ရက်နေ့မှာ အစိုးရတပ် ခလရ ၁၄၁ နဲ့ ကေအိုင်အေ တပ်ရင်း ၅ တို့က မိုးညှင်းမြို့နယ်အတွင်း ၁ နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့  ကေအိုင်အို ဗဟိုကော်မတီဝင် ဦးလနန်းက အတည်ပြု ပြောဆိုပါတယ်။

“မနေ့က တိုက်ပွဲအနည်းအကျဉ်း ပစ်ခတ်ကြတာပါပဲ။ ကေအိုင်အေ တပ်ရင်း ၅ ဒေသဘက်မှာပါ၊ အဲဒါ မိုးညင်းမြို့နယ်ဘက်ကျမယ်။ ဟိုဘက်ကတော့ ခလရ ၁၄၁ ပါ။ တနာရီနီးပါပစ်ခတ်မှု ဖြစ်ကြတာဆိုတော့ ထိခိုက်မှု ရှိပါလိမ့်မယ် ဒါပေမယ့် စာရင်း အတိအကျတော့ မရဘူး။”

ကေအိုင်အေကို အစိုးရဘက်က နယ်ခြားစောင့်တပ် အသွင်ပြောင်းခိုင်းရာကနေ နောက်ဆုံး လက်နက်ပါချခိုင်းခဲ့ရာက တင်းမာမှု ဖြစ်ပွားခဲ့ပြီး ဒီလ ၉ ရက်နေ့က နှစ်ဘက် ပြန်လည်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါတယ်။

နှစ်ဘက်ပစ်ခတ်မှု ဖြစ်ပြီးနောက်ပိုင်း ဒေသခံပြည်သူတွေလည်း ကေအိုင်အိုဘက်ကို ထောင်နဲ့ချီ ထွက်ပြေး တိမ်းရှောင် နေကြရပါတယ်။

အဲဒီနောက်ပိုင်း ဇွန်လ ၁၇ ရက်နေ့က ကေအိုင်အေကို အပစ်အခတ် ရပ်စဲရေး လုပ်ဖို့ အစိုးရက ကချင်အတိုင်ပင်ခံကောင်စီ ကိုယ်စားလှယ်ကနေ တဆင့် ကမ်းလှမ်းခဲ့ပေမယ့် အထောက်အထား မခိုင်လုံတာကြောင့် ကေအိုအေဘက်က ငြင်းဆန်ခဲ့ပါတယ်။

ဇွန်လ ၃၀ ရက်နေ့မှာတော့ အစိုးရအရာရှိတွေနဲ့ ကေအိုင်အိုအရာရှိတွေ ထပ်မံတွေ့ဆုံခဲ့ပြီးနောက်ပိုင် မနေ့က နောက်ထပ် တိုက်ပွဲတွေ ဖြစ်လာတာပါ။

ဒီလို တိုက်ပွဲဖြစ်ထပ်ဖြစ်ရတာဟာ နှစ်ဘက်တွေ့ဆုံမှု မအောင်မြင်တာကြောင့်လားလို့ မေးမြန်းရာမှာ ဦးလနန်းက ခုလိုပြောပါတယ်။

“၃၀ ရက်နေ့တွေ့ဆုံမှုကတော့ ပမာဏတွေ့ဆုံမှုလို့ ပြောလို့ရတာပေါ့။  ဘယ်လိုဖြစ်ကြမယ်၊ ဘယ်လို လုပ်ကြမယ်ဆိုတာ ဘာမှ ဆုံးဖြတ်ချက်မျိုး မရှိဘူး။ သဘောတူညီမှု မရှိဘူး။ သူတို့ဘက်က လာပြောတာပေါ့ ခင်များတို့ အပစ်အခတ် ရပ်ဆိုင်းရေး လုပ်ပေးပါ။ ကျနော်တို့ အစိုးရတပ်တွေကတော့ လုပ်နေပြီလို့ လာပြောတယ်။ ဒါပေမယ့် ကျနော်တို့က သက်သေအထောက်အထား မရှိတဲ့ဟာတော့ ဘာမှ လက်ခံနိုင်စရာ မရှိတော့ဘူး။ ဒါ အရင်တုန်းက ကျနော်တို့ အများကြီး ခံရဖူးတယ်လေ။ အဲဒါကြောင့် သက်သေအထောက်အထား ပေးပါလို့ သူတို့ကို ပြောတယ်။

“အဲဒီနေ့ကလည်း သူတို့ကိုယ်စားလှယ် လာမယ့် လမ်းကြောင်းကိုပဲ လုံခြုံရေးအရ ကျနော်တို့က ရှင်းထားခိုင်းတယ်။ တွေ့ဆုံမှုအရ ကျနော်တို့ဘက်က မပစ်တော့ဘူးဆိုတဲ့ဟာမျိုး မရှိဘူး။ တကယ်လို့ ရှေ့တန်းမှာ မထင်မှတ်ပဲ ဒီလက်နက်ကိုင် အင်အားစုတွေ တွေ့ဆုံမှု ဖြစ်ရင်တော့ ပစ်ခတ်ကြတုန်းပါပဲ။ ဒီလိုပစ်ခတ်မှုဟာ တွေ့ဆုံမှုလုံးဝ ပျက်သွားပြီဆိုတဲ့ သဘောတော့ မဆောင်ပါဘူး။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013