မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံမှာ ဇူလိုင်လ ၃ ရက်နေ့ ကျင်းပသွားတဲ့ ရွေးကောက်ပွဲမှာ အတိုက်အခံပါတီ ဖေ့ထိုင်းပါတီက အနိုင်ရနေပြီ ဖြစ်ပါတယ်။

လက်ရှိ အာဏာရပါတီ ဒီမိုကရက်ရဲ့ခေါင်းဆောင် ၀န်ကြီးချုပ် အဖိဆစ် ဝေ့ချာချီဝက ဂုဏ်ပြုစကား ပြောကြားလိုက်သလို ဖေ့ထိုင်းပါတီရဲ့ ၀န်ကြီးချုပ်လောင်း ယင်လတ်ရှင်နာဝပ်ကလည်း ကျေးဇူးတင်စကား ပြောကြားသွားပါတယ်။
မနေ့ည ၉ နာရီအထိ နောက်ဆုံး ရရှိတဲ့ စာရင်းအရ အခု ၂၆ ကြိမ်မြောက် ထိုင်းရွေးကောက်ပွဲမှာ ဖေ့ထိုင်းပါတီက အမတ်နေရာ ၃၇၅ အနက် မဲဆန္ဒနယ်မြေအလိုက် ဆန္ဒမဲ ၁၉၀ ရရှိနေပါတယ်။ ပါတီအလိုက် နေရာ ၁၂၅ နေရာအတွက်ကိုတော့ မသိရသေးပါဘူး။
ဒီရွေးကောက်ပွဲမှာ ပါတီပေါင်း ၄၂ ပါတီက ကိုယ်စားလှယ်လောင်း ၃,၈၀၀ ကျော် ၀င်ရောက် ယှဉ်ပြိုင်သွားတာဖြစ်ပြီး မဲပေးခွင့်ရှိသူ သန်း ၄၀ ကျော် ရှိပါတယ်။ အစိုးရက တနိုင်ငံလုံးမဲရုံပေါင်း ၉ သောင်းကျော်ဖွင့်လှစ် ပေးထားပြီး လုံခြုံရေးအတွက် တပ်ဖွဲ့ဝင်အင်အား တသိန်းရှစ်သောင်းလောက် ချထားခဲ့ပါတယ်။
ရာထူးကနေ ဖယ်ရှားခံခဲ့ရတဲ့ ၀န်ကြီးချုပ်ဟောင်း ထက်ဆင် ရှင်နာဝပ်ရဲ့ နှမ ဦးဆောင်တဲ့ ဖေ့ထိုင်းပါတီက ခုလို အနိုင်ရသွားတာကို အများက လက်ခံကြရဲ့လား ဆိုတာကို စောင့်ကြည့်ရမယ်လို့ အမေရိကန်က ပြောပါတယ်။
ဩစတြေးလျကလည်း ထိုင်းမှာ မငြိမ်သက်မှုတွေ ဖြစ်လာနိုင်တယ်ဆိုပြီး ထိုင်းနိုင်ငံမှာ ရှိတဲ့ သူ့နိုင်ငံသားတွေကို သတိပေးထားပါတယ်။