နှစ် ၆၀ ပြည့် စိုင်းညွန့်လွင် မွေးနေ့ ကျင်းပ
နော်နိုရင်း
·
July 3, 2011
[caption id="attachment_11989" align="alignright" width="310" caption="စိုင်းညွန့်လွင်"][/caption]
ကလေးထောင်မှာ လက်ရှိထောင်ဒဏ် ၈၅ နှစ်ချမှတ်ခံထားရတဲ့ ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (SNLD)မှ အတွင်းရေးမှူး စိုင်းညွန့်လွင်ရဲ့ နှစ် ၆၀ ပြည့် မွေးနေ့ကို မိသားစုဝင်တွေက ကျင်းပ ပြုလုပ်ကြပါတယ်။
ရန်ကုန်မြို့ ၉ မိုင်မှာရှိတဲ့ စိုင်းညွန့်လွင် နေအိမ်မှာပဲ မိသားစုက ကျင်းပေးခဲ့တာ ဖြစ်ပြီး သူရဲ့ နိုင်ငံရေး လုပ်ဖော်ကိုင်ဘက်တွေနဲ့ ပါတီဝင်တွေ မွေးနေ့ပွဲ တက်ရောက်ခဲ့ကြတယ်လို့ SNLD အဖွဲ့ဝင် စိုင်းရွှေကြူးက အခု ပြောပြပါတယ်။
“မွေးနေ့ပွဲကို ဖိတ်ကြားထားတဲ့ ရင်းနှီးတဲ့ မိတ်ဆွေတွေ အားလုံးလာတယ်။ နိုင်ငံရေးလုပ်ဖော်ကိုင်ဘက်တွေ လာတယ်။ ဦးအေးသာအောင်၊ ဦးသာဘန်း၊ ဦးထောင်ခိုထန်း၊ ဦးနိုင်ငွေသိန်း၊ ပူးကျင်ရှင်းထန်၊ မိသားစု ရှေ့နေ ဦးကြည်ဝင်း၊ ဦးဥာဏ်ဝင်း၊ ဦးအောင်သိန်းတို့ သုံးယောက်ပေါ့၊မွေးနေ့ပွဲမှာ တက်ရောက်လာတဲ့ ဧည့်သည်တွေကို ကျွေးမွေးဧည့်ခံပြီးတော့ သူရဲ့အတ္ထုပ္ပတ္တိ အကြောင်း ပြုစုထားတဲ့ဟာကို အမှတ်တရ ပေးပါတယ်။ ဦးညွန့်လွင်အတွက် မွေးနေ့ ဆုတောင်းလေး မှတ်တမ်းရေးပေးပါတယ်။ ငှက်အကောင်ရေ ခြောက်ဆယ် လွှတ်တင်ခဲ့ပါတယ်။ ဖမ်းဆီးထိန်းသိမ်းခံထားရာကနေ အမြန်ဆုံး လွတ်ဖို့ အားလုံးက ဆုတောင်းပေးကြတာပေါ့။ ”
စိုင်းညွန့်လွင်ကို အစိုးရက ရှမ်းပြည်အတိုင်ပင်ခံကောင်စီ ဖွဲ့စည်းရေးနဲ့ ဆက်စပ် ဖမ်းဆီးခဲ့ပြီး ၂၀၀၅ ခု နိုဝင်ဘာလ ၃ ရက်နေ့မှာ အင်းစိန်အကျဉ်းထောင်တွင်း လျှို့ဝှက်စီရင်ချက်နဲ့ ထောင်ဒဏ် ၈၅ နှစ် ချမှတ်ခဲ့ပြီးနောက် ကလေးထောင်ကို ပို့ဆောင်ခဲ့ပါတယ်။
မိသားစုတွေ နောက်ဆုံးထောင်ဝင်စာသွားတွေ့တုန်းက ထောင်တွင်းမှာ မျက်စိနဲ့ သွားရောဂါ ဝေဒနာကို ခံစားနေရပေမယ့် စိတ်ဓာတ်ရေးရာမှာတော့ ခိုင်ခိုင်မာမာ ရှိနေတဲ့လို့လည်း စိုင်းရွှေကြူးက ပြောပါတယ်။
မိသားစုနဲ့ထောင်ဝင်စာတွေ့စဉ်တုန်းကလည်း လက်ရှိအစိုးသစ်လက်ကို စိုင်းညွန့်လွင်က “အစိုးရသစ်တက်လာတော့ ငါတို့လည်း မျှော်လင့်တာပေါ့။ တကယ့်တကယ်တော့ ဒီအတိုင်းပဲ ဘာမှ ပြောင်းလဲမှုမရှိဘူး”လို့ ပြောတာကို ကြားသိရကြောင်း စိုင်းရွှေကြူးက ဆိုပါတယ်။
စိုင်းညွန့်လွင် အဖမ်းမခံရခင်အထိ ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (SNLD)ရဲ့ အထွေထွေအတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သလို (UNA) ခေါ် ညီညွတ်သော တိုင်းရင်းသားလူမျိုးစုများ မဟာမိတ်အဖွဲ့ရဲ့ အတွင်းရေးမှူးအဖွဲ့ဝင် အဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့ပါတယ်။