Home
ဆောင်းပါး
တောင်တရုတ်ပင်လယ်ထဲက မီးပွားတွေ
DVB
·
November 2, 2015
တရုတ်နိုင်ငံကတော့ တောင်တရုတ်ပင်လယ်ထဲက သူတို့ ဖန်တီး ပြုလုပ်ထားတဲ့ လူလုပ်ကျွန်းတခု အနားအထိ ပဲ့ထိန်းဒုံးကျည် ပစ်လွှတ်နိုင်တဲ့ ဖျက်သင်္ဘော ယူ အက်စ်အက်စ်လာဆင်ကို စေလွှတ်ခဲ့တဲ့အတွက် မခံမရပ်နိုင် ဒေါသဖြစ်ပြီး တရုတ်နိုင်ငံက နောက်က ခြေရာခံလိုက်ကြည့်ခဲ့၊ သတိပေးခဲ့တယ်လို့ ပြောဆိုခဲ့ပြီး တရုတ်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးကိုလည်း ခေါ်ယူတွေ့ဆုံ သတိပေးခဲ့တဲ့အထိ ဖြစ်သွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ အင်္ဂါနေ့က တရုတ်နိုင်ငံက စပရက်တလေကျွန်းစုနားမှာ သူတို့ တည်ဆောက်ထားတဲ့လူ လုပ်ကျွန်းတွေအနား ရေပြင်ပိုင်နက်ထဲကို ရေမိုင် ၁၂ မိုင်အထိ ယူအက်စ်အက်စ် လာဆင် ဖျက်သင်္ဘောက ကင်းလှည့် ၀င်ရောက်လာခဲ့တာဟာ အမေရိကန် ပြည်ထောင်စုရဲ့ အကြီးမားဆုံး စိန်ခေါ်မှုဖြစ်တယ်လို့ တရုတ်နိုင်ငံက ပြောဆိုပြစ်တင်လိုက်ပါ တယ်။ အမေရိကန်သမ္မတ ဘားရက် အိုဘာမားရဲ့ သမ္မတ သက်တမ်းအတွင်းမှာ အမေရိကန်ရဲ့ လှုပ်ရှားဆောင်ရွက်မှုတွေနဲ့ ပတ်သက်ပြီး ကမ္ဘာ့ အထူထပ်ဆုံး သင်္ဘောလမ်းကြောင်းဖြစ်တဲ့ ဒီတောင်တရုတ်ပင်လယ်ဒေသနဲ့ ပတ်သက်ပြီး တရုတ်နဲ့ အမေရိကန်ဆက်ဆံရေးမှာ အဖုအထစ်တွေ ရှိလာခဲ့တာ လအတော်ကြာခဲ့ပြီလို့ ပြောရမှာပါ။ အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန တာဝန်ရှိ အရာရှိတယောက်ကတော့ ဖျက်သင်္ဘော လာဆင်ဟာ အမေရိကန်ပြည်ထောင်စုနဲ့ မဟာမိတ်စာချုပ်ချုပ် ဆိုထားတဲ့ ဗီယက်နမ်နဲ့ ဖိလစ်ပိုင်နိုင်ငံတွေက ပိုင်နက်ဆိုင်ရာ တောင်းဆိုထားတဲ့ အငြင်းပွားနေဆဲဖြစ်တဲ့ ပင်လယ်ရေပြင် ကို ရေမိုင် ၁၂ မိုင် အတွင်းထိ ၀င်ရောက်သွားခဲတာဟာ လွတ်လပ်စွာ ရေကြောင်းသွားလာခွင့် အရ ကင်းလှည့်မှုတခုသာဖြစ်ပြီး နောက်လည်း မကြာခဏ အဲဒီလိုလုပ်ဖို့ ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။ အမေရိကန်ဖျက်သင်္ဘောဟာ လွန်ခဲ့တဲ့နှစ် တရုတ်နိုင်ငံက တည်ဆောက်ခဲ့တဲ့ လူလုပ်ကျွန်း ၇ ခုထဲက တခုဖြစ်တဲ့ ဆူဗီ သန္တာကျောက်တန်းနဲ့ ရေမိုင် ၁၂ မိုင် အတွင်း ၀င်ရောက်သွားခဲ့တာ ဖြစ်ပါတယ်။ ဒါကို တရုတ် ပဲ့ထိန်းဒုံးကျည်တပ် ဖျက်သင်္ဘောတစီးနဲ့ ကင်းလှည့်သင်္ဘောတစင်းက နောက်ကလိုက်လံစောင့်ကြည့်ခဲ့ပြီး ဥပဒေအရ သတိပေးခဲ့တယ်လို့ တရုတ်ကာကွယ်ရေး ၀န်ကြီးဌာနက ဆိုပါတယ်။ တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် နေ့စဉ်သတင်းစာရဲ့ ဗုဒ္ဓဟူးနေ့ထုတ်ရှေ့ဖုံးမှာတော့ အမေရိကန်ဟာ အီရတ်နဲ့ အာဖဂန်နိုင်ငံမှာ တွေ့ခဲ့ရတဲ့ သူရဲ့ အင်အားပြမှုတွေရဲ့ ရလဒ် မတည်မငြိမ်ဖြစ်မှုတွေ၊ ၀ရုန်းသုန်းကားဖြစ်မှုတွေကို သင်ခန်းစာ ယူ သင့်ပြီလို့ ဝေဖန်ရေး ဆောင်းပါးတပုဒ် ထည့်သွင်းဖော်ပြခဲ့ပါတယ်။ တကယ့်အခိုင်အမာရှိနေတဲ့ အချက်တွေအရ အမေရိကန် ပြည်ထောင်စုဟာ အင်အားသုံးပြီး စစ်ပွဲတွေကို စတင်နေပြီး ပဋိပက္ခမှာ တိုက်ရိုက်ပါဝင်ပတ်သက်နေတဲ့နိုင်ငံတွေကို အဆိုးဝါးဆုံး အန္တရာယ်ဖြစ်စေနိုင်တဲ့ မတည်မငြိမ် ဖြစ်စေမှုတွေကို လှန်ဆွပေးနေတာဖြစ်တယ်လို့ အဲဒီ ဆောင်ပါးက ဖော်ပြပြောဆိုခဲ့ပါတယ်။ အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနကတော့ ယူအက်စ်အက်စ်လာဆင်ဟာ လိုက်လာတဲ့ တရုတ်သင်္ဘောနဲ့ လုံခြုံစိတ်ချရတဲ့ အကွာအဝေးအတွင်းမှာ မောင်းနှင်ခဲ့ပြီး ရေမိုင် ၇၂ မိုင်(၁၁၅ ကီလိုမီတာ) အတွင်း ဘာပြသနာမှ မဖြစ်ခဲ့ဘူးလို့ သတင်းပေးပို့ထားခဲ့ပါတယ်။ လာဆင်ဟာ ဒီကင်းလှည့်မှု မတိုင်ခင် တရုတ်စစ်သင်္ဘောတွေက လိုက်ပါစောင့်ကြည့်ခဲ့တာကို သတင်းပတ်နဲ့ချီပြီး ခံခဲ့ရတယ်လို့လည်း ပြောပါတယ်။ ဒီလို လှုပ်ရှားမှုမျိုးကို ရန်လိုတယ်လို့ သဘောမထားသင့်ဘဲ နောက်ပိုင်းမှာ ပုံမှန် စစ်ရေးလှုပ်ရှားမှုတခု ဖြစ်လာမယ်လို့ မျှော်လင့်တဲ့ အကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန တာဝန်ရှိ အရာရှိတယောက်က ပြောပါတယ်။ တကယ်တော့ တရုတ်နိုင်ငံက နှစ်စဉ်နှစ်တိုင်း အမေရိကန်ဒေါ်လာ ၅ ထရီလီယံ တန်ဖိုးလောက်ရှိတဲ့ ကုန်သွယ်လမ်းကြောင်းဖြစ်တဲ့ တောင်တရုတ်ပင်လယ်ပြင် တ၀ှမ်းလုံးနီးပါးကို သူ့ပိုင်နက်ဖြစ်တယ်လို့ အခိုင်အမာ တောင်းဆိုပြီး လူလုပ်ကျွန်းတွေ ဖန်တီးတိုးချဲ့နေတဲ့အတွက် ဒီရေပြင်ပိုင်နက်ဟာ သူတို့လည်း ပိုင်ဆိုင်တယ်လို့ တောင်းဆိုနေကြတဲ့ ဗီယက်နမ်၊ မလေးရှား၊ ဘရူနိုင်း၊ ဖိလစ်ပိုင်နဲ့ ထိုင်ဝမ်နိုင်ငံတွေနဲ့ အငြင်းပွားနေတာကာလ ကြာလာခဲ့ပြီ ဖြစ်ပါတယ်။ တရုတ်နိုင်ငံကလည်း ကျားကုတ်ကျားခဲ သူ့ပိုင်နက်ပါလို့ပြောပြီး တောင်းဆိုနေပါတယ်။ ခု အမေရိကန် ရေတပ်ဖျက်သင်္ဘောရဲ့ ကင်းလည့်မှု ကို တရုတ်နိုင်ငံက သံအမတ်ကြီးကို ခေါ်ယူတွေ့ဆုံ သတိပေးခဲ့တဲ့အထိ ကန့်ကွက်ခဲ့တဲ့အတွက် အမေရိကန် အထက်လွှတ်တော် လက်နက်ကိုင်တပ်များ ဆိုင်ရာရေးရာ ကော်မတီက ပြီးခဲ့တဲ့ အင်္ဂါနေ့က ကာကွယ်ရေးဝန်ကြီး အက်ရှ်ကာတာကို ခေါ်ယူစစ်ဆေးခဲ့ပါတယ်။ အစပိုင်းမှာ အမေရိကန်ပြည်ထောင်စုရေတပ်က တောင်တရုတ်ပင်လယ်ပြင်အတွင်း စစ်ရေးအရ လှုပ်ရှားဆောင်ရွက်မှု ပြုလုပ်တာတွေ ရှိခဲ့တယ်လို့ ထွက်ဆိုခဲ့ပြီး အထက်လွှတ်တော်ရေးရာ ကော်မတီက မေးမြန်းမှုတွေကို ဖြေကြားရာမှာတော့ ယူအက်စ်အက်စ်လာဆင်ဟာ တရုတ်နိုင်ငံရဲ့ လူလုပ်ကျွန်း တခုရဲ့ ရေမိုင် ၁၂ မိုင်အတွင်းကို ဖြတ်သွားခဲ့တယ်လို့ ထွက်ဆိုခဲ့ပါတယ်။ တရုတ်ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဇန်ရီဆွီကတော့ အမေရိကန်သံအမတ်ကြီး မက်ခ်ဆ် ဘောင်းကပ်စ်ကို အဲဒီ ကင်းလှည်မှုဟာ အလွန်အမင်း တာဝန်မဲ့မှု ဖြစ်တယ်လို့ ပြောဆိုခဲ့တယ်လို့ဆိုပါတယ်။ တရုတ်ကာကွယ်ရေးဌာနရဲ့ အစပိုင်းပြောကြားမှုကတော့ ယူအက်စ်အက်စ် လာဆင်ဟာ စပရက်တလေကျွန်းစုတွေနဲ့ သန္တာကကျောက်တန်းတွေ နားကို တရားမ၀င် ၀င်ရောက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ လူခင်းကလည်း တကယ်လို့ အမေရိကန်ပြည်ထောင်စုက ဒေသတွင်း တင်းမာမှုတွေ ဖြစ်ပေါ်လာအောင် ဆက်ပြီး ဖန်တီးနေမယ်ဆိုရင်တော့ တရုတ်နိုင်ငံအနေနဲ့ တောင်တရုတ်ပင်လယ်မှာ စစ်တပ်အင်အား ချထားမှု ကို ပိုပြီး တိုးချဲ့ရလိမ့်မယ်ဆိုတဲ့ သဘော ဝေဖန်ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။ လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူတွေကတော့ တရုတ်နိုင်ငံဟာ အရှေ့တောင်အာရှဒေသနဲ့ ဒေသ လွန် ပင်လယ်ရေပြင်တွေအထိ နက်နက်ရှိုင်းရှိုင်း သူအင်အား တိုးချဲ့ဖို့ ရည်ရွယ်ချက်တွေ ရှိနေခဲ့ပြီး အမေရိကန်ကလည်း လွတ်လပ်စွာ သွားလာ ကင်းလှည့်ခွင့်အရ ပုံမှန်အတိုင်း ဆက်ပြီးဆောင် ရွက်နေတာဖြစ်တယ်လို့ သုံးသပ်ပြောဆိုကြပါတယ်။ တချို့ကတော့ တရုတ်နိုင်ငံက အမေရိကန်ပြည်ထောင်စုရဲ့ အဲဒီ ပုံမှန်ဆောင်ရွက်မှုတွေကို ဥပမာအားဖြင့် အမေရိကန်ရေတပ်သင်္ဘောတွေကို ပိတ်ဆို့တာ၊ ၀ိုင်းထားဖို့ ကြိုးစားတာမျိုးအထိ ခုခံ လုပ်ဆောင်လာနိုင်ခြေ ရှိတယ်လို့ဆိုပါတယ်။ တကယ်တော့ တရုတ်နိုင်ငံက စပရက်တလေကျွန်းနဲ့ မြောက်ဖက် ပရာဆဲလ်ကျွန်းတွေကို ပိုင်ဆိုင်မှု တောင်းဆိုနေတာဟာ ပထ၀ီ ဆိုင်ရာ နီးစပ်မှုထက် သမိုင်းဆိုင်ရာအခြေချမှုက ပိုများပါတယ်။ တရုတ်အစိုးရက အလှမ်းဝေးတဲ့ နေရာအထိ တည်ဆောက်ရေးလုပ်ငန်းတွေ လုပ်လာပြီး စပရက်တလေကျွန်းစု ရဲ့ အနာဂတ်အရေး ဒေသဆိုင်ရာညှိနှိုင်းဆွေးနွေးဖို့ တောင်းဆိုနေကြတာကို ဂရုမစိုက်ဘဲ သူရဲ့တောင်းဆိုမှုကို ပိုပြီး ခိုင်မာ အားကောင်းအောင် ရေတပ်လှုပ်ရှားမှုတွေကိုပါ တိုးချဲ့လုပ်ဆောင်လာတာကို တွေ့ရပါတယ်။ ဒီရေပြင်ပိုင်နက်ကို တောင်းဆိုနေတဲ့ တခြားနိုင်ငံတွေကလည်း သန္တာကျောက်တန်းတွေပေါ်မှာ ရှေ့တန်းကင်းစခန်းတွေ ထိမ်းသိမ်းထားတာတွေ ရှိပေမယ့် တရုတ်နိုင်ငံကတော့ သတိပြုမိစရာ လူလုပ်ကျွန်းတွေ ဖန်တီး တည်ဆောက်ပြီး ပထ၀ီအနေအထားကို ပြောင်းဖို့ ကြိုးစားလာတာဖြစ်တယ်လို့ ပြောလို့ရပါတယ်။ ၂၀၁၅ ခုနှစ် မေလမှာ အမေရိကန်အစိုးရတာဝန်ရှိသူတွေက တရုတ်နိုင်ငံဟာ လွန်ခဲ့တဲ့ ၁၈ လ အတွင်း သူတို့ရဲ့ ရှေ့တန်းကင်း စခန်းတွေအတွက် မြေဧက ၂၀၀၀ ထပ်တိုးချဲ့ခဲ့တယ်လို့ ထောက်ပြပြောဆိုခဲ့ပါတယ်။ အဲဒီလို တရုတ်ရဲ့ ပင်လယ်ပြင်ဆိုင်ရာ အင်အား ဆန့်ထုတ် လာတာကို ပိုပြီးသတိထားလာပြီး တရုတ်နိုင်ငံရဲ့ တောင်းဆိုမှုတွေကို ရေကြောင်းအရရော လေကြောင်းအရပါ ဆန့်ကျင်စိန်ခေါ်ဖို့ အမေရိကန်က ဆုံးဖြတ်ခဲ့ပါတယ်။ ခု အင်္ဂါနေ့ စပရက်တလေ ကျွန်းစုနားကို အမေရိကန်က လွတ်လပ်စွာ သွားလာကင်းလှည့်ခွင့်အရ ကင်းလှည့်ဝင်ရောက်ခဲ့တာဟာ တရုတ်နိုင်ငံရဲ့ ၂၀၁၂ ခုနှစ်က စတင်တောင်းဆိုလာတဲ့အချိန် ကတည်းက ဒါပထမဆုံးလို့ ဆိုပါတယ်။ တဘက်ကလည်း တခုတည်းသော မဟာအင်အားကြီးနိုင်ငံ အမေရိကန်၊ တဘက်ကလည်း စီပွားရေး ဒုတိယအင်အားအကြီးဆုံးနဲ့ အင်အားကြီးဖို့ အပြင်းအထန် ကြိုးစားနေတဲ့ ကမ္ဘာ့လူဦးရေ အများဆုံး တရုတ်နိုင်ငံ ဖြစ်နေတော့ ဒီ ၂ နိုင်ငံကြား ဆက်ဆံရေးတင်းမာလာတာဟာ ဒေသတွင်းနဲ့ တကမ္ဘာလုံး အတိုင်းအတာအထိ ကောင်းတဲ့လက္ခဏာ မဖြစ်နိုင်ပါဘူး။ ဒီတောင်တရုတ်ပင်လယ်နဲ့ ဒီကျွန်းစုတွေ ပိုင်ဆိုင်ရေး တောင်းဆိုနေကြ၊ စောင်နေတဲ့ကိစ္စကို ကုလသမဂ္ဂ အပါအ၀င် ကြားနိုင်ငံတွေက စေ့စပ်ညှိနှိုင်း အဖြေရှာ တရားမျှတအောင် ဆောင်ရွက်ပေးကြဖို့ လိုပါတယ်။ စစ်လက်နက်အင်အားသုံးလာတဲ့ အခြေအနေအထိ ရောက်မလာသင့်ဘူးလို့ ယူဆသလို ၂ နိုင်ငံလုံးက ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ကြဖို့ အရေးကြီးတဲ့အကြောင်း တင်ပြလိုက်ရပါတယ်။ စိုးနေလင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024