DVB Logo
Home
မြန်မာသတင်း
ဩစေၾတးလ် နိုင်ငံခြားရေးဝန်ကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံ
DVB
·
July 2, 2011
ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံ
Donate to DVB

လက်ရှိ မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့  ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီးနဲ့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် တခြားနိုင်ငံပါတီနဲ့ ဒီနေ့ ရန်ကုန်မြို့မှာ တွေဆုံခဲ့ကြတယ်။

ဒေါ်အောင်ဆန်းစုကြည်နှင့် မစ္စတာ ကယ်ဗင်ရပ်ဒ် တွေ့ဆုံစဉ် (ဓာတ်ပုံ-ရိုက်တာ)

ပထမဆုံးအနေနဲ့ မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီးမစ္စတာ ကယ်ဗင်ရပ်ဒ် (Kevin Rudd)ဟာ  ဒီနေ့ခင်းပိုင်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူးချုပ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗဟိုအလုပ်အမှုဆောင် ဦးဟံသာမြင့်တို့နဲ့ ရုံးအဖွဲ့တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

ဒီနေ့ နေ့ခင်း ၁၂ နာရီလောက် ဩစတြေးလျန်ကလပ်မှာ တွေ့ဆုံခဲ့တာဖြစ်ပြီး ဒီတွေ့ဆုံမှုအတွင်း ပြောဆိုတဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပြောခွင့်ရ ဦးအုန်းကြိုင်က အခုလို ပြောပါတယ်။

“အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့ကို နေ့လည်စာ တည့်ခင်း ဧည့်ခံရင်းနဲ့ လက်ခံတွေ့ဆုံပါတယ်။ အဲဒီတွေ့ဆုံပွဲမှာ ဩစတြေးလျနိုင်ငံခြားရေး ၀န်ကြီးက ဩစတြေးနိုင်ငံက မြန်မာနိုင်ငံကို လူမှုရေး ထောက်ပံ့ပေးနေတဲ့ ကိစ္စတွေကို ကျယ်ကျယ်ပြန့်ပြန့် ရှင်းပြတယ်လို့ သိရပါတယ်။”

မစ္စတာ ကယ်ဗင်ရပ်ဟာ ဒီနေ့ မွန်းလွဲပိုင်း ၂ နာရီမှာလည်း အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ)နဲ့  တိုင်းရင်းသားပါတီက ရခိုင်၊ ချင်း၊ မွန်၊ ကချင်၊ ကရင်က ပါတီ ခေါင်းဆောင် တချို့နဲ့ အတူတွေ့ဆုံခဲ့ပါတယ်။

ဒီတွေ့ဆုံမှုအတွင်း ဩစတြေးလျ သံအမတ်ကြီး ဆွေးနွေးပြောဆိုတာနဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ခေါင်းဆေင်  ဦးခင်မောင်ဆွေက အခုလို ပြောပါတယ်။

“သိပ်ထွေထွေထူးထူးတော့ မရှိပါဘူး။ ဒီမှာဖြစ်နေတဲ့အဖြစ်အပျက်တွေ ကျနော်တို့ကို မေးတာပါပဲ။ ဒီမိုကရေစီအပြောင်းအလဲပေါ်မှာ ဘယ်လိုမြင်သလဲပေါ့။ နောက်ပြီး ကျနော်တို့တိုင်းပြည်မှာ နိုင်ငံရေးသမား လူငယ်လူရွယ်တွေကို capacity လုပ်ပေးဖို့ အစီအစဉ်ရှိတယ်ပေါ့။ ဘယ်လိုလုပ်ရင်ကောင်းမလဲ ဆိုတာကို ဆွေးနွေးကြပါတယ်။ ကျနော်တို့ပါတီတွေကိုလည်း ဒီအပြောင်းလဲတွေကို ဘယ်လို ဖြစ်သလဲပေါ့။ အပြောင်းအလဲကတော့ ဖြည်းဖြည်းချင်းတော့ သွားမှာပဲ။ ချက်ချင်းကြီး ပြောင်းဖို့ဆိုတာ မလွယ်ပါဘူး။ အဲတော့ ဒီလိုအဟန့်အတားတွေ အခက်အခဲတွေ အများကြီး ရှိတာတွေလည်း ပြောပါတယ်။ နောက်ပြီး နယ်စပ်ကိစ္စတွေမှာလည်းပဲ အခြေအနေမှန်တွေကို သိနိုင်တဲ့ဟာတွေပေါ့ဗျာ။ ဥပမာ နယ်စပ်မှာ ပစ်တာခတ်တာကတဖက်၊ ဆွေးနွေးပွဲလုပ်နေတာက တဖက် လုပ်နေတဲ့ အကြောင်းပေါ့။ ဆွေးနွေးပွဲတွေက စတော့စနေပြီ ပြေလည်မယ် မပြေလည်ဘူးဆိုတာ မသိနိုင်သေးဘူး။ စေတနာမှန်လို့ရှိရင်တော့ ပြီးသွားနိုင်တာပေါ့ဗျာ။

“ကျနော်တို့ကလည်း အဆိုပြုပါတယ်။ ဒါကတော့ စေတနာမှန်မှန်နဲ့ အပစ်ခတ်ရပ်စဲပြီးတော့ ဆွေးနွေးပွဲ လုပ်လာဖို့လိုပါတယ်။ အဲလိုလုပ်တဲ့အခါမှာ လွတ်တော်ထဲကနေပြီး ကော်မီတီတရပ်ဖွဲ့ပြီး အဲဒီကော်မီက တာဝန်ယူပြီးတော့ ကချင်တခုတည်းမဟုတ်ဘဲနဲ့ အခြားတိုင်းရင်းသားတွေပါ ခေါ်ယူပြီး တပ်မတော်ဘက်ကရော၊ နိုင်ငံရေးသမား ပါတီတွေ နောက် သာမန် တိုင်းရင်သား အဖွဲ့အစည်းက ပုဂ္ဂိုလ် အပါအ၀င် နိုင်ငံအရေး ဘယ်လို ရှေ့ဆောင်ရွက်ကြမယ်ဆိုတဲ့ ကတိက၀တ်တွေ၊ သဘောတူညီမှုတွေ ရှာဖို့လိုပြီလို့ ကျနော်တို့ ပြောကြပါတယ်။”

၁ ရက်နေ့ မွန်လွဲပိုင်းက မစ္စတာကယ်ဗင်ရပ်ဒ်ဟာ သမ္မတ ဦးသိန်းစိန်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် အပါအ၀င် တခြားစိုးရအဖွဲ့ဝယ်တွေနဲ့ တွေ့ဆုံခဲ့သလို ပြည်ထောင်စု လွှတ်တော် နာယက ဦးခင်အောင်မြင့်နဲ့လည်း တွေ့ဆုံခဲ့ကြောင်း ဒီနေ့ထုတ် မြန်မာ့အလင်းသတင်းစာမှာ ဖော်ပြထားပါတယ်။

အစိုးရအဖွဲ့နဲ့ တွေ့ဆုံမှုအတွင်း နှစ်နိုင်ငံဆက်ဆံရေးနဲ့ ပူးပေါင်းဆောက်ရွက်ရေး မြင့်တင်ဖို့အတွက် ဆွေးနွေး ပြောဆိုကြတယ်လို့ သတင်းစာမှာ ဖော်ပြထားပါတယ်။

မစ္စတာ ကယ်ဗင်ရပ်ဒ်ဟာ ပြီးခဲ့တဲ့ ကြာသပတေးနေ့က မြန်မာနိုင်ငံကို ရောက်လာတာ ဖြစ်ပြီး သူ့ရဲ့ ၃ ရက်ကြာ မြန်မာခရီးစဉ်အတွင်း သမ္မတ ဦးသိန်းစိန်နဲ့ အစိုးရတာဝန်ရှိသူတွေ အပြင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်သားတွေ၊ တခြားနိုင်ငံရေးပါတီတွေ၊ အန်ဂျီအို အဖွဲ့တွေနဲ့ တွေ့ဆုံဖို့ စီစဉ်ထားခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ဒီမိုကရေစီ ပြုပြင်ရေးတွေ လုပ်ဆောင်ဖို့ တောင်းဆိုနေတဲ့ ဩစတြေးလျနိုင်ငံအနေနဲ့ အခု နိုင်ငံခြားရေးဝန်ကြီးရဲ့ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ထပ်ပြီး တောင်းဆိုဖို့ ရှိတယ်လို့ ပြီးခဲ့တဲ့အပတ် မြန်မာနိုင်ငံကို မလာခင်မှာ မစ္စတာရပ်ဒ်က ကြေညာချက်ထုတ်ပြန် ပြောဆိုခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013