DVB Logo
Home
မြန်မာသတင်း
ရှမ်းပြည်တပ်မတော်မြောက်ပိုင်း ဌာနချုပ်ကို အစိုးရ လက်နက်ကြီးဖြင့် ပစ်ခတ်
DVB
·
October 29, 2015
ရှမ်းပြည်တပ်မတော်မြောက်ပိုင်း ဌာနချုပ်ကို အစိုးရ လက်နက်ကြီးဖြင့် ပစ်ခတ်
Donate to DVB

ရှမ်းပြည်တပ်မတော်မြောက်ပိုင်း ဌာနချုပ်ရှိရာဘက်ကို အစိုးရတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တဲ့အတွက် လူနေအိမ်၊ မော်တော်ကားနဲ့ အိမ်မွေးတိရစ္ဆာန်တွေပါ ထိမှန်ပျက်စီး ဆုံးရှုံးခဲ့ပါတယ်။

အောက်တိုဘာ ၂၈ ရက် ညသန်းခေါင်ကျော်အချိန်က ဌာနချုပ် ၀မ်ဟိုင်းရဲ့ ၄ မိုင်လောက် အကွာမှာ ရောက်နေတဲ့ ခမရ ၅၇၅ အစိုးရတပ်က ကျူမောက်ခေါဝ် တောင်ကုန်းပေါ်ကနေ လက်နက်ကြီးနဲ့ လှမ်းပစ်ခဲ့တာလို့ ရှမ်းပြည်တပ်မတော်မြောက်ပိုင်း ပြောခွင့်ရ ဗိုလ်မှူးကြီး စိုင်းလက ဒီဗွီဘီကို ပြောပါတယ်။

"မနေ့ည ၁၂ နာရီနဲ့ ဒီနေ့မနက် ၁ နာရီကြား သန်းခေါင်ကျော်အချိန်မှာ အစိုးရတပ်က ၁၂၀ မမနဲ့ပစ်တယ်၊ ၀မ်ဟိုင်းရွာထဲကို ၈ လုံးကျတယ်။ ဒါဟာ ကျနော်တို့ဌာနချုပ်ကို စတင်ထိပါးလာပြီလို့ ပြောလို့ရပါတယ်။ ဒီမတိုင်ခင် ၀မ်လွေဘက်မှာ သူတို့ ၁၆ ရက်နေ့က တက်သိမ်းထားတဲ့ ကျနော်တို့ စခန်းတခုကို ကျနော်တို့ဘက်က ၂၇ ရက်နေ့ညက ပြန်သိမ်းတယ်။ အဲဒါကို မကျေနပ်လို့ အခုလိုပြန်လုပ်တာ ဖြစ်နိုင်တယ်။  ကျနော်တို့ အတတ်နိုင်ဆုံး ကိုယ့်ကိုယ်ကိုယ် ကာကွယ်နေတယ်၊ လုံခြုံရေးတွေ စီစဉ်နေပါတယ်။"

မနေ့က သန်းခေါင်ကျော်မှာ ပစ်လိုက်တဲ့ လက်နက်ကြီးစတွေဟာ ၀မ်ဟိုင်း စာသင်ကျောင်းဝင်းထဲမှာရော ရွာထဲမှာပါ ကျခဲ့ကြောင်း၊ ရိုးရိုးအရပ်သားတွေ နေထိုင်တဲ့ အိမ် ၂ လုံး နံရံတွေပေါက်ပြီး အိမ်မှာရပ်ထားတဲ့ ကားတစီးပျက်စီးကာ သူတို့မွေးထားတဲ့ ခွေးတကောင်ပါ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

လက်နက်ကြီးနဲ့ ပစ်ခတ်လိုက်တဲ့အချိန်ဟာ စာသင်ကျောင်းအနီးက ဘုန်းကြီးကျောင်းဝင်းထဲမှာ ကျောင်းသူကျောင်းသား ၂၀၀ ကျော်နဲ့ ဒေသခံရွာသားတွေ ၀ါကျွတ်မီးပူဇော်ပွဲ ကျင်းပချိန်ဖြစ်တဲ့အတွက် အားလုံး အထိတ်တလန့် ထွက်ပြေးခဲ့ကြပါတယ်။

ဒီနေ့မနက်မှာ တိုက်ပွဲအခြေအနေ မသိရပေမယ့် အောက်တိုဘာ ၂၈ ရက် မနက်ကတော့ မိုင်းရှူးမြို့နယ် မိုင်းအတ်ရွာရဲ့ တောင်ဘက်မှာ ထိတွေ့ပစ်ခတ်မှုတွေ ရှိခဲ့တယ်လို့ ဗိုလ်မှူးကြီးစိုင်းလက ပြောပါတယ်။

တပြည်လုံးအပစ်ခတ်ရပ် လက်မှတ်ရေးထိုးဖို့အဆင်မသင့်သေးတဲ့ ရှမ်းပြည်တပ်မတော် မြောက်ပိုင်းအဖွဲ့ကို အစိုးရတပ်က အောက်တိုဘာလ ၆ ရက်နေ့ကစပြီး အင်အားဖြည့်ဆည်း ထိုးစစ်ဆင်နေရာမှာ လောလောဆယ် အဲဒီအနီးတ၀ိုက်မှာ ခိုလမ်အခြေစိုက် ရလခ လက်အောက်ခံ တပ်၊ မိုင်းနောင်အခြေစိုက် စကခ - ၂ နဲ့  မိုင်းပန်အခြေစိုက် စကခ - ၁၇ လက်အောက်ခံ တပ်ရင်းပေါင်း ၁၀ ခု၊ အင်အား ၆၀၀ လောက် ရောက်ရှိနေတာလို့  SSA/SSPP ပြန်ကြားရေးဌာနက ပြောပါတယ်။

တစ်လနီးပါး ကြာမြင့်လာတဲ့ ပစ်ခတ်မှုတွေအတွင်း ၂ ဘက်စစ်သည်တွေ ထိခိုက်ဒဏ်ရာရ သေဆုံးခဲ့ရပြီး ကျေးလက်တောရွာနေ ပြည်သူပေါင်း ၃၀၀၀ ကျော်လည်း ဘေးလွတ်ရာကို ထွက်ပြေးနေရဆဲ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013