Sunday, May 28, 2023
Homeရင်ဖွင့်စာ/ပေးစာကျောက်ပန်းတောင်း ဆေးရုံ ဆရာဝန်ကြီးရဲ့ စရိတ်မျှပေးဆေးဆိုင်

ကျောက်ပန်းတောင်း ဆေးရုံ ဆရာဝန်ကြီးရဲ့ စရိတ်မျှပေးဆေးဆိုင်

မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့နယ် ပြည်သူ့ဆေးရုံမှာ လက်ရှိ တာဝန်ထမ်းဆောင်နေတဲ့ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာယုဝေနဲ့ စာရေးကြီး စိုးရွှေတို့ဟာ မွေးစားရင်း ထုတ်ပေးရာမှာ တစောင် တထောင်ကျပ် ပေးမှသာ လက်မှတ်ရေးထိုး ထုတ်ပေးပါတယ်။

ကျနော်တို့ ဆေးရုံမှာ အရင်တုန်းက ၀န်ထမ်းသက်သာဆိုပြီးတော့ ကော်မတီဖွဲ့စည်းထားတာ ရှိပေမယ့် အဲဒီကော်မတီနဲ့ ညှိနှိုင်းဆွေးနွေးမှု မရှိဘဲ သူတို့နှစ်ဦးတည်း တိုင်ပင်ပြီး ဆေးကုမ္ပဏီကနေ ဆေးတွေ မှာပြီးတော့ စရိတ်မျှပေး ဆေးဆိုင်က ငွေတွေနဲ့ မတည်ပြီးတော့ ဆရာဝန်ကြီးအတွက် ၁၅ ရာခိုင်နှုန်း အမြတ်တင်တယ်။ ဆေးတွေကို သူ့အိမ်မှာ သိလှောင်ထားပြီးတော့ ဆေးရုံဝန်ထမ်းသက်သာအတွက် ၁၅ ရာခိုင်နှုန်း ထပ်တင်တော့ ကျနော်တို့ ဒေသခံ ပြည်သူလူထုတွေ ဆေးရုံတက်တော့ ဆေးဈေးနှုန်းတွေက အပြင်ကထက် ပိုပြီးတော့ စရိတ်ကြီးမားနေတာပေါ့။

နောက်တချက်က ကိုယ်ဝန်ဆောင် မိခင်တွေအတွက် PNCB ပရောဂျက်ကနေပြီးတော့ HIV/AIDS ရှိမရှိ ဆေးရုံမှာ အခမဲ့ စစ်ဆေးပေးတယ်ဆိုတာ ဆရာဝန်ကြီးကိုယ်တိုင် သိလျက်သားနဲ့ ဆေးရုံမှာ စစ်ဆေးမပေးဘဲနဲ့ သူ့ရဲ့ နေအိမ်မှာပဲ တခါသုံးတွေနဲ့ စစ်ပြီးတော့ ဘီပိုး၊ စီပိုးနဲ့ HIV ရယ် စစ်ဆေးခနှုန်း တသောင်းကျပ် ယူပါတယ်။  နောက် ဆေးရုံက လူနာတွေကို မွေးဖွားပေးတဲ့အခါမှာ ရိုရိုး သာမန်မွေးကို နှစ်သောင်းခွဲ၊ ခွဲစိတ်မွေးဖွားခက သုံးသောင်းခွဲ တောင်းတယ်။ ဆေးရုံမှာ ကိုယ်လိုချင်တဲ့နေ့ ဆိုရင်တော့ ကျပ် တသိန်းပေါ့။ ဆေးဖိုးဝါးခအပြင် အလှူငွေလည်း တောင်းခံနေပါတယ်။ အခမဲ့ ထောက်ပံ့ပေးတဲ့ ဆေးဝါးတွေကိုလည်း ရောင်းချနေပါတယ်။ မြို့နယ်ဆရာဝန်ကြီးနဲ့ စာရေးပေါင်းလုပ်တဲ့ အတွက်ကြောင့် လက်ထောက်ဆရာဝန်တွေ၊ သူနာပြုဆရာမကြီးတွေက သူတို့နှစ်ယောက်ကို ကြောက်နေရပါတယ်။ ပြောတော့ ပြည်သူ့ဆေးရုံဆိုပြီး သူတို့ အိတ်ထဲပဲ ထည့်နေကြတယ်လေ။ ကျန်တဲ့သူတွေကိုလည်း သူတို့ဘက်ပါအောင် မဲဆွယ်နေပါတယ်။ ဒီအကြောင်းတွေ အထက်ကို တင်ပြထားပေမယ့် သက်ဆိုင်ရာလူကြီးတွေက အရေးမယူတဲ့အတွက် ဒီဗွီဘီကတဆင့် တင်ပြလိုက်ရပါတယ်။

ဆေးရုံဝန်ထမ်းတဦး

RELATED ARTICLES
- Advertisment -
Google search engine

Most Popular