DVB Logo
Home
မြန်မာသတင်း
ပင်စင်လစာများကို အစိုးရသစ်တိုးမြှင့်သတ်မှတ်ပေး
DVB
·
June 30, 2011
ပင်စင်လစာများကို အစိုးရသစ်တိုးမြှင့်သတ်မှတ်ပေး
Donate to DVB

အငြိမ်းစားနိုင်ငံဝန်ထမ်းတွေ ခံစားနေရရှိနေတဲ့ ပင်စင်လစာတွေကို အစိုးရသစ်က တိုးမြှင့်သတ်မှတ်ပေးလိုက်ပြီလို့ ဒီကနေ့ အစိုးရပိုင်ရုပ်မြင်သံကြားတွေမှာ ဖော်ပြလာပါတယ်။

ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ ဒီကနေ့ အစည်းအဝေးအပြီး အငြိမ်းစားဝန်ထမ်းတွေရဲ့ စားဝတ်နေရေး ပြေလည်စေဖို့ဆိုပြီး ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ၀န်ကြီးဦးလှထွန်းက ထုတ်ပြန် ကြေညာ သတ်မှတ်ပေးလိုက်တာလဲ ဖြစ်ပါတယ်။

ဒီလို တိုးမြှင့် သတ်မှတ်လိုက်တာကြောင့် ပင်စင်စား နိုင်ငံဝန်ထမ်းကြီးတွေ အနေနဲ့ ပင်စင်စတင်ယူခဲ့တဲ့ ရာထူးနဲ့ ကိုက်ညီတဲ့ လက်ရှိ နိုင်ငံဝန်ထမ်းတွေရဲ့ ပင်စင်လစာတွေ အတိုင်း လာမယ့် ဇူလိုင်လ ပင်စင်လစာက စတင်ပြီး ခံစားခွင့်ရရှိကြမှာလို့ အဲ့ဒီကြေညာချက်က ဆိုပါတယ်။

ဒီလိုသတ်မှတ်တဲ့ နေရာမှာတော့ နိုင်ငံဝန်ထမ်းတွေအပြင် လွတ်လပ်ရေး အကြိုကာလက စတင်ပြီး တော်လှန်ရေးကောင်စီနဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ခေတ်တွေက တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ နိုင်ငံရေးလုပ်ကိုင်ခဲ့သူတွေကို ချီးမြှင့်တဲ့ နိုင်ငံရေးပင်စင်လစာတွေလည်း ပါဝင်လာပါတယ်။

ပင်စင်တိုးမြှင့်ခံစားခွင့် ရရှိကြတဲ့ နိုင်ငံဝန်ထမ်း ပင်စင်စားတွေအနေနဲ့ မိမိတို့ရဲ့ မိခင်ဌာနဆိုင်ရာရုံးတွေနဲ့ နီးစပ်ရာပင်စင်ဦးစီးဌာနနဲ့ ရုံးခွဲတွေကို အထောက်အထား စုံလင် ယူဆောင် ဆက်သွယ်ကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

ဒ့ါအပြင် နိုင်ငံရေးပင်စင်စားတွေ အနေနဲ့လည်း သက်ဆိုင်ရာ မိခင်ဌာန၊ ပင်စင်ဦးစီးဌာနနဲ့ ရုံးခွဲ၊ ဒေသဆိုင်ရာအုပ်ချုပ်ရေးမှူးရုံးအဆင့်ဆင့်၊ လွှတ်တော်ရုံးကို အထောက်အထားတွေနဲ့ ဆက်သွယ်လုပ်ဆောင်ကြဖို့လည်း တိုက်တွန်းထားပါတယ်။

ဒီလို ပင်စင်လစာတွေကို တိုးမြှင့်သတ်မှတ်ပေးဖို့ ပြီးခဲ့တဲ့ ပြည်ထောင်စု လွှတ်တော်အစည်းအဝေးတွေမှာ လွှတ်တော် ကိုယ်စားလှယ်အချို့က အဆို တင်သွင်းခဲ့ကြတာကို ပယ်ချခဲ့ပြီးမှ အစိုးရက တိုးမြှင့်သတ်မှတ် ပေးလာတာလဲ ဖြစ်ပါတယ်။

ဒါနဲ့ပတ်သက်ပြီး ပင်စင်ကိစ္စအဆိုတွေမှာ ပါဝင်ဆွေးနွေးခဲ့တဲ့ တသီးပုဂ္ဂလ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးကြည်မြင့် (လသာ) မုဒိတာပွားကြိုပေမယ့်လည်း ဝေဖန်စရာတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။

“အရင်တုန်းက ပင်စင်စားကြီးတွေ ရတာနဲ့ အများကြီး ကွာခြားပြီးတော့ ရနေတဲ့အတွက် ဒါကို လုပ်ပေးရတာလေ။ ဒီလိုလုပ်လိုက်တဲ့အပေါ် ကျနော်တို့ကတော့ တမျိုးမြင်တာလေးတော့ ရှိတာပေါ့။ ကျနော်တင် မဟုတ်ပါဘူး။ ဂျာနယ်တွေမှာလည်း ရေးကြပါတယ်။ အခြေအမြစ် ကစပြီးတော့ ပြုပြင်ပြောင်းလဲဖို့ ဆိုတာ လိုအပ်သေးတယ်ပေါ့ဗျာ။ တခုချင်း ကိစ္စကို အများကြိုက်လုပ်ပေးတာမျိုး အပြင်ပေါ့ဗျာ။ တကယ့်တကယ် လုပ်သင့်တာကတော့ ငွေကြေးဈေးကွက်တို့၊ ဘဏ်လုပ်ငန်းတို့ ဟာမျိုးတွေပေါ့။ ၀င်ငွေကို လိုက်တိုးပေးနေမယ့်အစား ကုန်ဈေးနှုန်းကို ကျဆင်းအောင် လုပ်ဖို့ ဆိုတာမျိုးတွေပေါ့ဗျာ။ ဒါ ကျနော်တို့ မြင်တာ အဲဒါမျိုးတွေ ဖြစ်စေချင်တာပေါ့။ အစိုးရဘက်ကနေ အခုကျတော့ အများကြိုက် သဘောမျိုးတွေ လိုက်တာတော့ တွေ့ရတယ်။ ကုန်ဈေးနှုန်း ကျဆင်းရေး ကော်မတီဆိုတာတော့ အစိုးရက ဖွဲ့ထားတယ်။ ၀န်ကြီးတွေနဲ့ပေါ့ဗျာ။ သူ့ရဲ့ လုပ်ဆောင်ချက်က တမျိုးပေါ့။ ဒီနေရာမှာ ပြောလိုက်လို့ရှိရင် ပေါ်လစီ ရှေ့နောက် ညီညွတ်မှု မရှိတဲ့ ကိစ္စတွေ ဖြစ်လာနိုင်တာပေါ့။ လစာတိုးတောင်းသမျှ တိုးပေးတာမျိုး ရှိသလို တဖက်ကလည်း ကုန်ဈေးနှုန်း ကျဆင်းရေး မလုပ်ဘဲနေရင် တိုင်းပြည်  အလျင်မီပါ့မလားဆိုတဲ့ ပြဿနာတွေတော့ ရှိတာပေါ့။ ဒါကျနော် စီးပွားရေးပညာ ရှုထောင့်က ကြည့်တာပေါ့။”

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ စစ်ကောင်စီတွေ အုပ်ချုပ်ခဲ့တဲ့ ၁၉၈၈ ခုနှစ် နောက်ပိုင်း ၁၉၈၉ ခုနှစ်၊ ၁၉၉၃ ခုနှစ်နဲ့ ၂၀၀၀ ပြည့်နှစ်တို့တွင် ၀န်ထမ်းများ၏ လစာနှုန်း၊ ပင်စင်လစာနှင့်လုပ်ခများ တိုးမြှင့်သတ်မှတ်ပေးတာတွေ ပြုလုပ်ခဲ့ဖူး ပါတယ်။  ဒါ့အပြင် ၂၀၀၆ ခုနှစ်နဲ့ ၂၀၁၀ ပြည့်နှစ်တွေမှာလည်း ၀န်ထမ်းတွေရဲ့ လစာနှုန်းနဲ့ လုပ်ခတွေကို တိုးမြှင့်ပေးတာ ရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013