နယ်စပ်တိုက်ပွဲများနှင့်ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်၏ အမြင်သဘောထား
DVB
·
June 30, 2011
ကချင်ပြည်နယ်အပါအဝင် နယ်စပ်ဒေသတိုက်ပွဲတွေနဲ့ ပတ်သက်ပြီး မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမြင်သဘောထားတွေကို တင်ဆက်ထားပါတယ်။
ပထမဆုံးအနေနဲ့ အခုဖြစ်နေတဲ့ နယ်စပ်စစ်ပွဲတွေ ရပ်တန့်သွားဖို့က အမျိုးသားရင်ကြားစေ့ရေးလုပ်ဖို့ ငြိမ်ချမ်းရေး အရေးပါပုံတွေကို ခုလို ပြောသွားပါတယ်။
“ကျမနားလည်သလောက်ကတော့ အစိုးရဘက်ကတော့ ဒီဟာတွေအားလုံး ငြိမ်းချမ်းသွားပြီလို့ ဆိုပေမယ့်လည်း ကချင်တပ်တွေဘက်က ပြောတာတော့ ငြိမ်းချမ်းတယ်ဆိုတာ မဟုတ်သေးပါဘူး။ စပ်ကြားစပ်ကြား တိုက်ခိုက်မှုလေးတွေ ရှိနေသေးတယ်လို့ ဆိုပါတယ်။ ဒီဟာတော့ မဖြစ်သင့်တဲ့ ကိစ္စပါ။ ကျမတို့နိုင်ငံမှာ ငြိမ်းချမ်းပြီးတော့ တကယ့်ကို အားလုံးအတွက် ညီညီညွတ်ညွတ်နဲ့ လုံလုံခြုံခြုံဖြစ်တဲ့ တိုင်းပြည် ပြည်ထောင်စုတခု ဖြစ်ဖို့ဆိုရင် ဒီလိုကိစ္စမျိုးတွေက ပေါ်ကို မပေါ်သင့်ပါဘူး။ ကျမအနေနဲ့ ဒီလိုဟာတွေဖြစ်လာလို့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးအတွက် ပိုပြီးတော့ ကြိုးစားရမယ်လို့ ဒီလိုပဲမြင်တယ်။ တချို့ကတော့ ဒါက အမျိုးသားပြန်လည် ရင်ကြားစေ့ရေးကို ပျက်ပြားစေတယ်လို့ ဆိုတဲ့ဘက်က မြင်တာပေါ့နော်။ ကျမမြင်တာတော့ ပိုကြိုးစားဖို့လိုတယ်။ ဒီလိုကိစ္စတွေက ကျမတို့ကို သတိပေးနေသလိုပဲ။ ကျမတို့ဟာ အမျိုးသားရင်ကြားစေ့ရေး ဖြစ်အောင်မလုပ်လို့ရှိရင် နောင်ဒုက္ခအမျိုးမျိုး ဒီတိုင်းပြည်က တွေ့ကြုံရဦးမှာပဲလို့ သတိပေးနေသလို ဖြစ်တာကြောင့်မို့လို့ ဒီအဖြစ်အပျက်က ကျမတို့ အမျိုးသားရင်ကြားစေ့ရေးကို ပိုပြီးတော့ တန်ဖိုးထားရမယ်။ ရင်ကြားစေ့ရေးကို ဖြစ်မြောက်ရေးအတွက် ပိုကြိုးစားရမယ်၊ ကြိုးပမ်းဆောင်ရွက်ရမယ်လို့ ကျမ ဒီလိုမြင်ပါတယ်။ ငြိမ်းချမ်းရေးအတွက် အဓိကလိုအပ်ချက်ကတော့ နားလည်ဖို့ပဲလေ။ ဘယ်သူ့ကြားမှာပဲ ဖြစ်ဖြစ် ငြိမ်းချမ်းချင်တယ်ဆိုရင် ဟိုဘက်အမြင်ကို ဒီဘက်က နားလည်မှ၊ ဒီဘက်အမြင်ကို ဟိုဘက်ကနားလည်မှ၊ ဒါနားလည်မှုပေါ့။ နားလည်မှုကို အခြေမခံဘဲနဲ့တော့ ငြိမ်းချမ်းရေးဘက်ကို ရောက်ဖို့ဆိုတာ အင်မတန်မှ ခက်ပါတယ်။ အဲတော့ ဒီလိုနားလည်မှုကို ယူဖို့နေရာမှာတော့ အမြင်ကျယ်ဖို့လိုတယ်။ ကိုယ်လိုချင်တာ တခုတည်းကိုပဲ စဉ်းစားနေလို့ မဖြစ်ဘူး။ ကိုယ့်ရဲ့ ဆန္ဒတခုတည်းကိုပဲ ရှေ့တန်းတင်နေလို့ မဖြစ်ဘူး။ အများကောင်းကျိုးအတွက် ဘယ်လိုလုပ်သင့်သလဲ။ အများက ဘာလိုချင်သလဲ။ ကျမတို့ ပြည်သူပြည်သားအများစုက ငြိမ်းချမ်းရေးပဲ လိုချင်တာပဲ။ ကျမတို့ တယောက်မှ ဒီလိုတိုက်ခိုက်မှုတွေ ဖြစ်နေတာကို မလိုလားဘူး။ တိုက်ခိုက်မှုတွေ ဖြစ်တယ်ဆိုရင် ဘယ်နေရာမှာပဲ ဖြစ်ဖြစ် ကချင်မှာပဲဖြစ်ဖြစ်၊ ရှမ်းမှာပဲဖြစ်ဖြစ်၊ ကရင်မှာပဲဖြစ်ဖြစ်၊ မွန်မှာပဲဖြစ်ဖြစ်၊ ကျန်တဲ့ ရခိုင်တွေရော၊ ချင်းတွေရော၊ ဗမာတွေရော အင်မတန်မှ စိတ်ပူရတယ်။ စိတ်မကောင်းဖြစ်ရတယ်။ ဘာလို့လဲဆိုတော့ ကျမတို့က အားလုံးအတူတူပဲ။ ဒီနိုင်ငံထဲမှာ အတူတူနေကြသူတွေ ဖြစ်တယ်။ ဒီမြေပေါ်နေ၊ ဒီရေကိုသောက်၊ နေတဲ့သူတွေပဲ၊ ဘယ်စိတ်ချမ်းသာပါ့မလဲ။ အဲတော့ ငြိမ်းချမ်းရေး လိုချင်တယ်ဆိုရင် နံပါတ်တစ်က ဆန္ဒကတော့ ရှိရမှာပေါ့။ ကျမတို့ ရိုးရိုးပဲ တရားသဘောအရ၊ အောင်မြင်ခြင်းတရား လေးပါးရဲ့ သဘောအရ ပြောရမယ်ဆိုရင် ငြိမ်းချမ်းရေးရဖို့ဆိုတာ ငြိမ်းချမ်းရေးလိုချင်တဲ့ ဆန္ဒက ပထမပဲ။ အဲဒါနဲ့ စရမှာပဲ။”
ဆက်လက်ပြီး ကချင်ပြည်နယ်နဲ့ထိစပ်နေတဲ့ တရုတ်အစိုးရအပေါ်ထားရှိတဲ့ သဘောထားအမြင်ကိုလည်း ခုလို မှတ်ချက်ပေး ပြောပါတယ်။
“တရုတ်အစိုးရကလည်း ကျမတို့ မြန်မာနိုင်ငံသူ နိုင်ငံသားတွေရဲ့ ငြိမ်းချမ်းရေး လိုချင်တဲ့ စိတ်ဆန္ဒကို လေးစားပြီးတော့ တတ်နိုင်သမျှ လုပ်ပေးသင့်တယ်လို့ ကျမထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့တွေက အိမ်နီးနားချင်းတွေလေ။ ဟိုဘက်ဒီဘက်ပဲ။ ဟိုဘက်ဒီဘက် အင်မတန်မှ နီးကပ်နေတဲ့ အိမ်နီးနားချင်းတွေဟာ တဖက်အိမ်က မသာယာရင်၊ တဖက်အိမ်က မငြိမ်းချမ်းရင်၊ ဟိုဘက်အိမ်ကကော ဒီဟာတွေကို မခံစားရဘဲ နေနိုင်မလား။ အခု ဥပမာအားဖြင့်ဆိုရင် ဒုက္ခသည်တွေက ဟိုဘက်နိုင်ငံကို ပြေးတယ်။ ကျမတို့ကြားတယ်။ ဒီလိုတိုက်ပွဲတွေ ဖြစ်ကတည်းက တချို့ဒုက္ခသည်တွေက တရုတ်နိုင်ငံဘက်ကို ပြေးသွားတယ်လို့ ကျမတို့ ကြားရတယ်။ အဲတော့ ဒီနိုင်ငံမှာ မငြိမ်းချမ်းဘူး။ ကိုယ့်ရဲ့ အိမ်နီးချင်းနိုင်ငံမှာ မငြိမ်းချမ်းဘူးဆိုရင် ကိုယ့်နိုင်ငံကိုပဲ ထိလာတာပဲ ဆိုတာတော့ တရုတ်ခေါင်းဆောင်တွေလို အမြော်အမြင် ကြီးတဲ့ပုဂ္ဂိုလ်ကြီးတွေတော့ နားလည်မှာ ဖြစ်ပါတယ်။ အဲဒီနားလည်မှုအပေါ်မှာ အခြေခံပြီးတော့ ကျမတို့ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးဖြစ်ဖို့အတွက် တတ်နိုင်သမျှတော့ ဝိုင်းပြီးတော့ ကြိုးပမ်းပေးသင့်တယ်လို့ ကျမထင်တယ်။ ပေးမယ်လို့လည်း ကျမယုံကြည်ပါတယ်။ တကယ်တော့ ဘယ်သူ့ရဲ့ ကြားဝင်စေ့စပ်မှုမှ မလိုဘဲနဲ့ ကိုယ့်အချင်းချင်း ပြေလည်အောင်လုပ်နိုင်ရင်တော့ အကောင်းဆုံးပေါ့။ ဒါပေမယ့် ကျမတို့ရဲ့ အခုခေတ် ကမ္ဘာကြီးမှာဆိုရင် အားလုံးက တတိုင်းပြည်နဲ့ တတိုင်းပြည် ဆက်နွှယ်မှုတွေက ရှိနေတော့ ဝိုင်းဝန်းပြီးတော့ ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းပေးတာ၊ ဖျန်ဖြေပေးတာ၊ ကြားနေဆောင်ရွက်ပေးတာက ဘယ်ဟာမှ တန်ဖိုးမရှိတာ မရှိပါဘူး။ ဒါတွေက လုပ်သင့်တဲ့အလုပ်တွေပါ။ စေတနာမှန်မှန်နဲ့ လုပ်ပေးတယ်ဆိုရင် ကျမတို့က ကြိုဆိုရမှာဖြစ်ပါတယ်။”
စစ်ကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ စစ်ပြေးဒုက္ခသည်တွေကိုလည်း အခုလို အားပေးတိုက်တွန်း စကားဆိုပါတယ်။
“စစ်ကြောင့်ဖြစ်လာတဲ့ ဒုက္ခသည်တွေနဲ့ ပတ်သက်ပြီးတော့ ပြောရမယ့်စကား နှစ် ခုရှိတယ်။ တခုကတော့ သူတို့ရောက်သွားတဲ့ နိုင်ငံပေါ့။ ဥပမာ ကျမတို့ ကချင်အမျိုးသားတပ်တွေနဲ့ ဒီဘက်က တပ်မတော်တပ်တွေနဲ့ ပြဿနာဖြစ်တဲ့အချိန်မှာ တရုတ်ပြည်ဘက်ကို ထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေ တော်တော်များတယ်လို့ ကြားသိရတယ်။ အဲဒီတော့ ပထမဆုံး သတင်းစကားပါးရမှာက တရုတ်နိုင်ငံပေါ့။ ဒီလိုဒုက္ခသည်တွေ ဝင်လာတဲ့အခါမှာ ကရုဏာနဲ့ ဆက်ဆံပေးပါ၊ နားလည်မှုပေးပါ။ သူတို့ဟာလည်း သူတို့ရဲ့ အိုးအိမ်တွေ၊ ရွာတွေ၊ မြို့တွေကို စွန့်ပြီးသွားချင်တာ မဟုတ်ပါဘူး။ ဒီလို ဒုက္ခတွေကို မခံနိုင်ဘူး။ ဒုက္ခသည်ဆိုတာ ဒုက္ခတွေကို သယ်ပြီးပြေးရတာပါ။ တခြားသယ်စရာမရှိဘူး။ ကိုယ့်အိမ်လည်း ပစ်ခဲ့။ ကိုယ့်ရွာလည်း ပစ်ခဲ့၊ ဒုက္ခတွေသာ သယ်ပြီးပြေးရတဲ့ ဒုက္ခသည်တွေပါ။ အဲဒါကြောင့် ကရုဏာနဲ့ မြင်ပါ။ တတ်နိုင်သမျှ ကူညီပါဆိုတာ ပထမဆုံးတော့ ဒီဒုက္ခသည်တွေ ရောက်သွားတဲ့ နိုင်ငံက အကြီးအကဲတွေကို ကျမသတင်းစကား ပါးချင်ပါတယ်။ ကျမတို့ ဒုက္ခသည်တွေကိုတော့ ကျမပြောချင်တာက မျှော်လင့်မှုကို မစွန့်လွှတ်ပါနဲ့။ ကျမတို့အားလုံး ဒီနိုင်ငံကို ဆန္ဒမရှိဘဲနဲ့ စွန့်ခွာသွားတဲ့ လူမှန်သမျှ အားလုံးပြန်လာနိုင်အောင်လို့ ကျမတို့ ဆက်ကြိုးစားပါမယ်။ ဒီဒုက္ခသည်တွေရဲ့ အခြေအနေ၊ ဒုက္ခသည်တွေ ခံစားနေရတဲ့ အခြေအနေတွေကို မသိတဲ့လူတွေဆိုတာ မရှိကြပါဘူး။ ဒီနိုင်ငံမှာ သိကြပါတယ်။ ကမ္ဘာကလည်း သိကြပါတယ်။ ကူညီချင်တဲ့လူတွေလည်း အများကြီး ရှိကြပါတယ်။ ဒါကြောင့် မျှော်လင့်ချက်ကို မစွန့်လွှတ်ပါနဲ့။ သတ္တိမွေးပါ။ ကိုယ်ရောက်သွားတဲ့ နိုင်ငံက ပုဂ္ဂိုလ်တွေကိုလည်း ကိုယ့်ကို ဒီလိုလက်ခံတဲ့အတွက် ကျေးဇူးတရားနဲ့ ဆက်ဆံပါ။ ကျမတို့ တနေ့ကျလို့ရှိရင် ကျမတို့ တိုင်းရင်းသားများ အားလုံးဟာ လုံလုံခြုံခြုံ လွတ်လွတ်လပ်လပ်နဲ့ နေနိုင်တဲ့ ပြည်ထောင်စုကြီးကို ထူထောင်ဖို့ ကြိုးစားနေပါတယ် ဆိုတာကို မမေ့ပါနဲ့။”
နောက်ဆုံးအနေနဲ့ ရင်ဆိုင်တိုက်နေကြတဲ့ နှစ်ဘက်စစ်သည်တွေကို အခုလို တိုက်တွန်းသွားပါတယ်။
“ကျမရဲ့ စိတ်ထဲမှာတော့ ဘယ်သူမှ တကယ်တော့ တခြားလူတယောက်ကို တိုက်ခိုက်ချင်တဲ့ စိတ်ရှိမယ်လို့ မထင်ဘူး။ အဲဒီလို လူတွေအချင်းချင်း သဘာဝအရ တိုက်ချင်ခိုက်ချင်တဲ့ ပုဂ္ဂိုလ်များဟာ အင်မတန်မှ ရှားပါတယ်။ ဒီမြန်မာ့တပ်မတော်သားတွေကော၊ ကချင်တပ်က တပ်သားတွေကောက သူတို့စိတ်ထဲမှာ ဒီလိုစစ်ထွက်တိုက်ရတာ ဘယ်လိုလုပ် စိတ်ချမ်းသာနိုင်မလဲ။ ကျမစဉ်းစားကြည့်တာ၊ စစ်ထွက်တိုက်တယ်ဆိုတာ ကိုယ့်အသက်လည်း ပျောက်ဆုံးသွားနိုင်တယ်။ အသက်မပျောက်ဆုံးတာတောင်မှ ဒုက္ခိတ ဖြစ်သွားနိုင်တယ်။ ဒီလို ကိုယ်ကနေ ဒုက္ခိတဖြစ်သွားလို့ အနောက်ကနေ ဒုက္ခရောက်မယ့် ကိုယ့်မိသားစုတွေ ရှိမယ်။ အဲဒီတော့ ဘယ်တပ်သားတွေက ဒီလိုအလုပ်မျိုးကို လုပ်ချင်ပါ့မလဲ။ နောက်ပြီး ကျမတို့က အချင်းချင်းတွေ၊ အပြင်လူကိုလည်း တိုက်နေတာ မဟုတ်ဘူး။ ကချင်တပ်သားတွေကော၊ ဗမာ့တပ်မတော် တပ်သားတွေကော ကျမတို့ အားလုံးဟာ ဒီပြည်ထောင်စုကြီးရဲ့ သားသမီးတွေ အားလုံးဖြစ်တယ်။ အဲတော့ ကျမတို့က တမိသားစုပဲ။ ကိုယ့်မိသားစု အချင်းချင်းကို ပြန်ပြီးတော့ တိုက်ခိုက်နေသလို၊ ပြန်ပြီးတော့ ဒုက္ခပေးနေသလို သတ်ဖြတ်နေသလို ဖြစ်နေတဲ့ ကိစ္စက ဘယ်သူ့အတွက်မှ စိတ်ချမ်းမြေ့စရာ ကောင်းတယ်လို့ ကျမမထင်ဘူး။ အဲဒီတော့ ကျမကတော့ ဟိုဘက်ဒီဘက် တပ်သားတွေကို စိတ်ထဲမှာ စွဲစွဲမြဲမြဲ ထားစေချင်တယ်။ ကျမတို့အားလုံးက ဒီနိုင်ငံသားတွေပါ။ ဒီလိုအခြေအနေမှာ ကိစ္စရပ်အမျိုးမျိုးကြောင့်၊ အကြောင်းအမျိုးမျိုးကြောင့် အချင်းချင်းကို တိုက်ခိုက်နေရပေမယ့် တနေ့တချိန်တခါမှာ ကျမတို့ဟာ တကယ့်ညီရင်းအစ်ကိုတွေသဖွယ် ပြန်ပြီးလက်တွဲရမယ့်လူတွေ ဖြစ်တယ်ဆိုတာကို ဘယ်တော့မှ မမေ့ပါနဲ့၊ နာကြည်းစိတ် မဝင်ပါစေနဲ့၊ ဘယ်လိုစိတ်မျိုး ဝင်ရမလည်းဆိုရင် နောင်ငါတို့ ဒါမျိုးတွေ မဖြစ်အောင် ငါတို့ တတ်နိုင်သမျှ ကြိုးစားသွားမယ်ဆိုတဲ့ စိတ်ကိုသာ ခိုင်မာအောင်လုပ်ပါလို့ ကျမကတော့ တိုက်တွန်းချင်ပါတယ်။”