Home
ဆောင်းပါး
ကြာမျိုးငါးလီ ဖူးပွင့်ညီ မီးပုံးရောင်စီထွန်းညှိမည် ၀ါလကင်းလွတ် သီတင်းကျွတ်
မောင်တူး
·
October 27, 2015
လဲ့လဲ့ပြာပြာ၊ ထက်အာကာ၌ လဲဝါတိမ်နု၊ ပေါင်းရုံးစုသည် ရတုကြည်စ၊ ၀ါကျွတ်လ။ သီတင်းကျွတ်လဟာ မြန်မာ့ ဆယ့်နှစ်လရာသီမှာ ၇ လမြောက် ဖြစ်တယ်။ သီတင်းကျွတ်ဟာ မြန်မာ့ ၁၂ လမှာ ထူးခြားပါတယ်။ သီတင်းကျွတ်လပြည့်ဟာ အဘိဓမ္မာ အခါတော်နေ့ ဖြစ်သလို ၀ါကျွတ်ပွဲ၊ မီးထွန်းပွဲတွေလည်း ကျင်းပကြတဲ့လ ဖြစ်ပါတယ်။ သီတင်းကျွတ်လအတွင်း မြန်မာ့သမိုင်းမှာ ထင်ရှားတဲ့ ကဗျာဆရာကြီး ဇော်ဂျီ၊ စာရေးဆရာကြီး ဗန်းမော်တင်အောင်၊ ဗမာပြည်ကွန်မြူနစ်ပါတီ ဥက္ကဋ္ဌ သခင်သန်းထွန်းတို့ ကွယ်လွန်ခဲ့ကြပါတယ်။ ဒါတွေအပြင် တခြားသော သီတင်းကျွတ်လရဲ့ ထူးချက်တွေကလည်း ရှိနေပါသေးရဲ့။ လောလောဆယ်တော့ သီတင်းကျွတ်ဆိုတာ ဘာအဓိပ္ပါယ်လဲဆိုတာ ကြည်ကြပါစို့။ သီတင်းကျွတ်လနဲ့ သီတင်းကျွတ်လပြည့်နေ့ အကြောင်းတွေကို မြန်မာ့စွယ်စုံကျမ်းမှာ အခုလို ဖော်ပြထားပါတယ်။ သီတင်းကျွတ်လ - သီတင်းကျွတ်လသည် မြန်မာလများတွင် သတ္တမမြောက်လ ဖြစ်၏။ မိုးဥတုတွင် ပါဝင်သည်။ ရှေးအခါက သီတင်းကျွတ်လဟု မခေါ်ကြဘဲ သန်တူလဟု ခေါ်ဆို ရေးသားကြသည်။ သန်တူလ အဓိပ္ပါယ်မှာ ၀ဿာန မိုးဥတုရာသီကို သန်ဟူ၍ ရှေးသူဟောင်းတို့ ခေါ်ကြသည်ဟု ဝေါဟာရလီနတ္ထ ဒီပနီကျမ်း၌ ဆိုသည်။ သီတင်းကျွတ်သည် မိုးဥတု၏ နောက်ပိုင်းချိန် လတခု ဖြစ်လေသည်။ အချို့ပညာရှင်တို့ကမူ သန်ဟူသော ပုဒ်သည် ကောက်- စပါး ဟော တိဘက်-မြန်မာ-ထိုင်း-မွန်-ခမာ ဘာသာအပေါင်းတို့လာ မြန်မာစကားဟု ဆိုသည်။ တူ ပုဒ်သည်လည်း အသံချင်း အနီးစပ်ဆုံးဖြစ်သော ထူ ပုဒ်နှင့် တွဲယူရပေမည်။ ထူသည် တစုံတရာကို ထောင်သည်၊ စိုက်သည်၊ မတ်စေသည် ဟောဖြစ်သဖြင့် သန်တူလသည် ကောက်စပါးပင်များ ပေါက်ဖွား၊ ထွက်ထ၊ ထောင်မတ်လာသောလဟု အဓိပ္ပါယ်ရသည်ဟု ယူဆကြသည်။ ပုဂံခေတ်ထိုး ကျောက်စာတို့တွင် သီတင်းကျွတ်ဟူသော စကားကို အလျှင်း မတွေ့ရသည်ဖြစ်၍ သက္ကရာဇ် ၅၇၄ ခုနှစ်ထိုး တုရွင်းတောင် စောရဟန်းသိမ် ကျောက်စာအတွင်း စာသားတနေရာ၌သာ သတင်းချွတ်ဟူသော အသုံးကို ရှေးဦးဆုံး တွေ့ရလေသည်။ သတင်းချွတ် ဟူသောစကားသည် သီတင်းသီလ စောင့်ထိန်းသူတို့က ချွတ်လွတ် ကုန်ဆုံးအောင် ပြုသည်ဟု အနက်ထွက်လေသည်။ သတင်းချွတ်နှင့် ၀ါကျွတ်ဟူသော စကားကို ဖက်တွဲ၍ သတင်းကျွတ် ဟူသောစကား ဖြစ်ပေါ်လာသည်ဟု တွေးထင်ဖွယ်ရှိသည်။ လှေအသင်းအတွင်းဝန်ရေး ဝေါဟာရလီနတ္ထ ဒီပနီကျမ်း၌ “သီတင်းကျွတ်လ ခေါ်ဆိုသည်မှာ ၀ါဆိုလပြည့်နေ့မှစ၍ ၀ါတွင်း သုံးလ၊ ရက်ပေါင်း ၉၀၊ သီတင်းကျွတ်လပြည့်ကျော် ၁ ရက်နေ့ သီတင်းကျွတ်သောကြောင့် သီတင်းကျွတ်လဟူ၍  သာသနာကျမ်းအလို ခေါ်ဆိုကြောင်း သိသာသည်” ဟူ၍ ပါရှိလေသည်။ ဗေဒင်အခေါ်အားဖြင့် သီတင်းကျွတ်လကို တူရာသီဟု ခေါ်သည်။ တူရာသီ၏ အရုပ်သည် ချိန် ကိုင်စွဲသော ယောက်ျားသဏ္ဌာန် ဖြစ်သည်။ ထိုရာသီကား အဿ   ၀ဏီ နက္ခတ်နှင့်ယှဉ်၍ လပြည့်သောကြောင့် အဿယု ဇ ဟူ၍ဆိုသည်။ ကြာပန်းကို ရာသီပန်းအဖြစ် အသိအမှတ်ပြုကြ၏။ ကျီးတာရာ ထွန်းပသည့် သီတင်းကျွတ် လရာသီတွင် နံနက် စက်နာရီ ၅ နာရီ ၅၅ မိနစ်ခန့်တွင် နေထွက်၍ ညနေ ၅ နာရီ ၃၇ မိနစ်ခန့်တွင် နေ၀င်သည်။ မြန်မာနာရီအားဖြင့် နေ့ညဥ့် နာရီ ၃၀ စီ အညီအမျှ ရှိလေသည်။ သီတင်းကျွတ်လတွင် ဘုရားရှင် နတ်ပြည်မှ ဆင်းသက်ခဲ့ဖူးသည်ကို အကြောင်းပြု၍ မီးစောင်းတန်း၊ မီးမြင့်မိုများ ထွန်းညှိ၍ မီးပွဲသဘင် ဆင်ယင်ကျင်းပကြရိုး ဖြစ်လေသည်။ မြန်မာမင်းများလက်ထက် ခေတ်အခါကမူ သီတင်းကျွတ်လတွင် မင်းသား မင်းမြေး မှူးတော် မတ်တော်တို့၏ အဆင်တန်ဆာများကို အသစ်လဲလှယ် ပေးတော်မူခြင်း၊ လက်ဆောင်တော်များကို ကြည့်ရှုတိုင်းထွာစေခြင်း၊ ဆီမီးမြင့်မိုထွန်းခြင်း၊ ဘုရားစေတီများတွင် ဆီမီးပူဇော်ခြင်း၊ ၀ါကျွတ် အကန်တော့ခံခြင်းတို့ ပြုသည်။ ထို့ကြောင့် ဖိုးသူတော် ဦးမင်း၏ ဆယ့်နှစ်ရာသီဖွဲ့သဖြန်၌ “ကြာငါးမည် ကြိုင်သင်းလို့၊ လျှံဝင်းတဲ့ ပြောင်ထိန်။ ရွှေနန်း တောင်တော်ဦးမှာလ၊ ဆီမီးမြင့်မိုမီး ညီးတဲ့ခါချိန်။ ရှိခိုးငယ်နှိမ်၊ သုံးကြိမ် ရိုပြောင်း။ သက္ကစ္စ ဂါရ၀နှင့်၊ စဉ်အလာ ပူဇော်ပွဲကို၊ ခဲကြပေတောင်း။ ။” ဟူ၍ စပ်ဆိုထားခြင်း ဖြစ်လေသည်။ သီတင်းကျွတ်လတွင် တနင်္ဂနွေနှင့် တနင်္လာနေ့များသည် ပြဿ ဒါးရက်များ ဖြစ်ကြ၍ အင်္ဂါနှင့် ကြာသပတေးနေ့များသည် ရက်ရာဇာများ ဖြစ်ကြသည်။ သတင်းကျွတ် ရက်မစုံကွယ်သဖြင့် ၂၉ ရက်သာ ရှိသည်။ သီတင်းကျွတ် တလွန့်လွန့်နှင့်၊ မီးညွန့်ရောင်ရှင် ယိမ်းပွဲဆင်သည် ကောင်းကင်ကြယ်ပွင့်နှယ်တကား။ တလှုပ်လှုပ်နှင့်၊ လူအုပ်ဧရာ မီးကြည့်လာသည် မြစ်မှာ ဗေဒါတန်းနှယ် တကား။ ကြယ်ပွင့်ကြားတွင်၊ ဗေဒါပင်တို့ ထွက်ဝင်တိုးဝှေ့ တရွေ့ရွေ့နှင့်၊ ကွေ့တုံကောက်ချည် သွားလေသည်ကား ချာလည် လောကနှယ်တကား။ ။ (မင်းသုဝဏ်) သီတင်းကျွတ်လပြည့်နေ့ သီတင်းကျွတ်လပြည့်နေ့သည် နေ့ထူးနေ့မြတ်ကြီးတနေ့ ဖြစ်သည်။ ကဆုန်လပြည့် ဗုဒ္ဓနေ့၊ ၀ါဆိုလပြည့် ဓမ္မစကြာ အခါတော်နေ့တို့ကဲ့သို့ပင် သီတင်းကျွတ် လပြည့်နေ့သည်လည်း မြတ်စွာဘုရား တာဝတိံသာ နတ်ပြည်မှ သင်္ကဿ  နဂိုရ်ပြည်သို့ ကြွမြန်း ဆင်းသက်တော်မူလာသည့်နေ့ ဖြစ်သဖြင့် ထူးမြတ်သော နေ့အဖြစ် အသိအမှတ် ပြုကြသည်။ မြတ်စွာဘုရား ဆင်းသက် ကြွမြန်းလာသည်ကိုရည်၍ ဘုရားသခင်အား ပူဇော်သည့်အနေဖြင့် ထိုနေ့တွင် မီးများထွန်းကာ မြင့်မိုပွဲ ဆင်ယင်ကျင်းပခဲ့ကြသည်။ မြတ်စွာဘုရားသည် တာဝတိံသာ နတ်ပြည်၌ မယ်တော်ဖြစ်ဖူးသော သန္တုဿီ  တနတ်သားကို အကြောင်းပြု၍ “ကုသလာဓမ္မာ၊ အကုသလာဓမ္မာ၊ အဗျာကတာဓမ္မာ” အစရှိသဖြင့် အဘိဓမ္မာ ၇ ကျမ်းကို ဟောတော်မူပြီးနောက် သီတင်းကျွတ်လပြည့်နေ့တွင် တာဝတိံသာ၌ ပဝါယဏာပြု၍ လူ့ပြည်သို့ ဆင်းသက်တော်မူသည်ကို အကြောင်းပြုလျက် ထိုနေ့ကို အဘိဓမ္မာနေ့ဟူ၍ သမုတ်ကာ အဘိဓမ္မာ ပူဇော်ပွဲ ကျင်းပကြလေသည်။ တနည်းအားဖြင့် သီတင်းကျွတ်လပြည့်နေ့ကို ဘုရားဆုပန်သောနေ့ဟု ခေါ်နိုင်လေသည်။ အဘယ့်ကြောင့်ဆိုသော် မြတ်စွာဘုရားသည် တာဝတိံသာမှ ဆင်းသက်လာသောအခါ ကိုယ်တော်တိုင် ပတ္တမြားစောင်းတန်းနှင့် ဆင်း၍ လက်ျာဘက် ရွှေစောင်းတန်းဖြင့် နတ်တို့ ခြံရံလိုက်ပါကာ၊ လက်ဝဲဘက် ငွေစောင်းတန်းဖြင့် ဗြဟ္မာမင်းတို့ ခြံရံလိုက်ပါလာလေသည်။ ထိုသို့ နတ် ဗြဟ္မာမင်းတို့ ခြံရံလိုက်ပါလာ၍ ဆင်းသက်တော်မူလာသည့် မြတ်စွာဘုရား၏ တင့်တယ်သော အသရေတော်ကို ဖူးမြင်တော် မူကြရသောအခါ ၃၆ ယူဇနာအတွင်းရှိသော ပရိသတ်အားလုံးပင် ဘုရားဆုကို တောင်းကြသည်။ တယောက်သောသူမျှ ဘုရားဆု မတောင်းသူဟူ၍ မရှိကြချေ။ ဤသည်ကိုရည်၍ ဘုရားဆုပန်နေ့ဟု ခေါ်ထိုက်ခြင်း ဖြစ်လေသည်။ မြတ်စွာဘုရား ဆင်းသက်တော်မူသည်ကို ဖူးမြော်ရန် စောင့်နေကြသော လူအပေါင်းတို့ တောင်းပန်သဖြင့် ရှင်မဟာမောဂ္ဂလန်က ဘုရားသခင်အား မည်သည့်အခါ မည်သည့်အချိန်၌ လူ့ပြည်ကို ဆင်းသက်မည်ကို လျှောက်ထားသောအခါ ဘုရားက ငါဘုရားကို ဖူးလိုသူတို့သည် ရွာဦးကျောင်းသို့ ဥပုသ်သည်များ တရားနာသွားသကဲ့သို့ လာခဲ့ကြရမည်ဟု မိန့်ကြားတော်မူသည်ကို ရည်၍ ထိုနေ့ထိုရက်တွင် ဥပုသ်သီတင်း ဆောက်တည်ကြခြင်း ဖြစ်သည်။ မြတ်စွာဘုရားသခင်သည် လူ့ပြည်သို့မဆင်းမီ တာဝတိံသာနတ်ပြည်၌ ရေအစုံမီးအစုံ တန်ခိုးပြာဋိဟာ ပြတော်မူသည်။ မြတ်စွာဘုရား၏ တန်ခိုးတော်အားဖြင့် စကြာဝဠာတခုလုံးသည် ဟင်းလင်းပြင် ဖြစ်သွားလေသည်။ ရှင်တော်ဘုရား၏ လောက၀ိဝရဏ တန်ခိုးတော်အားဖြင့် လူနတ်ဗြဟ္မာ ငရဲသားအားလုံးတို့သည် တဦးကိုတဦး ထင်ရှားစွာ တွေ့မြင်ရလေသည်။ သီတင်းကျွတ်လပြည့်သည် ၀ါတွင်း ၃ လ၏ နောက်ဆုံးနေ့ ဖြစ်သဖြင့် ၀ါဆိုတော်မူကြသော သံဃာတော်များတို့ လွတ်လွတ်ကျွတ်ကျွတ် သွားလာ သီတင်းသုံးနိုင်သည့် အခွင့်အရေးကို ရရှိကြလေသည်။ ဤနေ့အထိ ၀ါဆိုကြသည့် သံဃာများသည် အလွန်မြတ်သော ကထိန်အလှူ ခံယူထိုက်သော အခွင့်အရေးကို ရရှိကြသည်။ လောကီလူတို့၏ ထုံးစံအရလည်း အိမ်ယာထူထောင်ခြင်း ပြုနိုင်ကြသဖြင့် အချုပ်အချယ်မှ လွတ်ကျွတ်စေသောနေ့ဟု ဆိုရပေမည်။ အချုပ်အားဖြင့်ဆိုသော် သီတင်းကျွတ်လပြည့်နေ့သည် ရဟန်းတော်များ ၀ါမှထသောနေ့၊ ပ၀ါရဏာပြုသောနေ့၊ မြတ်စွာဘုရားသည် တာဝတိံသာ၌ အဘိဓမ္မာ တရားတော်ကို ၀ါတွင်း ၃ လပတ်လုံး ဟောကြားတော်မူသည်မှာ အောင်မြင်စွာ ပြီးဆုံးသောနေ့ (၀ါ) အဘိဓမ္မာ အခါတော်နေ့၊ နတ် ဗြဟ္မာအပေါင်း ခြံရံလျက် တာဝတိံသာမှ သင်္ကဿ နဂိုရ်ပြည်သို့ ဆင်းသက်တော်မူသောနေ့၊ ဗြဟ္မာ နတ်လူ သုံးဘုံသူတို့ မြတ်စွာဘုရားအား အတူတကွ ကြည်ဖြူကော်ရော် ပူဇော်ကြသောနေ့၊ လောက၀ိဝရဏ တန်ခိုးတော်ကြောင့် စကြ၀ဠာတ၀န်းလုံးကို တိုးယိုပေါက် မြင်ကြရသောနေ့ စသော ဂုဏ်ထူးဝိသေသ အထူးထူးနှင့် ပြည့်စုံသောနေ့ ဖြစ်သည်။ မလာဖြစ်နိုင်ဘု ၀ါခေတ်တစ်ခါကုန်တော့ မီးရောင်စုံ  ကျွတ်သီတင်းကိုလ ရင်တွင်းက ပူဆာဆာ။ (မင်းသုဝဏ်) သီတင်းကျွတ်တွင် ကွယ်လွန်သူများ သခင်သန်းထွန်း သခင်သန်းထွန်းကို ၁၉၁၀ ခုနှစ်က မွေးဖွားခဲ့ပါတယ်။ သူဟာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ မယားညီအစ်ကိုတော်သူ၊ လွတ်လပ်ရေးသမိုင်းဝင် ဗမာပြည်ကွန်မြူနစ်ပါတီ ဥက္ကဋ္ဌ၊ ဒို့ဗမာအစည်းအရုံးဝင်၊ သမိုင်းဝင် နဂါးနီစာအုပ် အသင်းတည်ထောင်သူ၊ ဖက်ဆစ်တော်လှန်ရေး ခေါင်းဆောင်တဦး ဖြစ်ခဲ့ပါတယ်။ ၁၉၄၅ ခုနှစ်၊ ဇူလိုင်လမှာ သခင်သန်းထွန်းဟာ ဗမာပြည်ကွန်မြူနစ်ပါတီ ဥက္ကဋ္ဌ ဖြစ်လာပါတယ်။ လွတ်လပ်ရေးရအပြီး ၁၉၄၈ ခုနှစ် မတ်လမှာ သခင်သန်းထွန်းဟာ ကွန်မြူနစ်ပါတီကို ဦးဆောင်တောခိုသွားခဲ့ပြီး မြန်မာနှစ် ၁၃၃၀ ပြည့် သီတင်းကျွတ်လဆန်း ၃ ရက်နေ့ (ခရစ်နှစ် ၁၉၆၈ စက်တင်ဘာ ၂၄) တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ မြရာပင်တောင်ကျောမှာ ကျဆုံးသွားခဲ့တာပါ။ သခင်သန်းထွန်းဟာ အင်္ဂလိပ်- မြန်မာ ၂ ဘာသာ စာရေးကောင်းပြီး သုပဏ္ဏက ကလောင်နဲ့ ဆောင်းပါး၊ ဘာသာပြန်တွေ ရေးခဲ့သူပါ။ ၁၉၃၉ ခုနှစ်က အရေးတော်ပုံနာမည်နဲ့ ကွန်မြူနစ်ဂျာနယ်ကို လျှို့ဝှက်ထုတ်ခဲ့ပါသေးတယ်။ စာရေးဆရာ ဗန်းမော်တင်အောင် မြန်မာသက္ကရာဇ် ၁၃၄၀ ပြည့်နှစ်၊ သီတင်းကျွတ် လပြည့်ကျော် ၇ ရက်၊ ခရစ်နှစ် ၁၉၇၈ ခုနှစ်၊ အောက်တိုဘာ ၂၃ မှာ ဗန်းမော်တင်အောင် ကွယ်လွန်ခဲ့တယ်။ ဇာတာအမည် မောင်တင်ဦး ခေါ် ဗန်းမော်တင်အောင်ကို ၁၉၂၀ ဇွန်လ ၉ ရက်က ပဲခူးမြို့မှာ အဖ ချင်းလူမျိုး ခရစ်ယန်တရားဟောဆရာ ဦးမောင်နေ၊ မိခင် ဒေါ်စောမြိုင်တို့က မွေးဖွားခဲ့ပါတယ်။ ပဲခူးမှာ မွေးသူ ဖြစ်ပေမယ့် ဗန်းမော်မြို့မှာ အနေများခဲ့တာမို့ ဗန်းမော်တင်အောင် ကလောင်အမည် ယူခဲ့တဲ့သူဟာ လုံးချင်းဝတ္ထုနဲ့ တခြားစာအုပ်ပေါင်း ၇၇ အုပ် ရေးသားခဲ့ပါတယ်။ လင်းယုန်သတင်းစာ တည်ထောင်သူ အယ်ဒီတာ၊ နိုင်ငံရေးအကျဉ်းသား ကိုကိုးကျွန်း အစာငတ်ခံ ရက် ၄၀ တိုက်ပွဲ ပါဝင်ခဲ့သူ ဖြစ်ပါတယ်။ လူတယောက်ရဲ့တန်ဖိုးဆိုတာ သူဖြတ်သန်း ကျော်လွှားခဲ့တဲ့ ခေတ်ကြီးက သူ့ပုခုံးပေါ် တင်ပေးလိုက်တဲ့ သမိုင်းတာဝန်ကို ဘယ်လောက်ကျေခဲ့သလဲ ဆိုတာနဲ့ တိုင်းရမှာပဲလို့ မကွယ်လွန်ခင် သားဖြစ်သူကို ဗန်းမော်တင်အောင်က ပြောသွားခဲ့ပါတယ်။ ကဗျာဆရာကြီး ဇော်ဂျီ ဆရာဇော်ဂျီကို ခရစ်နှစ် ၁၉၀၇ ခုနှစ် ဧပြီလ ၁၂ ရက်၊ သောကြာနေ့က ဧရာဝတီတိုင်း၊ ဖျာပုံမြို့မှာ အဖ ဦးယော၊ အမိ ဒေါ်စိန်ညွန့်တို့က မွေးဖွားခဲ့ပါတယ်။ အမည်ရင်းက ဦးသိန်းဟန်ပါ။ ၁၉၂၅ ခုနှစ်မှာ ရန်ကုန်တက္ကသိုလ် စတက်ပြီး ၁၉၂၈ မှာ သူ့ရဲ့ နာမည်ကျော် “ပိတောက်ပန်း” ကဗျာကို ရေးဖွဲ့ခဲ့ပါတယ်။ ဆရာဇော်ဂျီဟာ မြန်မာနိုင်ငံ သုတေသနအသင်း ဥက္ကဋ္ဌ၊ မြန်မာ့သမိုင်းကော်မရှင် ဥက္ကဋ္ဌ၊ မြန်မာစာပေ ပြုစုရေးနှင့် ဘာသာပြန် ကော်မရှင်၏ ပညာရပ် ဝေါဟာရ ကော်မတီ ဥက္ကဋ္ဌ၊ အမျိုးသား စာပေဆု ရွေးချယ်ရေး ဥက္ကဋ္ဌ၊ ရန်ကုန်တက္ကသိုလ် ဂုဏ်ထူးဆောင် မြန်မာစာ ပါမောက္ခ တာဝန်တွေ ယူခဲ့ပါတယ်။ ဇော်ဂျီဟာ ၀တ္ထုတို-ရှည်၊ ဆောင်းပါး၊ အက်ဆေး၊ ပြဇာတ်၊ စာတမ်းတွေ ရေးခဲ့ပေမယ့် ကဗျာကိုသာ အများဆုံး ရေးခဲ့သူပါ။ ၁၉၉၀ ခုနှစ်၊ စက်တင်ဘာ ၂၆ ရက်၊ မြန်မာသက္ကရာဇ် ၁၃၅၂ ခု သီတင်းကျွတ်လဆန်း ၈ ရက် ဗုဒ္ဓဟူးနေ့ ကွယ်လွန်ချိန်အထိ အခြားစာအုပ်ပေါင်း ၃၀၊ ကဗျာပုဒ်ရေ ၂၃၀ လောက်၊ ၀တ္ထု ၄၆ ပုဒ်၊ ပြဇာတ် ၈ ပုဒ်၊ စာတမ်းနဲ့ ဆောင်းပါး ပုဒ်ရေ ၃၀၀ ပြုစုခဲ့ပါတယ်။ ဆရာ ဇော်ဂျီ၏ အုတ်ဂူပ်ါမှာ သူ့ရဲ့ “သင်သေသွားသော်” ကဗျာကို ထုထွင်း မော်ကွန်း တင်ထားပါတယ်။ သြော် – လူ့ပြည်လောက လူ့ဘ၀ကား အိုရနာရသေရဦးမည်၊ မှန်ပေသည်တည့် သို့ပြီးတကား၊ သင်သေသွားသော်၊ သင်ဖွားသောမြေ သင်တို့ပြည်သည်၊ အခြေတိုးမြင့် ကျန်ကောင်းသင့်၏ သင်၏ မျိုးသား၊ စာစကားလည်း၊ ကြီးပွားတက်မြင့် ကျန်ကောင်းသင့်၏၊ သင်ဦးချ၍၊ အမျှဝေရာ စေတီသာနှင့်၊ သစ္စာအရောင်၊ ဉာဏ်တန်ဆောင်လည်း ပြောင်လျက်ဝင်းလျက်၊ ကျန်စေတည်း။ (ဇော်ဂျီ) ၁၉၃၅ ကဗျာဆရာကြီးဇော်ဂျီနဲ့အတူ စာရေးဆရာကြီး ဗန်းမော်တင်အောင်၊ သခင်သန်းထွန်းတို့ သီတင်းကျွတ်မှာ ဆုံးပါးခဲ့ကြသလို သီတင်းကျွတ်လမှာ ကွယ်လွန်ခဲ့ကြသူ၊ သီတင်းကျွတ်လမှာ မွေးဖွားခဲ့ကြသူတွေလည်း အပုံအပင်ပါ။ အထူးခြားဆုံးကတော့ ဗုဒ္ဓဘုရားရှင်ကိုယ်တော်တိုင် မယ်တော်မိနတ်သားကို ကျေးဇူးဆပ်ခဲ့သလိုမျိုး မိခင်၊ ဖခင်နဲ့ ဆရာသမား သက်ကြီးဝါကြီးတွေရဲ့ ကျေးဇူးတွေကို အောက်မေ့တသ ရှိခိုးပူဇော်တဲ့လ ဖြစ်နေတာပါ။ တချိန်တည်းမှာပဲ သီတင်းကျွတ်လပြည့် ဆီမီးထွန်းပွဲတွေကို နွှဲပျော်ရင်းက အဘိဓမ္မာ အခါတော်နေ့ ဖြစ်တာနဲ့အညီ မြတ်ဗုဒ္ဓရဲ့ တရားဓမ္မတွေနဲ့အညီ ဥပုသ်သီလ ဆောက်တည်နေထိုင်သင့်တဲ့ လရာသီ ဖြစ်ကြောင်းပါ။      ။ မောင်တူး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024