DVB Logo
Home
မြန်မာသတင်း
ရှမ်းပြည်တပ်မတော်မြောက်ပိုင်း ဌာနချုပ်အနီး တိုက်ပွဲပြင်းထန်၊ ရွာသားများ ထပ်မံထွက်ပြေး
DVB
·
October 23, 2015
ရှမ်းပြည်တပ်မတော်မြောက်ပိုင်း ဌာနချုပ်အနီး တိုက်ပွဲပြင်းထန်၊ ရွာသားများ ထပ်မံထွက်ပြေး
Donate to DVB

ရှမ်းပြည်တောင်ပိုင်း မိုင်းရှူးမြို့နယ်နဲ့ မိုင်းနောင်မြို့နယ်ထဲမှာ အစိုးရတပ်နဲ့ ရှမ်းပြည် တပ်မတော်မြောက်ပိုင်း အဖွဲ့တို့ကြား ထိတွေ့ပစ်ခတ်မှုတွေ နေ့စဉ်လိုဖြစ်ပွားနေရာမှာ အောက်တိုဘာ ၂၃ ရက် မနက်ပိုင်းမှာလည်း အစိုးရတပ်ဘက်က လက်နက်ကြီးတွေကူပစ်ပြီး ထိုးစစ်ဆင်နေတယ်လို့ ရှမ်းပြည်တပ်မတော်မြောက်ပိုင်းက ပြောပါတယ်။

မနေ့က နမ့်ပူကျေးရွာအုပ်စုဘက်မှာ ပစ်ခတ်မှုတွေ ဖြစ်ပြီးတဲ့နောက် ဒီကနေ့ (အောက်တိုဘာလ ၂၃ ရက်)မှာလည်း နောက်ထပ်ရောက်လာတဲ့ အစိုးရစစ်ကြောင်းက လက်နက်ကြီးတွေနဲ့ အနောက် ကနေ ကူပစ်ပေးနေတယ်လို့ ရှမ်းပြည်တပ်မတော်မြောက်ပိုင်းရဲ့ ပြောခွင့်ရ ဗိုလ်မှူးကြီးစိုင်းလက ဒီဗွီဘီကို ပြောပါတယ်။

“မနေ့က မိုင်းနောင်မြို့နယ် နမ့်ပူကျေးရွာအုပ်စုထဲမှာ တိုက်ပွဲဖြစ်ပြီး ဒီနေ့ကျတော့ နောက်ထပ် အသစ်ရောက်လာတဲ့စစ်ကြောင်းက မနက် ၈ နာရီကနေ ၁၂ နာရီထိ ကျူမောက်ခေါဝ် တောင်ကုန်း ဘက်ကနေ လက်နက်ကြီးနဲ့ အလုံး ၃၀ လောက် ကူပစ်ပေးနေတယ်။ သူတို့ ပစ်လိုက်တဲ့နေရာက ကျနော်တို့ ဌာနချုပ်နဲ့ မဝေးတော့ဘူး။ ၅ မိုင် ၆ မိုင်လောက်ပဲ ကျန်တယ်။ ကြည့်ရတာ ဌာနချုပ်ကို ဦးတည်တိုက်နေတာ။”

ဒါ့အပြင် မိုင်းအတ်၊ ၀မ်လွေဘက်မှာလည်း ၂ ဘက်တပ်တွေ ဆိုင်နေတယ်လို့ ဆိုပါတယ်။

လက်ရှိတိုက်နေတဲ့ တောင်ကုန်းက စခန်းတွေ ထပ်ဆုတ်လိုက်ရရင်တော့ စစ်ဘေးရှောင်ဒုက္ခသည် တွေရောက်နေတဲ့ ၀မ်ဆော့နဲ့ ဟိုင်းပါရွာလည်း လုံခြုံမှုမရှိတော့ကြောင်း၊ အဲဒီကနေဆက်ပြီး ဌာနချုပ်နား အရမ်းကပ်လာပြီဆိုရင်တော့ နေရာအနှံ့ဖြန့်ကျက်ထားတဲ့ တပ်ဖွဲ့တွေက ခံစစ်ကနေ တိုက်စစ်ထိပြောင်းဖို့ပဲ ကျန်တယ်လို့ သူက ဆက်ပြောပါတယ်။

အောက်တိုဘာလ ၆ ရက်ကနေ ကနေ့အထိ တိုက်ပွဲမဖြစ်တဲ့ရက်ဆိုလို့ ၂ ရက် ၃ ရက်သာရှိကြောင်း၊ အစိုးရတပ်က အခုလိုထိုးစစ်ဆင်နေတာဟာ နိုင်ငံရေး ပြဿ   နာကို နိုင်ငံရေးအရ မဖြေရှင်းဘဲ  စစ်ရေးအရဖြေရှင်းတဲ့ လမ်းဟောင်းအတိုင်းပြန်သွားနေတာလို့ ဗိုလ်မှူးကြီး စိုင်းလက ပြောပါတယ်။

ဒီထိုးစစ်ဆင်မှုတွေနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၁ ရက်နေ့က ပြည်ထောင်စုငြိမ်း ချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌလည်းဖြစ်၊ နိုင်ငံတော် ဒုသမ္မတလည်းဖြစ်တဲ့ ဒေါက်တာစိုင်းမောက်ခမ်းဆီကို  စာတစောင်ပေးပို့ခဲ့ပြီး ကနေ့ထိ အကြောင်းပြန်ကြားချက် တစုံတရာ မရှိသေးဘူးလို့ ဆိုပါတယ်။

အဲဒီစာထဲမှာတော့ ငြိမ်းချမ်းရေးကိုမျှော်ကိုးပြီး သူတို့ နဂိုကတည်းက စခန်းချလာတဲ့ တာဆမ်ပူး ကူးတို့ဆိပ်ကို ဆုတ်ပေးခဲ့ပြီးဖြစ်ကြောင်း၊ ၀ိန်းကောင်ကျေးရွာက  တပ်မတော်တပ်ရင်းဌာနချုပ် နောက်တန်းတွေ လက်နက်ကြီးငယ်တွေနဲ့ အပစ်ခံရတဲ့ကိစ္စမှာ SSA/SSPP ဌာနချုပ်က အမိန့်ပေး စေခိုင်းခြင်းမရှိသလို SSA/SSPP နဲ့ မပတ်သက်ကြောင်း ရေးသားထားပါတယ်။

ဒါ့အပြင် အစိုးရတပ်က တပ်မတော်ယာဉ်တန်းတွေ ထပ်မံစေလွှတ်ခြင်း၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ ဒုဗိုလ်ချုပ်ကြီး ရာပြည့်ကိုယ်တိုင် ရှေ့တန်းထိုင်ပြီးဦးစီးကွပ်ကဲနေတာဟာ နိုင်ငံရေးပြဿ     နာကို စစ်ရေးနည်းနဲ့ဖြေရှင်းတဲ့ လမ်းဟောင်းကိုဦးတည်နေတယ်လို့ ယူဆကြောင်း၊  ဒါကြောင့် အစိုးရကပြောနေတဲ့ နိုင်ငံရေးပြဿ နာကို ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေးတဲ့နည်းနဲ့ အဖြေရှာမယ်ဆိုရင် SSA/SSPP ဌာနချုပ်အနီး ထိုးစစ်ဆင်နေတဲ့ စစ်ကြောင်းတွေကို တားဆီးပေးဖို့၊ တကယ်လို့ နိုင်ငံရေးပြဿ နာကို စစ်ရေးနဲ့ လမ်းဟောင်းအတိုင်း ဖြေရှင်းမယ်ဆိုရင်လည်း  SSA/SSPP ကို တရားဝင်အကြောင်းကြားဖို့ စတဲ့အချက်တွေ ပါရှိပါတယ်။

ဒီကနေ့မနက်က လက်နက်ကြီးသံတွေ ကြားနေရတာကြောင့် ဟိုင်းပါကျေးရွာအုပ်စုထဲက ဟိုင်းဟွမ်၊ ကုန်းမုန့် စတဲ့ရွာက ရွာသားတွေလည်း ဟိုင်းပါဘက်ကို နောက်ထပ်ထွက်ပြေး လာတယ်လို့  စစ်ဘေးရှောင်တွေကို သွားရောက်ကူညီနေတဲ့ မိုင်းရှူးလူမှုအခြေပြုအဖွဲ့က နန်းဆိုင်ဟိန်းက ဒီဗွီဘီကို ပြောပါတယ်။

“ဒီနေ့ ဟိုင်းပါကနေပြန်လာတော့ လမ်းမှာ ရွာသားတွေ အများကြီးထွက်ပြေးလာတာ တွေ့ခဲ့တယ် ရှင့်။ ဆိုင်ကယ်တွေ စက်ဘီးတွေ အထုတ်အပိုးတွေနဲ့ တချို့ကျတော့ လမ်းလျှောက်လာတယ်။ ဟိုင်းပါရွာက လူတွေကျတော့ မိုင်းရှူးမြို့ပေါ်ကို ပြောင်းလာကြတယ်။ လက်နက်ကြီးသံကြားလို့ မနေရဲဘူးတဲ့။”

အောက်တိုဘာ ၆ ရက်မှာ ၂၃ ရက်ကြား ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် ရွာပေါင်း ၁၀ ရွာက လူပေါင်း ၃ ထောင်ကျော် ဘေးလွတ်ရာကို တိမ်းရှောင်နေရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013