Home နိုင်ငံရေး ဂျပန်-မြန်မာ နှစ်နိုင်ငံအကျိုးတူပူးပေါင်းရေးကိစ္စများ အပြန်အလှန်ဆွေးနွေး
ဂျပန်-မြန်မာ နှစ်နိုင်ငံအကျိုးတူပူးပေါင်းရေးကိစ္စများ အပြန်အလှန်ဆွေးနွေး
assk1 copy မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာနိုင်ငံ ရောက်ရှိနေတဲ့ ဂျပန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး မစ္စ မာကီတိုကီကူတာတို့ နှစ်နိုင်ငံအကျိုးတူ ပူးပေါင်း ဆောင်ရွက်မှုကိစ္စတွေ ကို အပြန်အလှန်ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံကိုရောက်ရှိနေတဲ့ ဂျပန် ဒုတိယနိုင်ငံခြား ရေးဝန်ကြီး မစ္စမာကီတိုကီကူတာနဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်း ရေးမှူး ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီကနေ့နေ့ခင်းပိုင်းက တွေ့ဆုံစဉ်မှာ အပြန်အလှန် ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။
ဒါ့အပြင် အရှေ့အာရှဒေသမှာ ဂျပန်နိုင်ငံဟာ နိုင်ငံရေးနဲ့ စီးပွားရေးအရ အင်အားကြီးနိုင်ငံအဖြစ် တည်ရှိနေမှုဟာ မဟာဗျူဟာအရ အလွန်အရေးပါနေတဲ့အကြောင်းတွေကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ အဖွဲ့ချုပ် ဗဟိုပြန်ကြားရေးအဖွဲ့ဝင် ဦးအုန်းကြိုင်က အခုလိုပြောပြပါတယ်။
“ဆွေးနွေးတဲ့အကြောင်းအရာတွေကို ကျနော် သိရသလောက်ကတော့ ဂျပန်က ဆူနာမီငလျင်ကြီး ကြုံရပြီးတဲ့နောက်မှာ ဒုက္ခရောက်နေတဲ့ ငလျင်ဘေးသင့် ပြည်သူတွေကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကရုနာ စေတနာထားပြီးတော့ စိတ်ဓာတ်ပိုင်းဆိုင်ရာအရကော၊ ရုပ်ပိုင်းဆိုင်ရာအရကော ပံ့ပိုးကူညီတဲ့အတွက် အထူး ကျေးဇူး တင်ရှိပုံတွေကို ပြောပါတယ်။
“အဲဒီနောက် အရှေ့အာရှမှာ ဂျပန်နိုင်ငံရဲ့ နိုင်ငံရေးအင်အားကြီး အဖြစ်လည်းကောင်း၊ စီးပွားရေးခွန်အားရှင်ကြီး အဖြစ် လည်းကောင်း ရပ်တည်နေတာဟာ မဟာဗျူဟာအရ အလွန်အရေးပါတယ် ဆိုတဲ့ အကြောင်းလည်း ပြောဖြစ်ကြတယ်လို့ ဆိုပါတယ်။ အဲဒီနောက် ဂျပန်နဲ့ မြန်မာအကြား အကျိုးတူပူးပေါင်းဆောင်ရွက်နေတဲ့ ကိစ္စတွေ အဲဒါတွေလည်း ဆွေးနွေး ဖြစ်ကြတယ်လို့ အကြမ်းဖျင်း သိရပါတယ်ခင်ဗျ။”
မစ္စကီကူတာရဲ့ ဒေါ်အောင်ဆန်းစု ကြည်နဲ့တွေ့ဆုံမှုဟာ ဂျပန်ထိပ်တန်းတာဝန်ရှိသူတွေထဲက ကိုးနှစ်တာကာလအတွင်း ပထမဆုံးအကြိမ် တွေ့ဆုံမှုလည်းဖြစ်ပါတယ်။
မစ္စ ကီကူတာက မြန်မာပြည်ခရီးစဉ်နဲ့ပတ်သက်ပြီး ဒီမိုကရေစီပြောင်းလဲရေးလုပ်ဖို့ ဦးတည်နေတဲ့ အစိုးရသစ်နဲ့ ဂျပန်အစိုးရအကြား ဆက်ဆံရေးအသစ် တည်ဆောက်ဖို့ ရည်ရွယ်တဲ့ ပထမခြေလှမ်းဖြစ်လိမ့်မယ်လို့ မျှော်လင့်မိတယ်လို့လည်း ပြောကြားခဲ့ဖူးပါတယ်။
ဂျပန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး မစ္စ မာကီတိုကီကူတာ သူ့ရဲ့ခရီးစဉ်အတွင်း ပြည်ထောင်စုနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်အပါအဝင် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာတို့လည်း တွေ့ဆုံခဲ့ပါတယ်။
ဒါအပြင် မစ္စ မာကီတိုကီကူတာနဲ့ အဖွဲ့ဟာ ဒီခရီးစဉ်အတွင်းမှာပဲ ဂျပန်နိုင်ငံကနေ မြန်မာနိုင်ငံကို ထောက်ပံ့ပေးနေတဲ့ အမေရိကန် ဒေါ်လာ ၅ ဒဿမ ၈၇ သန်းတန်ဖိုးရှိတဲ့ စားနပ်ရိက္ခာပစ္စည်းတွေကိုလည်း အစိုးရအဖွဲ့ဝင်တွေ ရှေ့မှောက်မှာပဲ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရက္ခာ အစီအစဉ်က ဌာနေကိုယ်စားလှယ်ကို လွှဲပြောင်းလှူဒါန်းခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၀ ခုနှစ်တုန်းကလည်း ဂျပန်နိုင်ငံဟာ မြန်မာနိုင်ငံကို အမေရိကန်ဒေါ်လာ ၅ ဒသမ ၄၈၉ သန်းတန်ဖိုးရှိ စားနပ်ရိက္ခာပစ္စည်းတွေကိုလည်း လှူဒါန်းခဲ့ဖူးပါသေးတယ်။
ဂျပန်နိုင်ငံဟာ မြန်မာအစိုးရရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအနေနဲ့ ဒီမိုကရေစီရေး လှုပ်ရှားဆောင်ရွက်သူ တွေကို ဖိနှိုပ်မှုတွေကြောင့် လူသားချင်းစာနာမှုနဲ့ အရေးပေါ် အကူအညီတွေကလွဲရင် အခြားစီးပွားရေး အကူအညီတွေကို ၂၀၀၃ ခုနှစ်က စပြီး ရပ်ဆိုင်းထားတဲ့ နိုင်ငံတခုဖြစ်ပါတယ်။
ဆက်စပ်သတင်းများ