ရေထဲမျောလာသည့် တောဆင်ရိုင်းသုံးကောင် ဆယ်ယူရရှိ
အေးနိုင်
·
June 29, 2011
စစ်တွေနဲ့ တဖက်ကမ်းက အုန်းတောမှာ ဘင်္ဂလား ပင်လယ်ထဲမျောပါနေတဲ့ တောဆင်ရိုင်း ၃ ကောင်ကို ငါးဖမ်းသင်္ဘောတွေကဆယ်ပြီး စစ်တွေဆိပ်ကမ်းကို ရောက်ရှိနေပါတယ်။
မနေ့ည သန်းခေါင်ကျော်လောက်မှာ ဖမ်းယူရမိခဲ့တဲ့ အဲဒီဆင်လေးတွေဟာ အသက်အားဖြင့် ဆယ်နှစ်သား ဝန်းကျင်လောက်ရှိမယ်လို့သွားရောက်ကြည့်ရှုသူတွေက ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်ကို ငါးပို့နေတဲ့ မော်တော်ဘုတ်တွေက မီးပြအနီး ရေမျောနေတဲ့ ဆင်လေးတွေကို ဆယ်ယူလာတာလို့ ဆိုပါတယ်။
သစ်တောဌာနတာဝန်ရှိသူတွေအဆိုအရ ဒီဆင်လေးတွေကို ယဉ်ပါးအောင် သုံးနှစ်လောက် အချိန်ယူသင်ကြားပြုစုရမယ်လို့ ဆိုပါတယ်။
ဥတုရာသီတောကိုမီဆိုတဲ့ ဆောင်ပုဒ်ရှိပေမယ့် တောတောင်တွေကို လူတွေက ခုတ်ထွင်ရှင်းလင်းတဲ့အတွက် တောင်ကတုံးတွေဖြစ်ကုန်တာကြောင့် တောတိရစ္ဆာန်တွေ နေစရာ နေရာမရှိဖြစ်ကြသလို ဒီဆင်လေးသုံးကောင်ဟာလည်း တောင်ကျရေနဲ့ မျောပါတာ ဖြစ်နိုင်တယ်လို ဒေသခံတွေအကြား ဝေဖန်ပြောဆိုနေကြပါတယ်။