တောင်ငူမြို့တွင် ဗုံးကွဲ
DVB
·
June 29, 2011
ပဲခူးတိုင်း၊ တောင်ငူမြို့မှာ ဒီကနေ့ မွန်းလွဲပိုင်းက ဗုံးတလုံးပေါက်ကွဲခဲ့ပြီး လူအသေအပျောက် မရှိဘူးလို့ တောင်ငူမြို့ခံတဦးက ပြောပါတယ်။
“မိုင်ဒါကွင်းရဲ့ အရှေ့မြောက်ထောင့်မှာ မိတ္တဗလ လမ်းဆိုတာရှိတယ်။ အဲဒီ လမ်းထောင့်လေးမှာ လမ်းညွှန်ဆိုင်းဘုတ်လေး ရှိတယ်။ အဲဒီ မိတ္တဗလ လမ်းဆိုတဲ့ အဲဒီ လမ်းညွှန်ဆိုင်းဘုတ်လေးနဲ့ တတောင်လောက်ပဲကွာတယ်၊ လမ်းဘေးပေါ့နော် မိုင်ဒါကွင်း အပြင်ဘက် အဲဒီမှာ ကွဲတယ်။ ၁ နာရီ ၁၅ ပတ်ဝန်းကျင်လောက်။”
ဗုံးပေါက်တဲ့နေရာဟာ လုံခြုံရေးယူထားတဲ့ ရဲနဲ့စစ်တပ်တွေနဲ့အနီးဆုံးနေရာမှာ ပေါက်ကွဲခဲ့တာလည်း ဖြစ်ပါတယ်။
တောင်ငူမြို့ မိုင်ဒါကွင်းထဲက မိုးလုံလေလုံအားကစားရုံထဲမှာ တောင်ငူမြို့ လုံခြုံရေးယူထားတဲ့ ရဲတပ်ရင်း အမှတ် ၁၁ နဲ့ကပ်လျက် ခပေါင်းခန်းမမှာလည်း စစ်တပ်လုံခြုံရေးတွေ ရှိနေတယ်လို့ ဆိုပါတယ်။
အလားတူပဲ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့မှာလည်း ဇွန်လ ၂၈ ရက် ညသန်းခေါင်ယံက ဗုံးတလုံးပေါက်ကွဲခဲ့တယ်လို့ သိရပေမယ့် ဒီသတင်းကိုတော့ ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးပါဘူး။
ဒီကနေ့ထုတ် အစိုးရသတင်းစာတွေထဲမှာ ပြီးခဲ့တဲ့ဇွန်လ၂၄ ရက်က နေပြည်တော်၊ မနလေးနဲ့ ပြင်ဦးလွင်မြို့တွေမှာ ဗုံးဖောက်ခဲ့တဲ့သူတွေဟာ ရှမ်းနာမည်နဲ့ ဘယ်သူဘယ်ဝါတွေပါ ဆိုပြီး စွပ်စွဲ ရေးသားဖော်ပြထားပါတယ်။