Home နိုင်ငံရေး တရားဥပဒေစိုးမိုးရေးနှင့် ပတ်သက်ပြီး ဆွေးနွေးရန် ဒေါ်အောင်ဆန်းစုကြည်တောင်းဆို
တရားဥပဒေစိုးမိုးရေးနှင့် ပတ်သက်ပြီး ဆွေးနွေးရန် ဒေါ်အောင်ဆန်းစုကြည်တောင်းဆို
assk အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တရားဥပဒေစိုးမိုးရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့ ပြည်ထောင်စုပြည်ထဲရေးဝန်ကြီးကို တောင်းဆိုလိုက်ပါတယ်။
ပြည်ထဲရေး ဝန်ကြီးဌာနက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို နိုင်ငံရေးပါတီအဖြစ် ဆက်လက်မလုပ်ဆောင်တော့ဖို့ ဒီလ ၂၈ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးအောင်ရွှေတို့ဆီကို စာရေးသားပေးပို့ပြီးတဲ့နောက် ဒေါ်အောင်ဆန်းစုကြည်က ပြန်လည်တောင်းဆိုလိုက်တာပါ။
ဒီကနေ့ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေး ဆုံးဖြတ်ချက်နဲ့ ဒေါ်အောင်ဆန်းစုကြည်က လက်မှတ်ရေးထိုးပြီး ပြည်ထောင်စုပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကိုထံ ပေးပို့တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။
ဒီစာနဲ့ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုပြန်ကြားရေးအဖွဲ့ဝင် ဦးဥာဏ်ဝင်းက အခုလိုပြောပြပါတယ်။
“ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးမှာ ညှိနှိုင်းပြီးတော့ ဒေါ်အောင်ဆန်း စုကြည် လက်မှတ်ထိုးပြီးတော့ ပြည်ထဲရေးဝန်းကြီးဆီကို ကျနော်တို့ မေတ္တာရပ်ခံစာ ပို့ထားတယ်။ ကိစ္စကတော့ တရားဥပဒေစိုးမိုးရေးဟာ ကျနော်တို့က တရားဥပဒေအရ ကျနော်တို့ ပါတီ ရှိနေတယ်လို့ ကျနော်တို့က ဒီလို မြင်တယ်။ သူတို့ အစိုးရဘက်ကတော့ ပါတီကို ဖျက်သိမ်းပြီး ဘာညာပေါ့လေ၊ ဒါတွေကို အငြင်းပွားဖို့ မဟုတ်ဘူး။ တရားဥပဒေစိုးမိုးရေးအတွက် တွေ့ဆုံခွင့်ကို စီစဉ်ပေးပါ ဆိုပြီးတော့ ကျနော်တို့ စာရေးလိုက်တယ်။ ကျနော်တို့ ပို့လိုက်တဲ့ စာထဲမှာ ပြောသင့်တာတွေ ဥပဒေ အချက်အလက်တွေ ကျနော်တို့ ပြောထားပါတယ်။”
ဒီကနေ့ထုတ် ကြေချက်ထဲမှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ၁၉၈၈ ခုနှစ်က ပြဋ္ဌာန်းခဲ့တဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေနဲ့အညီ မှတ်ပုံတင်ခဲ့ပြီး တရားဝင်ပါတီအဖြစ် ဆက်လက်ရပ်တည်နေဆဲဖြစ်တာကြောင့် ၂၀၁၀ ပြည့်နှစ် ပြည်ထောင်စု ရွေးကောက်ပွဲကျင်းပရေး ကော်မရှင်အနေနဲ့ ဖျက်သိမ်းပယ်ဖျက်နိုင်တဲ့ အခွင့်အာဏာ မရှိကြောင်း အခိုင်အမာ ဖော်ပြထားပါတယ်။
အဖွဲ့ချုပ်ကို ဖျက်သိမ်းခွင့် မရှိဘူးဆိုတဲ့အချက်ကို ကိုင်စွဲပြီး တရားရုံးချုပ်တွေကို လျှောက်ထားခဲ့ပေမယ့် ပယ်ချခဲ့တာတွေဟာလည်း ဥပဒေနဲ့မညီတဲ့အတွက် လက်မခံနိုင်ဘူးလို့ ထပ်လောင်းဖော်ပြထားပါတယ်။
ဒါ့အပြင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ပုဒ်မ ၄၀၇၊ ၄၀၉ နဲ့ ၄၄၆ တွေနဲ့လည်း ငြိစွန်းခြင်း မရှိတဲ့အတွက် တရားဝင်ပါတီအဖြစ် တည်ရှိနေဆဲဖြစ်တဲ့အကြောင်းတွေကိုလည်း ထည့်သွင်းဖော်ပြထားပါတယ်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဒီဆောင်ရွက်ချက်တွေဟာ တရားဥပဒေစိုးမိုးရေးအတွက် ဥပဒေပါ ပြဋ္ဌာန်းချက်တွေကို အလေးထား လိုက်နာ ခြင်းသာဖြစ်ကြောင်းနဲ့ လွှတ်တော်အဆင့်ဆင့်နဲ့ နိုင်ငံတော်အစိုးရကို ဆန့်ကျင်လိုတဲ့ သဘောမဟုတ်ဘူးလို့ ပြည်ထဲရေးဝန်ကြီးထံ ပေးတဲ့စာမှာ ရေးထားပါတယ်။
တရားဥပဒေစိုးမိုးရေး မဖြစ်မနေလိုတယ်လို့ ပြောတဲ့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ရဲ့ မိန့်ခွန်းကို ကိုးကားထားသလို အဖွဲ့ချုပ်ကို နိုင်ငံရေးပါတီအဖြစ်ကနေ ပယ်ဖျက်ခြင်းဟာ တရားဥပဒေနဲ့ ညီညွတ်ခြင်းရှိမရှိ ပြန်လည်သုံးသပ်ပေးစေလိုကြောင်း ထည့်သွင်းဖော်ပြထားပါတယ်။
ဒါ့အပြင် ပြည်ထဲရေးဝန်ကြီးဌာနက စွပ်စွဲရေးသားသလို အဖွဲ့ချုပ်ဟာ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးတွေနဲ့အတူ ပြည်သူတွေအကြား စည်းလုံးညီညွတ်မှုတွေကို ထိခိုက်ပျက်ပြားစေရန် လုပ်ဆောင်နေတာမျိုး မဟုတ်ကြောင်း၊ တရားဥပဒေစိုးမိုးရေးကို အမှန်တကယ်လိုလားပြီး အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် အလေးထားပြီး အစဉ်ကြိုးပမ်းနေတဲ့ အဖွဲ့အစည်းတခုသာ ဖြစ်ကြောင်းကိုလည်း တုံ့ပြန်ထားပါတယ်။
ဒါကြောင့် အဖွဲ့ချုပ်နဲ့ အစိုးရအနေနဲ့ တူညီတဲ့လိုလားချက်တွေကို အခြေခံထားပြီး ညှိနှိုင်းဖို့ တောင်းဆိုရတာဖြစ်ကြောင်းကိုလည်း ဒီကြေညာချက်ထဲမှာ အလေးအနက် ဖော်ပြထားပါတယ်။
ဆက်စပ်သတင်းများ