Home
မြန်မာသတင်း
ပြည်ပ၌ ကြိုတင်မဲလာပေးသူပေါင်း ၁ သောင်းကျော်ရှိပြီ
DVB
·
October 19, 2015
၂၀၁၅ အထွေထွေရွေးကောက်ပွဲအတွက် ပြည်ပနိုင်ငံတွေမှာ ကြိုတင်ဆန္ဒမဲ လာရောက်ပေး ခဲ့ကြတဲ့ မဲဆန္ဒရှင်စုစုပေါင်း အောက်တိုဘာ ၁၃ ရက်က ၁၇ ရက်အထိ ၁၁၉၀၆ ဦးရှိ သွားပြီလို့ အစိုးရပြန်ကြားရေးကသတင်းထုတ်ပြန်ပါတယ်။ အောက်တိုဘာ ၁၃ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့ရှိ အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ရုံးမှာ ကြိုတင်မဲတွေစပေးခဲ့တာဖြစ်ပြီး အောက်တိုဘာ ၁၆ ရက်မှာ သြစတြေးလျ၊ တောင်ကိုရီးယား၊ စင်ကာပူ၊ အစ္စရေး၊ ဘရူနိုင်း၊ ဂျာမနီ၊ သီရိလင်္ကာနဲ့ ကူဝိတ်နိုင်ငံတွေမှာ ၅၅၃၇ ဦးလာရောက်မဲပေးခဲ့တယ်လို့ ဆိုပါတယ်။ အောက်တိုဘာ ၁၇ ရက်ကတော့ ထိုင်း၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ ဂျပန်၊ တရုတ်၊ အိန္ဒိယ ၊ ဗြိတိန်၊ ပြင်သစ်နဲ့ အမေရိကန်အပါအ၀င် မြန်မာသံရုံး ၂၂ ရုံးနဲ့ ကောင်စစ်ဝန်ရုံး ၆ ရုံးတို့မှာ ၆၃၆၉ ဦး ကြိုတင်မဲ လာပေးခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ပြည်ပရောက် မြန်မာနိုင်ငံသားတွေအနက် စင်ကာပူနိုင်ငံမှာ ကြိုတင်မဲပေးဖို့ ညအိပ်စောင့်ဆိုင်း စီးတန်း မဲလာပေးခဲ့ကြရတဲ့အထိ မဲပေးကြသူအများဆုံးဖြစ်ပြီး မဲစာရင်း မပါတဲ့ပြသနာ၊ မဲစာရင်းမှားတဲ့ပြသနာ၊ ဆန္ဒမဲလက်မှတ်တွေ အပြည့်အစုံမရတဲ့ ပြဿနာတွေ ကြုံတွေ့ခဲ့ကြရတာ ဖြစ်ပါတယ်။ တောင်ကိုရီယားရောက် မြန်မာတွေအနေနဲ့ ကြိုတင်မဲပေးရာမှာ မဲလက်မှတ်မှာ မဲရုံမှူး လက်မှတ် မပါတာကြောင့် ပေးခဲ့တဲ့ မဲတွေပယ်မဲဖြစ်သွားမှာကို စိုးရိမ်ပူပန်နေကြပါတယ်။ ဆိုးလ်မြို့ရှိ မြန်မာသံရုံးမှာ ကြိုတင်မဲစတင်ပေးရတဲ့ အောက်တိုဘာလ ၁၅ ရက် ကစပြီး အောက်တိုဘာလ ၁၇ရက် စနေနေ့ မနက် ၁၀ နာရီလောက်အထိလို့ မဲရုံမှူးလက်မှတ်မပါဘဲ မဲပေးခဲ့ရပြီး နောက်ပိုင်းမှာတော့ မဲရုံမှူး လက်မှတ်မပါရင် ပယ်မဲဖြစ်သွားမှာ စိုးရိမ်လို့ သံရုံး တာဝန်ခံကို လက်မှတ်အတင်းထိုးခိုင်းတဲ့အတွက် လက်မှတ်ထိုးပေးခဲ့တယ်လို့ တောင်ကိုရီးယား နိုင်ငံမှာ နိုင်ငံရေးဘာသာရပ်နဲ့မဟာတန်းတက်နေတဲ့ ကျောင်းသူတဦးက ဒီဗွီဘီကို ပြောပါတယ်။ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကတော့ ကြိုတင်မဲ မဲလက်မှတ်မှာ သံရုံးတာဝန်ခံအရာရှိ လက်မှတ်ရေးထိုးထားရင်လဲ ခိုင်လုံတဲ့မဲအဖြစ် သတ်မှတ်တယ်လို့ အောက်တိုဘာ ၁၈ ရက်စွဲနဲ့ ကြေညာထားပါတယ်။ ကော်မရှင် ထုတ်ပြန်ချက်မှာ “ပြည်ပရောက် မဲဆန္ဒရှင်ပြည်သူတွေ ဆန္ဒပြုမယ့် ကြိုတင်မဲ လက်မှတ်ရှေ့ဘက် မဲရုံမှူးလက်မှတ်နေရာမှာ မဲရုံမှူးလက်မှတ် ပါရှိမည်မဟုတ်ပါ၊ ကြိုတင်ဆန္ဒမဲ လက်မှတ် နောက်ကျောမှာသာ သက်ဆိုင်ရာမြို့နယ် ကော်မရှင်အဖွဲ့ခွဲရဲ့ တာဝန်ခံ အမည်၊ တံဆိပ်နဲ့ လက်မှတ်ပါရှိမှာဖြစ်ပါတယ်။ သို့သော်လည်း အချို့သောသံရုံးများသည် မဲရုံမှူး လက်မှတ်နေရာမှာ သံရုံးတာဝန်ခံက လက်မှတ်ထိုးထားကြောင်းသိရပါတယ်။ သို့ဖြစ်ပါ၍ ကြိုတင်မဲတွင် မဲလက်မှတ်၏ နောက်ကျော၌ ထုတ်ပေးသောမြို့နယ်မှ တံဆိပ်၊ အမည်၊ လက်မှတ်တခုခုပါပြီး မဲရုံမှူးနေရာတွင် သံရုံးတာဝန်ခံအရာရှိက လက်မှတ်ရေးထိုးထား ပါကလည်း ခိုင်လုံသောမဲအဖြစ်သတ်မှတ်ပါမည်” လို့ ဖော်ပြထားပါတယ်။ ပြည်ပရောက်မြန်မာတွေ ကြိုတင်မဲပေးနိုင်ဖို့ မြန်မာသံရုံးနဲ့ ကောင်စစ်ဝန်ရုံးတွေမှာ အောက်တိုဘာ ၁၃ ရက်မှ ၂၃ ရက်အတွင်း မဲရုံတွေ ဖွင့်လှစ်ဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။ အကြောင်း အမျိုးမျိုးကြောင့် ကြိုတင်မဲပေးခဲ့ခြင်းမရှိဘဲ ရွေးကောက်ပွဲကျင်းပတဲ့နေ့ကျမှ နေရပ်ပြန် ဆန္ဒမဲပေးလိုပါက မဲမပေးရသေးကြောင်း သံရုံး သက်သေခံလက်မှတ်ကိုရယူပြီး သက်ဆိုင်ရာ မဲရုံမှူးထံ တင်ပြကာ ဆန္ဒမဲပေးနိုင်တယ်လို့လည်း သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024