Home လူမှုရေး မူဆယ်ဈေးမီး ဆိုင်ပေါင်း ၂၀ လောင်ကျွမ်း
မူဆယ်ဈေးမီး ဆိုင်ပေါင်း ၂၀ လောင်ကျွမ်း
fire ရှမ်းပြည်မြောက်ပိုင်း တရုတ်နယ်စပ် မူဆယ်မြို့ ဈေးကြီးထဲမှာ ဒီမနက် အစောပိုင်းက မီးလောင်မှု ဖြစ်ပွားခဲ့ပြီး စတိုးဆိုင်တခုအပါအ၀င် ဆိုင်ပေါင်း ၂၀ လောက် မီးလောင်ကျွမ်းခဲ့ပါတယ်။
မူဆယ်မြို့လယ်ခေါင် ဈေးရပ်ကွက်က စည်ပင်ဈေးသစ် အပေါ်ဈေးကြီးမှာ မနက်စောစော ဈေးမဖွင့်ခင် ၅ နာရီကျော်လောက်က မီးစတင်လောင်ကျွမ်းခဲ့ပါတယ်။
မူဆယ်မြို့ခံတဦးက “မီးလောင်တာ ဈေးကြီးအပေါ်ထပ်မှာ အောက်ထပ်တော့ ဘာမှမဖြစ်ဘူး။ ၅ နာရီခွဲလောက် ဈေးဖွင့်တာနဲ့ မီးခိုးတွေ တွေ့ရတာပဲ။ မီးသတ်ကား ၇ စီး၊ ၈ စီးလောက် လာငြိမ်းသွားတယ်။ ဆိုင်ခန်း ၂၀ ကျော်လောင်တယ်။ ဖိနပ်ဆိုင်၊ ရွှေဆိုင်၊ စက်ချုပ်ဆိုင်တွေပေါ့။ အများဆုံးလောင်သွားတာ တံခွန်ကုန်မာဆိုင် စတိုးဆိုင်။ သူတို့ဆိုင်က မွေ့ရာတွေ၊ ခုတင်တွေ၊ အိမ်ထောင်ပရိဘောဂပစ္စည်းတွေ ရောင်းတယ်။ ကျန်တဲ့ဆိုင်တွေက နည်းနည်းပါးပါးပဲ လောင်တယ်။ မီးက ဘယ်က စလောင်လည်း မသိဘူး။ တချို့က ၀ိုင်ယာရှော့ ဖြစ်တယ်လို့လည်း ပြောသံကြားတယ်” လို့ ဆိုပါတယ်။
မီးလောင်မှုအတွင်း စတိုးဆိုင်ကြီး တဆိုင်အပါအ၀င် ဆိုင်ခန်းပေါင်း ၂၀ လောက် မီးလောင်ကျွမ်းတဲ့အတွက် သိန်းပေါင်းထောင်ချီ ဆုံးရှုံးနိုင်တယ်လို့ သူက ခန့်မှန်းပါတယ်။
အခု မီးလောင်ခံရတဲ့ဈေးဟာ ပြီးခဲ့တဲ့ နှစ် ၂၀ လောက်က အသစ်တည်ဆောက်ထားတဲ့ ဈေးဖြစ်ပြီး အရင်ဈေးဟောင်းတုန်းကလည်း မီးလောင်လို့ ပျက်စီးခဲ့ရပါတယ်။
မူဆယ်မြို့မှာ အပေါ်ဈေးနဲ့ အောက်ဈေး ဆိုတဲ့ ဈေးကြီး နှစ်ခုရှိပြီး ဒီဈေးက ကုန်စုံဆိုင် စတိုးဆိုင်တွေနဲ့ ခေတ်မီတော့ ပိုမိုစည်ကားတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ဆက်စပ်သတင်းများ