DVB Logo
Home
လူမှုရေး
ပြဿနာဖြစ်သည့် တရုတ်ကျောက်ကုန်သည်ခြောက်ဦးကို ပြန်ပို့
DVB
·
June 28, 2011
ပြဿနာဖြစ်သည့် တရုတ်ကျောက်ကုန်သည်ခြောက်ဦးကို ပြန်ပို့
Donate to DVB

သက်ဆိုင်ရာက မန္တလေးကျောက်ဝိုင်းမှာ ပြဿနာဖြစ်တဲ့ တရုတ်ခြောက်ဦးကို တရုတ်နိုင်ငံပြန်ပို့ဖွယ်ရှိပြီး ပိတ်ဖို့ပြောထားတဲ့ ကျောက်ဝိုင်းကို ပြန်ဖွင့်ခွင့်ပြုလိုက်ပါတယ်။

မနေ့က မန္တလေးကျောက်ဝိုင်းမှာ လက်ရောက်မှုကျူးလွန်တဲ့ တရုတ်နိုင်ငံသား ခြောက်ဦးကို သက်ဆိုင်ရာက မန္တလေးမြို့ တရုတ်ကောင်စစ်ဝန်ရုံးကတဆင့် မိခင်နိုင်ငံ ပြန်လည်ပို့ဆောင်ဖွယ်ရှိတယ်လို့ မန္တလေးသားတွေက ပြောပါတယ်။

မနေ့ညနေက မန္တလေး-ရန်ကုန် ကားလမ်းမပေါ်မှာ  မြင်တွေ့ခဲ့တဲ့ လူငယ်တဦးက အခုလိုပြောပါတယ်။

“ဖမ်းထားတဲ့ တရုတ်နိုင်ငံသား ၆ ဦး သူတို့နိုင်ငံကို ပြန်သွားပြီနဲ့တူတယ်။ သူတို့နိုင်ငံကို ပြန်ပို့လိုက်တယ်။ ကောင်စစ်ဝန်ရုံးအကူအညီနဲ့ ရန်ကုန်မန္တလေး ကားလမ်းပေါ်မှာ လိုက်ထရပ်ကားနဲ့ ခေါ်သွားပြီးတော့ ဂိတ်တွေဘာတွေမှာ အရှေ့က ကားတစီးပါတယ်။ လ၀က တယောက်ပါတယ်။ ရဲ နှစ်ယောက် ပါတယ်။ ဘေးက ခရီးဆောင်အိတ်တွေနဲ့ ကျနော်ကိုယ်တိုင် တွေ့လိုက်တယ်။ အမှတ် ၇ ရဲစခန်းကတော့ သူ့တို့ဆီမှာ အမှုမဖွင့်ဘူး၊ မရှိတော့ဘူးလို့ ပြောပါတယ်။ ပြန်လွှတ်လိုက်ပြီနဲ့ တူပါတယ်။ လ၀က က ပြောတာတော့ တလဗီဇာသက်တမ်းနဲ့ လာနေတဲ့ နိုင်ငံခြားသား အစစ်တွေတဲ့။ ကျောက်ဝိုင်းက ကျောက်သမားတွေကတော့ ဘာမှအရေးမယူလို့ ကျေနပ်မယ်မထင်ဘူး။”

မနေ့ မနက်တုန်းက တရုတ်ပြည်မကနေ လာရောက်တဲ့ ကျောက်ကုန်သည် ခြောက်ဦးက ကျောက်သမားတွေ ဖြစ်လေ့ရှိတဲ့ အချင်းများမှုတခုက အစပြုပြီး  မြန်မာကျောက်ပွဲစားတဦးကို ကိုယ်ထိလက်ရောက် အခန်းပိတ်ထိုးကြိတ်ရာက ကျန်မြန်မာတွေက မခံမရပ်နိုင်ဖြစ်ပြီး အဲဒီတရုတ်တွေကို ၀ိုင်းထိုးကြိတ်ခဲ့ကြပါတယ်။

ရဲက စတင်ထိုးကြိတ်တဲ့ တရုတ်တွေကို မျက်နှာသာပေးတာကို ထပ်ကြုံရပြန်တဲ့အတွက်  မြန်မာကျောက်သမား ရာပေါင်းများစွာက ကမ္ဘာမကြေ၊ ဇာတိမာန် စတဲ့ အမျိုးသားသီချင်းတွေကို သံပြိုင်ဟစ်ကြွေးပြီး ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

ရဲအင်အား ၁၀၀ ကျော်က အဲဒီ တရုတ်ခြောက်ဦးကို ကျောက်ဝိုင်းထဲကနေ ခေါ်ထုတ်သွားခဲ့တာဖြစ်ပြီး မန္တလေးမှာရှိတဲ့ တရုတ်ကောင်စစ်ဝန်ရုံးကနေတဆင့် ပြန်ပို့တာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

မနေ့က အခင်းဖြစ်ပြီးနောက် ဇွန် ၂၈၊ ၂၉ နဲ့ ဥပုသ်နေ့ ၃၀ ရက်ထိ ပိတ်လိုက်ပေမယ့် ဒီမနက် ရှစ်နာရီလောက်ကနေ တစတစ လူပြန်လည်စည်ကားလာ လို့ ကျောက်ဝိုင်းပြန်ဖွင့်ခဲ့ပြီး လူနည်းပါးတယ်လို့ မန္တလေးသားတွေက ပြောပါတယ်။

တပ်မတော်အစိုးရလက်ထက်မှာ တရုတ်လူမျိုးတွေကို အထူးအခွင့်အရေးပေးတဲ့အပေါ် နိုင်ငံသားတွေက အစိုးရအပေါ် မကျေမနပ်ဖြစ်ကြပါတယ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013