Home
မြန်မာသတင်း
သင်္ဃန်းကျွန်းမြို့ ရပ်ကွက်အုပ်ချုပ်ရေးမှူး ကြံ့ခိုင်ရေးပါတီဝင်များကိုသာ ခန့်
ရွှေအောင်
·
June 28, 2011
ရန်ကုန်တိုင်း၊ သင်္ဃန်ကျွန်းမြို့နယ် ရပ်ကွက်အုပ်ချုပ်ရေးမှူးနေရာ သုံးဆယ်ကို ကြံ့ခိုင်ရေးပါတီဝင်တွေ၊ ကြံ့ခိုင်ရေးပါတီနဲ့ နီးစပ်သူတွေကိုချည်း ခန့်လိုက်ပါတယ်။ သင်္ဃန်းကျွန်းမြို့နယ်ထဲက ရပ်ကွက် ၃၈ ခု အနက် ၃၀ မှာ  အခုလို ကြံ့ခိုင်ရေးပါတီဝင်တွေကိုချည်း ခန့်လိုက်တာ ဖြစ်ပါတယ်။ ဇွန်လ ၂၇ ရက်နေ့က ခန့်လိုက်တာဖြစ်ပြီး ခန့်လိုက်တဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူး တွေဟာ အများပြည်သူ ကြည်ညိုလေးစားတဲ့သူတွေ မဟုတ်တဲ့အတွက် ရပ်ကွက်နေပြည်သူတွေက မကျေနပ်ကြကြောင်း  စာရေးသားတင်ပြထားတာတွေ  ရှိတယ်လို့ သင်္ကန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြောပါတယ်။ ရပ်ကွက်နေပြည်သူတွေက တဦးချင်း စာရေးသားပေးပို့တာတွေရှိသလို ရပ်ကွက်နေပြည်သူတွေ စုပေါင်းပြီး စာရေးပေးပို့တာတွေလည်း ရှိတယ်လို့ သူက ပြောပါတယ်။ ဇွန်လ ၂၈ ရက် ဒီနေ့ပဲ ရပ်ကွက်နေ ပြည်သူ ၁၀၀ လောက် လက်မှတ်ရေးထိုး ပေးပို့ထားတဲ့စာကို ဦးသိန်းညွန့်က ခုလို ဖတ်ပြပါတယ်။ “သို့-- သင်္ကန်းကျွန်းမြို့နယ် ကိုယ်စားလှယ် ဦးသိန်းညွန့်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ကိစ္စတင်ပြခြင်း။ င/က ရပ်ကွက် အုပ်ချုပ်ရေးမှူး ကိုမြသွင်ဟု ကြားသိရပါသည်။ သို့ပါသောကြောင့် အောက်ဖော်ပြသူသည် အများကြည်ညို ယုံကြည်လေးစားမှု မရှိသည့်သူဖြစ်ပါသည်။ ၀ါတွင်းသုံးလပတ်လုံးမှာလည်း အလှူငွေကောက်ခံသည့်အခါ ၁၀၀၀ ရသည့်အခါ ငွေ ၂၀၀ ကို ကော်မရှင်ဖြတ်ယူပါသည်။ မိန်းမကိစ္စမှာလည်း နာမည်ကြီးသူတဦး ဖြစ်ပါသည်။ အလောင်းအစားလည်း ခုံမင်သူတဦးဖြစ်ပြီး အကျင့်စာရိတ္တလည်း ပျက်ပြားသူဖြစ်ပါသည်။ ရပ်ကွက်ပြည်သူလူထုက မထောက်ခံလည်း ဂရုမစိုက်ဘူး။ သူ့ကိုကြံ့ခိုင်ရေးပါတီက ထောက်ခံတယ်ဆိုပြီးတော့ ကြွေးကြော်ပြီး ရပ်ကွက်လူထုကို ငါဘာကောင်လဲဆိုတာ ပြမယ်ဆိုတာ ကြွေးကြော်နေပါသည်။ ရပ်ကွက်အတွင်းရှိ မွတ်စလင်များကိုလည်း နှိပ်ကွပ်မည်ဟု ကြွေးကြော်နေပါသည်။ လက်ရှိ အာဏာနှင်းအပ်ခံထားရသူ တယောက်အား ပြည်သူလူထုက မလိုလားပါ၍ လက်မှတ်ရေးထိုး ကန့်ကွက်သည်ဆိုပြီးတော့ လူ ၁၀၀ လောက် လက်မှတ်ရေးထိုးပြီး ကျနော့်ဆီကို ပို့တယ်။” ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း အများအပြားရှိတဲ့ သင်္ဃန်းကျွန်း အနောက်ကျိုက္ကဆံရပ်ကွက်မှာ ခန့်လိုက်တဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးဟာ ဘာသာခြား ဖြစ်နေတဲ့အတွက် ရပ်ကွက်ထဲမှာရှိတဲ့ ဘုန်းတော်ကြီးတွေက ကန့်ကွက်ကြောင်းစာကို မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ သူ့ဆီ စာရေးပေးပို့တယ်လို့လည်း ပြောပါတယ်။ မြို့နယ်ကြံ့ခိုင်ရေးပါတီနဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးတို့ ပူးပေါင်းခန့်အပ်လိုက်တာ ဖြစ်တဲ့အတွက် အခြေခံဥပဒေနဲ့ ညီညွတ်မှုမရှိတာကြောင့် သက်ဆိုင်ရာကို ကန့်ကွက်တင်ပြသွားမယ်၊ လက်ခံနိုင်စရာ မရှိဘူးလို့လည်း ပြောပါတယ်။ “ရပ်ကွက်အုပ်ချုပ်ရေးမှူး ကိစ္စတွေမှာ လူထုက ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၈၉ မှာ ပေးထားတဲ့အတိုင်းပေါ့။ ရပ်ကွက်က ကြည်ညိုလေးစားပြီး သိက္ခာသမာဓိ ရှိတဲ့လူကို လိုချင်တာ၊ လွှတ်တော်မှာ အခြေခံဥပဒေကို ကာကွယ်မယ်လို့ ပြောထားပြီးပြီလေ။ ဘာကြောင့် အခြေခံဥပဒေ ပုဒ်မ ၂၈၉ နဲ့ မကိုက်ညီတဲ့ အခြေခံဥပဒေနဲ့ ကွဲလွဲပြီး ခန့်အပ်တာကိုတော့ ကျနော်တို့ မူအရကော ဥပဒေအရကော လက်မခံနိုင်ဘူး။” ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးတွေ ခန့်အပ်တဲ့နေရာမှာ အများပြည်သူ ကြည်ညိုလေးစားသူ ဖြစ်ရမယ်၊ မည်သည့်ပါတီဝင်မျှ မဖြစ်စေရ စတဲ့အချက်တွေ ပါဝင်နေပေမယ့်လည်း အောက်ခြေမှာ ခန့်တဲ့အခါတွေမှာတော့ အခုလိုမျိုးတွေ ဖြစ်ပျက်နေတာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024