မြန်မာအစိုးရကို ပံ့ပိုးနေသည့် ပုဂ္ဂိုလ် ၄၀ ကျော်ကို အရေးယူဒဏ်ခတ်ရန် ကြိုးပမ်း
DVB
·
June 28, 2011
မြန်မာအစိုးရကို စီးပွားရေးနဲ့နိုင်ငံရေးအရ ကျောထောက်နောက်ခံပြုနေတဲ့ အပေါင်းအဖော် ၄၂ ဦး ကို ဘဏ္ဍာရေးအရ ပစ်မှတ်ထား ဒဏ်ခတ်အရေးယူဖို့ဝါရှင် တန်အခြေစိုက် မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့USCB က အမေရိကန် ဘဏ္ဍာရေးဝန်ကြီး တီမိုသီဂိုက်သနာ ကို တောင်းဆိုလိုက်ပါတယ်။
အမေရိကန်အစိုးရဟာ မြန်မာအစိုးရခေါင်းဆောင်သစ်နဲ့ အဟောင်းတွေကို ပစ်မှတ်ထား ဒဏ်ခတ်ထားတဲ့ ၂၀၀၈ တွန်လမ်းတို့စ် မြန်မာကျောက်မျက်ပိတ်ပင်ရေး ဥပဒေအရ အရေးယူဖို့ တောင်းဆိုတာလို့ ဇွန် ၂၇ ရက် ထုတ် USCB ရဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။
မြန်မာနိုင်ငံမှာ ဒီမိုကရေစီ အမည်ခံ အစိုးရသစ်တက်လာပြီး ရက်ပေါင်း ၁၀၀ လောက် ရှိပေမယ့် ဘာမှပြောင်းလဲတာ မတွေ့ရသေးတဲ့အကြောင်း၊ နိုင်ငံရေး အကျဉ်းသား ၂၀၀၀ လောက်ရှိနေပြီး လူ့အခွင့်အရေး ချိုးဖောက်တာ၊ တိုင်းရင်းသားတွေကို တိုက်ခိုက်နေတာတွေ ဆက်လက်ဖြစ်ပွားနေတဲ့အကြောင်းနဲ့ အမျိုးသားရင်ကြားစေ့ရေး သုံးပွင့်ဆိုင် ဆွေးနွေးရေး ခြေလှမ်းစတာ မမြင်ရဘူးလို့ USCB က ပြောပါတယ်။
USCB ရဲ့ အမှုဆောင်ညွှန်ကြားရေးမှူး ဦးအောင်ဒင်က မြန်မာပြည်က သန်းနဲ့ချီတဲ့ လူ တွေဟာ အာဏာပိုင်တွေရဲ့ မတရားဖိနှိပ်မှုကိုသာ ခံနေကြရတာမဟုတ်ဘဲ ခုဆိုရင် အာဏာရ စစ်အစိုးရလက်အောက်မှာ ဒုတိယအင်အားအကြီးဆုံး လူတန်းစားဖြစ်နေတဲ့ စစ်အစိုးရရဲ့ စီးပွားဘက်တွေရဲ့ မတရားဖိနှိပ်မှုကိုပါ ခံနေကြရတယ်လို့ ကြေညာချက်မှာ ပြောပါတယ်။
အစိုးရကို စီးပွားရေးနဲ့နိုင်ငံရေးအရ ပံ့ပိုးပေးနေသူ ၄၂ ဦးအနက် စီးပွားရေးသမားတွေကတော့ ဒေါက်တာ စိုင်းဆမ်ထွန်း၊ ဦးချစ်ခိုင်၊ ဦးအောင်ကိုဝင်း၊ ဦးအိုက်ထွန်းတို့ပါဝင်ပြီး မီဒီယာသမားတွေထဲမှာတော့ ဒေါက်တာ တင်ထွန်းဦး၊ ဒေါက်တာသန်းထွဋ်အောင်၊ ဒေါက်တာ နေဝင်းမောင်၊ ကိုကို (စက်မှု) ၊ မြတ်ခိုင်၊ ဟိန်းလတ်၊ မျိုးအောင် တို့ပါဝင်ပါတယ်။
ရုပ်ရှင်လောကထဲမှာတော့ လွင်မိုး၊ ဇင်ယော်မောင်မောင်တို့ပါဝင်ပြီး မြန်မာ စစ်ခေါင်းဆောင်ဟောင်းတွေရဲ့ သားမြေးတွေဖြစ်တဲ့ စစ်တိုင်းအောင်၊ စစ်သွေးအောင်၊ နေရွှေသွေးအောင်၊ တိုးနိုင်မန်း၊ အောင်ဇော်ရဲမြင့် စသူတို့ ကိုလည်း ထည့်သွင်းထားပါတယ်။
လက်ရှိ အမေရိကန်က ဘဏ္ဍာရေးအရ ပစ်မှတ်ထား ဒဏ်ခတ်အရေးယူထားတဲ့ မြန်မာအစိုးရနဲ့ အပေါင်းအဖော် အရေအတွက်ဟာ ဩစတြေးလျနဲ့ အီးယူ ဥရောပသမဂ္ဂတို့ထက် အလွန်အမင်း နည်းပါးနေပြီး အစိုးရရဲ့ စီးပွားဘက် အတော်များများဟာ လွတ်ငြိမ်းကင်းလွတ်ခွင့် ရနေတယ်လို့လည်း အမေရိကန်အခြေစိုက် မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့က ထောက်ပြထားပါတယ်။