DVB Logo
Home
မြန်မာသတင်း
မန္တလေးကျောက်ဝိုင်း အဓိကရုဏ်းဖြစ် (မြို့ခံတဦးနှင့် မေးမြန်းချက်)
DVB
·
June 27, 2011
မန္တလေးကျောက်ဝိုင်း အဓိကရုဏ်းဖြစ် (မြို့ခံတဦးနှင့် မေးမြန်းချက်)
Donate to DVB

မန္တလေးမြို့မှာ သက်ဆိုင်ရာအာဏာပိုင်တွေက တရုတ်လူမျိုးတွေကို မျက်နှာသာပေးပြီး အကာကွယ်ပေးတဲ့အပေါ် သည်းမခံနိုင်တော့တဲ့ မြန်မာနိုင်ငံသားတွေက ဒေါသပေါက်ကွဲပြီး ရဲတွေနဲ့ အဓိကရုဏ်းတခု  ဒီမနက်ပိုင်းက ဖြစ်ပွားခဲ့ပါတယ်။

ဒီမနက်လူစည်ကားချိန် မန္တလေးကျောက်ဝိုင်းမှာ ဈေးပိုပေးသူကို  ရောင်းချလိုက်တဲ့  မြန်မာကျောက်သမားကို တရုတ်နိုင်ငံသား ကျောက်ကုန် သည်ခြောက်ဦးက ၀ိုင်းထိုးကြိတ်ရာက အစပြုဖြစ်ပွားခဲ့တာပါ။

အခင်းဖြစ်တဲ့အချိန် ဆယ်နာရီခန့်ဟာ အဲဒီကျောက်ဝိုင်းမှာ လူစည်ကားပြီး လူတသောင်းလောက်ထိ ရှိနေတယ်လို့ မြို့ခံတဦးက ပြောပါတယ်။

မန္တလေးကျောက်ဝိုင်းမှာ ဒီမနက် အထိကရုဏ်း ဖြစ်ပွားခဲ့တာနဲ့ ပတ်သက်ပြီး မြို့ခံကို ဆက်သွယ်မေးမြန်းထားပါတယ်။

“ကျနော်တို့ ဒီမှာ ကျောက်ဝိုင်းအနေအထားဆိုရင် ဈေးပေးတယ်ဆိုရင် စက္ကူနဲ့ပတ်ပြီး ချိပ်စည်းပြီးတော့ လေးရာဆို၊ လေးရာ ရေးပေးလိုက်တာပါ။ နှုတ်နဲ့ဆိုရင်တော့ တရားမ၀င်ဘူး။ နှုတ်နဲ့ဆိုရင် ဘယ်သူပဲဖြစ်ဖြစ် ပြောလို့ရတယ်။ ချိပ်စည်းထားရင် သူပေးတာ တရားဝင်ဈေးဖြစ်တဲ့အတွက် သူ့ကိုအဓိကထား ရောင်းရမယ်။ အခုသူက နှုတ်နဲ့ပဲပေးလိုက်တာ ဖြစ်တဲ့အတွက် သူက နောက်ထပ် ၀ယ်လက်တခုကို ပြတဲ့အခါမှာ ၀ယ်လက်က လေးရာ့ငါးဆယ်လား၊ လေးရားခြောက်ဆယ်လား မသိဘူး ပေးတယ်။ အဲဒါ ဟိုမှာအရောင်းအ၀ယ်ဖြစ်တော့ တရုတ်တွေက သူတို့ကို မရောင်းရလားဆိုပြီး သူ့ကိုလာခေါ်တာ၊ ခေါ်တော့ ဘာညှိမလို့လည်း မသိဘူးဆိုပြီး အသာတကြည်ပဲ လိုက်သွားတယ်။ သူ့ကိုထိုးမယ်လို့ မထင်ဘူး။”

ငါးယောက်တယောက် ၀ိုင်းထိုးနေတာကို မကျေနပ်တဲ့ မြန်မာတွေက တရုတ်တွေကို အတင်းဝင်ရောက် ထိုးကြိတ်ခဲ့ကြတယ်လို့ ဆိုပါတယ်။ ဒီနောက်ရဲတွေ ရောက်လာပြီး ၀ိုင်းထိုးကြိတ်တဲ့ တရုတ်တွေကို အရေးမယူတဲ့အပြင် ခံရသူ မြန်မာထက်ပိုမို ဦးစားပေးတာကြောင့် ထောင်နဲ့ချီတဲ့ မြန်မာကျောက်သမားတွေဟာ ကမ္ဘာမကြေ ဆိုတဲ့ နိုင်ငံတော်သီချင်းကို သံပြိုင်ဟစ်ကြွေးခဲ့သလို ဇာတိမာန် သီချင်းကိုလည်း သီဆိုဟစ်ကြွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

“ပြည်မကြီးက တရုတ်တွေ၊ ဒီကျောက်ဝိုင်းမှာရှိတဲ့ သူတွေကလည်း သူတို့ကို တရုတ်တွေကို မကျေလည်ဘူးလေ။ ဘာလို့လဲဆိုရင် တရုတ်နဲ့ပတ်သက်ရင် သွားပြီး စခန်းတိုင်တာတို့၊ ကျောက်မျက်စခန်းတို့ကို အကြောင်းကြား တိုင်တာတို့ဆို အမြဲတမ်း မှားမှားမှန်မှန် တရုတ်ဘက်ကနေ အကာအကွယ်ပေးတာ များတယ်။ အပြင်က လုပ်ငန်းရှင်တွေကို ဘယ်တော့မှ အကာအကွယ်ပေးတာ မတွေ့ရတော့ လူတွေက တာဝန်ရှိလူကြီးတွေကို တော်တော်ရွံမုန်းနေတယ်။ အခုအနေအထားက တော့ လူတွေက တော်တော် မခံမရပ်နိုင် ဖြစ်ပြီးတော့ သူတို့အာဏာပိုင် အဖွဲ့အစည်းကို ရန်ရှာနေတဲ့ အနေအထားကို တွေ့ရတယ်။ အဲတော့ ယနေ့လို မြင်ကွင်းမျိုး သူတို့ရဲ့ အနိုင်ကျင့်မှုကို မျက်ဝါးထင်ထင် တွေ့ရတော့ လူတွေက ရင်ထဲကနေ ပွင့်ထွက်သွားပြီးတော့ ကမ္ဘာမကြေကို ဆိုတယ်။ ပြီးတော့ ဇာတိမာန် သီချင်းကို ဆိုတယ်။ ပြီးတော့ သူတို့ကို လက်ညှိုးထိုးပြီးတော့ မင်းတို့ကောင်တွေက ငါတို့ဗမာတွေကို ကာကွယ်နေတဲ့ကောင် မဟုတ်ဘူး။ တရုတ်တွေကို ကာကွယ်တဲ့တပ်တွေဆိုပြီး ရဲတွေကို လက်ညှိုးထိုးပြီး ပြောတယ်။”

ရဲက သီချင်းသီဆိုသူတွေကို ရိုက်နှက်တဲ့အတွက် ရဲကို ခဲနဲ့ ပစ်ပေါက်တဲ့အထိ ဖြစ်ခဲ့သလို တရုတ်တွေရဲ့ ဆိုင်ခန်း ၂ ခန်းကိုလည်း မြန်မာတွေက ဖျက်ဆီး ပစ်ခဲ့ပါတယ်။

မြန်မာကျောက်သမားတွေရဲ့ ဒေါသတကြီး တုံ့ပြန်မှုဟာ ပြီးခဲ့တဲ့လပိုင်းတုန်းက အလားတူ တရုတ်နဲ့ခိုက်ရန်ဖြစ်ပွားတုန်းက မြန်မာတဦးကို ထောင်ခြောက်လ ချမှတ်ခဲ့ပြီး အခု တရုတ်လူမျိုးကိုတော့ ရဲတာဝန်ရှိသူတွေက ကိုယ့်လူမျိုးထက် မျက်နှာသာပေးတာကြောင့် ဖြစ်တယ်လို့ မြို့ခံက ပြောပါတယ်။

မြန်မာကျောက်သမားဟာ ဒဏ်ရာကုသဖို့ ဆေးရုံမှာ ရောက်ခဲ့သလို တရုတ်ခြောက်ဦးကိုလည်း ရဲက ခေါ်ဆောင် စစ်ဆေးနေတယ်လို့ ဆိုပါတယ်။

လူမျိုးကွဲတွေအကြား အထိကရုဏ်းဖြစ်ဖို့ မလိုလားပေမယ့် အစိုးရတွေက  ပြည်ပနိုင်ငံသား တရုတ်လူမျိုးတွေအပေါ် မျက်နှာသာပေးတာ၊ မှတ်ပုံတင် ထုတ်ပေးတာ၊ မြို့ပေါ်ရပ်ကွက်တွေမှာ တရုတ်လူမျိုးတွေက ကြီးစိုးနေတာတွေကို မထိန်းချုပ်နိုင်တဲ့ အုပ်ချုပ်သူတွေအပေါ် ဒေသခံလူထုက မကျေမနပ် ဖြစ်နေကြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013