အီလက်ထရောနစ်ဥပဒေဖြင့် အမှုဖွင့်ခံထားရသည့် မချောစန္ဒီထွန်းကို ရုံးချိန်း ထပ်မံချိန်းဆို
DVB
·
October 15, 2015
အီလက်ထရောနစ်ဥပဒေ ပုဒ်မ ၃၄ ဃနဲ့ အမှုဖွင့်ခံထားရတဲ့ မချောစန္ဒီထွန်းကို မအူပင် တရားရုံးမှာ အောက်တိုဘာ ၁၃ ရက်နေ့ နာရီဝက်ကြာ ရုံးထုတ်စစ်ဆေးခဲ့ အပြီးမှာ အောက်တိုဘာ ၂၇ ရက်နေ့ကို ရုံးချိန် ပြန်လည်ချိန်းဆိုလိုက်ပါတယ်။
လတ်တလောမှာတော့ မချောစန္ဒီထွန်းကို မအူပင် မြို့မရဲစခန်းမှာ ထိန်းသိမ်းထားပါတယ်။ သူ့ကို လူမှုကွန်ရက် ဖေ့စ်ဘုတ်မှာ စစ်တပ်ရဲ့ ယူနီဖောင်းအရောင်သစ်ကို သရော်တဲ့ သဘောမျိုး ရေးသားခဲ့တဲ့အတွက် ဖမ်းဆီးထားတာပါ။
မချောစန္ဒီထွန်းရဲ့ ဖေ့စ်ဘုတ်မှာ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောနေတဲ့ပုံနဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မိန့်ခွန်း ပြောနေတဲ့ပုံတို့ကို တွဲတင်ပြီး စစ်တပ်ရဲ့ ယူနီဖောင်း အရောင်သစ်ကို သရော်ခဲ့တယ်လို့ ဆိုပါတယ်။ နောက်ပိုင်းမှာ ပြန်လည် ဖြုတ်ချပေးခဲ့ပါတယ်။ ဒါပေမယ့် ရန်ကုန်ကို အောက်တိုဘာ ၁၂ ရက်နေ့မှာ တရားစခန်းဝင်ဖို့ ရောက်နေတုန်း သူ့ကို ဗဟန်းမြို့နယ် ရဲစခန်းက ဖမ်းဆီးပြီး ညတွင်းချင်း မအူပင်ကို ပြန်ပို့ခဲ့တာပါ။
မချောစန္ဒီထွန်းဟာ မအူပင် နည်းပညာတက္ကသိုလ်ကနေ ဘွဲ့ရထားသူဖြစ်ပြီး လူမှုကွန်ရက် မီဒီယာပေါ်မှာ အန်အယ်လ်ဒီကို ထောက်ခံတဲ့ပို့စ်တွေ ရေးသားနေသူလည်း ဖြစ်ပါတယ်။