လယ်ကွင်းထဲ ရေလျှံမှုကြောင့် ဧက ထောင်ချီပျက်စီး
နော်နိုရင်း
·
June 27, 2011

ရန်ကုန်တိုင်း ကော့မှူးနဲ့ ကွမ်းခြံကုန်း ကုန်းမြို့နယ်တွေမှာ မိုးများပြီး ဆည်ရေတင်ပြီး လယ်ကွင်းထဲ ရေလျှံနေတာကြောင့် စပါးတွေ ပျက်စီးကုန်တယ်လို့ ဒေသခံ လယ်သမားတွေက ပြောပါတယ်။
ကော့မှူးနဲ့ ကွမ်းခြံကုန်းမြို့နယ်ကြားက တည်ဆောက်ထားတဲ့ ရေလှောင်တမံမှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေတွေပြည့်လျှံနေသလို ငါးလုပ်ငန်း ဦးစီးဌာနကလည်း အဲဒီဒေသမှာ ငါးပုစွန်လုပ်ကိုင်ခွင့်ပေးထားတာကြောင့် ရေတွေ မဆင်းနိုင်ဘဲ ထွက်ပေါက်ပိတ်နေတယ်လို့ ဆိုပါတယ်။
လယ်သမားတဦးက “မိုးရွာပြီး ရေကြီးနေလို့ လယ်တွေက ဧကတထောင်ကျော်၊ နှစ်ထောင်လောက်မှာ ရေနစ်ပြီးတော့ သေကုန်ကျတယ်။ ဘာကြောင့် သေတာလဲဆိုတော့ ကွမ်းခြံကုန်းနဲ့ ကော့မှူးနဲ့ အပိုင်းမှာ ဆည်တမံကြီး ဆောက်ထားတယ်။ အဲဒီဆည်တမံကြီးက မိုးတွေ ရွာတဲ့အခါကျတော့ ရေသွားရေလာတွေ ပိတ်ပြီးတော့ ငါးဦးစီးဌာနကလည်း ငါးများကို သူတို့ ချပေးထားတဲ့အတွက် ငါးပုစွန်တွေ ထောင်ကြတာ။ အဲဒါရေတွေက သွားမလာနိုင်ဘဲနဲ့ လယ်တွေက ပိတ်ဆို့ကုန်ပြီး ကွမ်းခြံကုန်း၊ ကော့မှူး နှစ်မြို့နယ်မှာ လယ်တွေက တော်တော်လေးကိုပဲ စပါးတွေ သေကုန်တယ်။ အဲဒါလယ်သမားတွေ အနေနဲ့ နောက်ထပ်ထပ်စိုက်ဖို့လည်း မလွယ်ဘူး။ ဒုက္ခတွေ တော်တော်များနေတယ်။”
ဒီလို လယ်သမားတွေ အခက်ဖြစ်နေတာနဲ့ ပတ်သက်ပြီး မြို့နယ်အာဏာပိုင်ကို သွားရောက်တိုင်ကြားပေမယ့် ရေတံခါးဖွင့်ပေးမယ်လို့သာ ပြောဆိုပြီး လက်တွေ့ မဖွင့်ပေးတဲ့အတွက် လယ်သမားတွေ အတော်အခက်အခဲ ဖြစ်တယ်လို့ ပြောပါတယ်။
“လယ်သမားတွေက စုပြီးတော့ အုပ်ချုပ်ရေးမှူးရုံးတွေကို တိုင်ကြ ပြောကြတော့လည်း အုပ်ချုပ်ရေးမှူးက ငါးဦးစီးနဲ့ ညှိပြီးတော့ ဖွင့်ပေးမယ် ပြောနေတုန်း ရှိသေးတယ်။ လယ်တွေက သေနေပြီ။ လယ်သမားတွေ တော်တော်များများက အခက်အခဲ တော်တော်ဖြစ်နေတယ်။ နောက်ထပ် ကြဲဖို့ စိုက်ဖို့ဆိုတာလည်း ငွေအင်အားက မရှိကြတော့ဘူး။ လယ်သမားတွေမှာလည်း ရှိစုမဲ့စုလေးတွေ ကုန်နေကြပြီ။ ဘေးက အကူအညီလည်း မရဘူးဆိုရင်တော့ ဒီလယ်သမားတွေက လာမယ့် နွေမှာတော့ မျှော်ကိုးစရာအကြောင်း မရှိတော့ဘူး။ ကျနော်တို့ နှစ်မြို့နယ်လုံးအတွက် အခြေအနေက တော်တော်ဆိုးနေပါတယ်။”
လက်ရှိအနေအထား စပါးတွေ ပျက်စီးကုန်တာကြောင့် အာဏာပိုင်နဲ့ သက်ဆိုင်ရာ အလှူရှင်တွေ ကူညီပေးနိုင်ရင် လယ်သမားတွေ လယ်ပြန် ထွန်ယက်ချိန်ရှိပေမယ့် မကူညီပေးရင် ဒီနှစ်အတွက် စပါးအထွက် လျော့ပြီး လယ်သမားတွေ စားဝတ်နေရေး ခက်ခဲနိုင်တယ်လို့ သူက ခန်းမှန်း ပြောဆိုပါတယ်။
ပြီးခဲ့တဲ့ ဧပြီလတုန်းကလည်း နွေစပါး ရိတ်သိမ်းချိန် စပါးတွေကို သယ်ယူရာမှာ ကော့မှူးမှာရှိတဲ့ ရေတံခါးကို အာဏာပိုင်တွေက ဖွင့်ချထားတဲ့အတွက် ချောင်းတွင်းရေ မရှိတော့တာကြောင့် လှေကို အားပြု သယ်ဆောင်ရတဲ့ စပါးတွေ မသယ်နိုင် ဖြစ်ခဲ့ရပါတယ်။
