DVB Logo
Home
မြန်မာသတင်း
မြေပြိုမှုကြောင့် မြ၀တီ-ကောကရိတ်ကားလမ်း သွားလာရေးခက်ခဲ
DVB
·
June 27, 2011
Donate to DVB

မြ၀တီ-ကောကရိတ်ကားလမ်းမှာ အခုလ ၂၄ ရက်နေ့ကတည်းက မြေပြိုမှုဖြစ်ပွားပြီး ခုချိန်ထိ ပြန်မရှင်းနိုင်သေးတဲ့အတွက် ခရီးသွားပြည်သူနဲ့ ကုန်သည်တွေ အခက်ဖြစ်နေကြပါတယ်။

မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုကြောင့် မြ၀တီကနေ ကော့ကရိတ်ကို သွားတဲ့လမ်းပိုင်း အလယ်ဘိုတဲနဲ့ နှစ်ထပ်ကွေ့နေရာ အပါအ၀င် နေရာ ၄ ခုမှာ မြေပြိုမှုဖြစ်ပွားတဲ့အတွက် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်း ရပ်တန့်သွားခဲ့ရတယ်လို့ မြ၀တီမြို့ခံ ကုန်သည်တဦးက ပြောပါတယ်။

မြ၀တီမြို့ခံတဦးက “မြေပြိုတာ ယာဉ်တန်း ၂ ပတ်ရှိပြီ။ ယာဉ်တန်းတပတ်က အတက်တရက် အဆင်းတရက်ကို တပတ်ခေါ်တယ်။ ဒီနေ့က အဆင်းနေ့ပေါ့။ ကားတွေက ညီနောင်မှာ ပေးရပ်ထားတယ်။ ဆိုင်ကယ်တွေတော့ ပေးသွားတယ်။ အခု အေကေကုမ္ပဏီက တောင်တွေကို ဖြိုလိုက်၊ ပြိုလိုက် အဲလိုဖြစ်နေတယ်။ မြေကတအားပျော့တာကို။ မြေနဲ့ကျောက်နဲ့ ရောနေတယ်ဆိုတာက အဲဒီမြေပေါ်မှာ တင်နေတဲ့ ကျောက်နဲ့မြေကြီး ဖြိုလိုက်တော့ အကုန်ပြိုကျလာတယ်” လို့ ပြောပါတယ်။

အဲဒီမြေပြိုမှုကို ပြန်လည်ပြင်ဆင်ဖို့ အေကေကုမ္ပဏီက တာဝန်ယူထားပေမယ့် ပြုပြင်ရေးမှာ စက်အခက်အခဲကြောင့် ၄ ရက်ကြာပေမယ့် လမ်းကို မပြုပြင်နိုင်သေးဘူးလို့ ဆိုပါတယ်။

ဒါကြောင့် မြေပြိုတဲ့နေရာမှာ ဆိုင်ကယ်တွေကိုသာ အားပြုသယ်ဆောင် နေရတဲ့အတွက် ဆိုင်ကယ်ခလည်း ဈေးတက်ကုန်တယ်လို့ အဲဒီကုန်သည်က ပြောပါတယ်။

“ဆိုင်ကယ်ခက ကော့ကရိတ်ကနေ မြ၀တီကို တသောင်း၊ အရင်တုန်းကဆို ငါးထောင်လောက်ပဲ ရှိတယ်။ အခုကားတွေက အောက်ကတက်လာရင် ကော့ကရိတ်ကနေ ပြန်လှည့်။ ဆိုင်ကယ်နဲ့ပဲတက်၊ မြ၀တီကဆိုရင် သင်္ကန်းညီနောင်မှာပဲရပ်၊ အဲဒီကနေ ဆိုင်ကယ်နဲ့ပဲသွား။ ပစ္စည်းတွေလည်း ဆိုင်ကယ်နဲ့ပဲသယ်ပေါ့။ ပထမဆင်းတဲ့ ကားတွေက၊ တောင်ပြိုတဲ့နားမှာတော့ ကားတွေရှိတယ်။ ပြန်မလှည့်ဘူး။ ဒီအတိုင်းပဲနေတယ်။ နောက်ထပ်တက်မယ့် ဆင်းမယ့်ကားတွေတော့ မပေးသွားတော့ဘူး။ ဒီနေ့တော့ ဆင်းလို့မပြီးတော့ဘူး။ လမ်းပြင်တော့ ပျက်နေလို့။”

လမ်းတွေပိတ်ဆို့မှုကြောင့် မြန်မာပြည်ကနေ ထိုင်းကို တင်ပို့မယ့် ရေထွက်ပစ္စည်းတွေနဲ့ ထိုင်းကနေ မြန်မာကိုတင်သွင်းမယ့် သစ်သီးဝလံတွေ ပျက်စီးမှုတချို့ ရှိတယ်လို့လည်း အဲဒီကုန်သည်က ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013