DVB Logo
Home
မြန်မာသတင်း
မန္တလေးကျောက်ဝိုင်းတွင် တရုတ်-မြန်မာ အချင်းများ
DVB
·
June 27, 2011
မန္တလေးကျောက်ဝိုင်းတွင် တရုတ်-မြန်မာ အချင်းများ
Donate to DVB

မန္တလေး၊ မဟာအောင်မြေမြို့နယ်က ကျောက်ဝိုင်းမှာ ဒီနေ့မနက် ဆယ်နာရီလောက်က တရုတ်နဲ့မြန်မာ ကျောက်ကုန်သည်တွေ အချင်းများပြီး အဓိကရုဏ်း ဆန်ဆန် ဖြစ်ပွားခဲ့လို့ ကျောက်ဝိုင်းကို  ပိတ်ထားလိုက်ပါတယ်။

ကျောက်ဝိုင်းထဲရောက်နေတဲ့ မျက်မြင်တဦးက “တရုတ်ကုန်သည် ၆ ယောက်လောက်ကနေ မြန်မာပွဲစားတွေဆီကနေ ကျောက်ကို ဈေးပေးပြီး မ၀ယ်ဘူး။ မ၀ယ်တော့ တယောက်တခွန်း စကားများပြီး တရုတ်ကနေ မြန်မာပွဲစားကို လက်သီးနဲ့ထိုးလိုက်တယ်။ ထိုးလိုက်တော့ မြန်မာကုန်သည်တွေပါ ပါလာပြီးတော့ အဲဒီတရုတ်ကုန်သည်တွေ ထိုင်တဲ့ဆိုင်ခန်းကို ၀ိုင်းတယ်။ ၀ိုင်းတော့ တနာရီလောက်ကြာတယ်။ နောက်ပိုင်း သက်ဆိုင်ရာမြို့နယ် ၅ မြို့နယ်က ရဲတပ်ဖွဲ့နဲ့ ခရိုင်ရဲတပ်ဖွဲ့ လုံခြုံရေးတွေ အယောက် ၁၀၀ လောက်နဲ့ ၀ိုင်းဝန်းပြီးတော့ အမှတ်(၇) ရဲစခန်းကို ခေါ်ထုတ်သွားတယ်” လို့ ပြောပါတယ်။

အဲဒီတရုတ်တွေနဲ့ အချင်းဖြစ်တဲ့ ဗမာကျောက်ပွဲစား ကိုမော်ကြီးမှာ ဆေးစာနဲ့ ဆေးရုံရောက်နေတယ်လို့  သိရပါတယ်။

အမှတ်ခုနှစ် ရဲစခန်း တာဝန်ကျရဲတဦးကို ဒီဗွီဘီက တယ်လီဖုန်းနဲ့ ဆက်သွယ် မေးမြန်းထားပါတယ်။

“လောလောဆယ် အထက်အဖွဲ့အစည်း လူကြီးတွေဆီ သွားပြီးတော့မှ လုပ်နေတုန်းပဲ။ လောလောဆယ် အခြေအနေတော့ မသိရသေးပါဘူး။”

ဆရာတို့ စခန်းတော့ ရောက်နေပြီပေါ့နော်။

“ကျနော်တို့စခန်းမှာ မရှိပါဘူး။”

ဒီမှာလာထုတ်သွားပြီးတော့ ဆရာတို့ စခန်းကို ပို့ထားတယ်လို့ ဓာတ်ပုံတွေတက်နေလို့။

“ကျနော်တို့ဆီတော့ မဟုတ်ဘူး။ တခြားဌာန အဖွဲ့အစည်းတွေ ဖြစ်ပါလိမ့်မယ်။”

ပြီးခဲ့တဲ့လထဲ အခုလိုမျိုး တရုတ်နဲ့ဗမာ ကျောက်ကုန်သည်တွေ အချင်းများခဲ့ဖူးပြီး အဲ့ဒီတုန်းက တရုတ်ကုန်သည်ကို ထိုးကြိတ်ခဲ့တဲ့ ဗမာကျောက်ကုန်သည်တဦးကို ထောင်ခြောက်လ ချထားဖူးတယ်လို့ ကျောက်သမားတွေက ပြောပါတယ်။

မန္တလေးက ကျောက်ဝိုင်းမှာ တရုတ်ကုန်သည်တွေ အများဆုံး လာရောက် ရောင်းဝယ်လေ့ရှိတယ်လို့ သိရပါတယ်။

ကား၊ အိမ်ခြံမြေနဲ့ တခြားအရောင်းအ၀ယ်လုပ်သူတွေ တော်တော်များများ အခုလပိုင်းတွေမှာ သူတို့ အလုပ်အကိုင်တွေ မကောင်းလို့ ကျောက်ဝိုင်းထဲဝင်ပြီး ရောင်းဝယ်နေကြတယ်လို့ ဆိုပါတယ်။

အဲဒီကျောက်ဝိုင်းထဲမှာ ကျောက်သမားသုံးသောင်းလောက် တနေ့တနေ့ အရောင်းအ၀ယ် လုပ်နေကြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013