အမေရိကန်နှင့် မည်သည့်စစ်ပွဲမဆို ဆင်နွှဲရန် အသင့်ရှိဟု မြောက်ကိုရီးယား ပြော (ရုပ်သံ)

4.9K
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းက သူ့နိုင်ငံဟာ အမေရိကန်နဲ့ ဘယ်လိုစစ်ပွဲမဆို ဆင်နွှဲဖို့ အဆင်သင့်ပဲလို့ အောက်တိုဘာ ၁၀ ရက်နေ့က ပြောလိုက်ပါတယ်။
အထီးကျန် မြောက်ကိုရီးယားနိုင်ငံက လက်ရှိ အာဏာရ အလုပ်သမားပါတီရဲ့ နှစ် ၇၀ ပြည့် အထိမ်းအမှတ်ပွဲအတွင်း ခုလို ပြောလိုက်တာပါ။
မြို့တော် ပြုံယမ်းမှာကျင်းပတဲ့ ဒီပွဲအတွင်း ကင်မ်နဲ့အတူ အကြီးတန်း တရုတ်ကွန်မြူနစ်ပါတီ အာရှိ လျိုယွန်ရှန်း၊ မြောက်ကိုရီးယားပါတီနဲ့ စစ်တပ်က အရာရှိတွေလည်း တက်ရောက်ပါတယ်။
လျိုဟာ တရုတ်ကွန်မြူနစ်ပါတီ ထိပ်တန်း ပေါလစ်ဗျူရိုအဖွဲ့ဝင် အဆင့် ၅ အရာရှိလည်း ဖြစ်ပါတယ်။
လျိုဟာ ၂၀၁၁ မှာ ကင်မ် အာဏာရအပြီး မြောက်ကိုရီးယားကို လည်ပတ်တဲ့ အဆင့်မြင့်ဆုံး အရာရှိပါ။
သူကတဆင့်ပါးလိုက်တဲ့ စာထဲမှာ တရုတ်သမ္မတက မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးဟာ တရုတ်အတွက် မရှိမဖြစ် အရေးကြီးတယ်လို့ ခံယူထားကြောင်း ရေးထားတယ်လို့ တရုတ်မီဒီယာ ဆင်ဟွာ သတင်းဌာနက ပြောပါတယ်။
ကင်မ်ကလည်း တရုတ်နဲ့ ဆက်ဆံရေးတိုးမြှင့်ဖို့ စိတ်အားထက်သန်နေတယ်လို့ ပြန်ပြောခဲ့ကြောင်း မြောက်ကိုရီးယား မီဒီယာ (ကေစီအန်အေ) က အောက်တိုဘာ ၁၀ ရက်နေ့က ပြောပါတယ်။
ကင်မ်ဟာ နျူကလီးယား အစီအစဉ်ကိုတော့ တိုက်ရိုက် ရည်ညွှန်းတာ မလုပ်ခဲ့ပါဘူး။ ဒါဟာ ဧည့်သည်တော် တရုတ်ကိုယ်စားလှယ်ရှေ့မှာ သံခင်း တမန်ခင်း ကျင့်ဝတ်ကို ထိန်းလိုက်တာလို့ မီဒီယာတွေက သုံးသပ်ပါတယ်။
တရုတ်ကတော့ အမေရိကန် အပါအဝင် ၆ နိုင်ငံ ဆွေးနွေးပွဲတွေကို ပြန်စဖို့ တိုက်တွန်းနေပါတယ်။
တရုတ်ဟာ မြောက်ကိုရီးယားရဲ့ အရင်းနှီးဆုံး မိတ်ဘက်နိုင်ငံပါ။ ဒါပေမယ့် မြောက်ကိုရီးယားရဲ့ နျူကလီးယား အစီအစဉ်ကြောင့် လတ်တလော နှစ်တွေအတွင်း ဆက်ဆံရေး မချောမွေ့ ဖြစ်ခဲ့ပါတယ်။
မြောက်ကိုရီးယားဟာ အမေရိကန် ကုန်းမကြီးဆီကို နျူကလီးယားလက်နက် ပစ်လွှတ်နိုင်စွမ်း ရှိနေပြီလို့ အမေရိကန် အစိုးရက ယုံကြည်တယ်လို့ အမေရိကန် အဆင့်မြင့် စစ်ဘက်အရာရှိတဦးက အောက်တိုဘာ ၇ ရက်နေ့က ပြောပါတယ်။
အလားတူ တိုက်ခိုက်မှုကို ကာကွယ်ဖို့ အဆင်သင့်ရှိတယ်လို့လည်း သူက ဆက်ပြောပါတယ်။
နျူကလီးယားနဲ့ ဒုံးကျည် အစီအစဉ်တို့ကြောင့် ကုလသမဂ္ဂနဲ့ အမေရိကန်ရဲ့ ဒဏ်ခတ်တာကို ခံနေရတဲ့ မြောက်ကိုရီးယားဟာ အမေရိကန်နဲ့ သူ့ရဲ့ အဓိက မဟာမိတ် တောင်ကိုရီးယားတို့ကို မီးပင်လယ်ထဲ နှစ်မြှပ် ဖျက်ဆီးမယ်လို့ မကြာခဏ ခြိမ်းခြောက်လေ့ ရှိပါတယ်။