DVB Logo
Home
မြန်မာသတင်း
ပြည်တွင်းထုတ် ဂျာနယ်များ စာပေစိစစ်ရေးမှာ ခံဝန်ကတိလက်မှတ်များ ရေးထိုးရ
DVB
·
June 25, 2011
ပြည်တွင်းထုတ် ဂျာနယ်များ စာပေစိစစ်ရေးမှာ ခံဝန်ကတိလက်မှတ်များ ရေးထိုးရ
Donate to DVB


ပြည်တွင်းမှာ ထုတ်ဝေနေတဲ့ အပတ်စဉ်ထုတ်ဂျာနယ်တွေထဲက ၁၀ စောင်ထက် မနည်း စာပေစိစစ်ရေးမူဝါဒတွေကို ဖောက်ဖျက်ကျူးလွန်လို့ဆိုပြီး ခံဝန်လက်မှတ်တွေ ဒီတပတ်ထဲမှာ ဆက်တိုက်လိုလို ရေးထိုးခဲ့ကြရပါတယ်။

ဒီလဆန်းပိုင်းမှာ စာပေစိစစ်ရေးကနေ ပြောင်းလဲကျင့်သုံးလာတဲ့ စာပေစိစစ်ရေး ကင်းလွတ်ခွင့်မှာပါဝင်တဲ့ အုပ်စု (၁) အနုပညာ၊ အားကစား၊ နည်းပညာဂျာနယ်တွေ အပါအ၀င် စိစစ်ရေးကို တင်ပြနေရဆဲ အုပ်စု (၂) ၀င် သတင်းဂျာနယ်တွေပါ ခံဝန်လက်မှတ်တွေ ရေးထိုးနေရတာပါ။

အုပ်စု (၁) ၀င် ဂျာနယ်တွေ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က စတင်ပြီး ခံဝန်လက်မှတ်တွေ ထိုးခဲ့ရတာနဲ့ ပတ်သက်ပြီး စာပေစိစစ်ရေးကို ၀င်ထွက်နေတဲ့ ဂျာနယ်အယ်ဒီတာတဦးက အခုလို ပြောပြပါတယ်။

“အုပ်စု ၁ က ဟာတွေပေါ့။ သူ့ဘာသာသူ ထုတ်ခွင့်ပြုထားတဲ့ ဂျာနယ်တွေ မော်ဒန်တိုင်းမ်၊ health care၊ soccer ရယ် ၆ စောင်တောင် မကဘူး။ အဲဒီနေ့တပြိုင်တည်း လက်မှတ်လာထိုးတာ က ၆ စောင်လောက်ရှိတယ်။ ကောင်မလေးစက်ဘီးရင်းနဲ့ ဖုန်းလေး ကိုင်ထားတဲ့ပုံမှာ စက်ကပ်တိုသွားလို့ဆိုပြီး တော့ပေါ့။ အဲဒါမျိုးတွေချည်းပဲပေါ့။”

ဒါ့အပြင် အရင်ခွင့်ပြုနေကျ ကြော်ငြာတွေကိုတောင် အခု မူဝါဒအသစ် စတင်ကျင့်သုံးပြီး နောက်ပိုင်း ခွင့်မပြုတာမျိုးတွေ ရှိတယ်လို့လည်း အခြားဂျာနယ် အယ်ဒီတာတဦးက ဆိုပြန်ပါတယ်။

"အရင်ကဆို တင်စရာမလိုတဲ့ ဦးပိုင်ကထုတ်တဲ့ မြန်မာဘီယာတို့ဘာတို့ပေါ့။ အဲဒါတွေပါ ခံဝန်ထိုးခိုင်းတာ။ အဲဒီမတိုင်ခင်ကတည်းကဆိုတော့ အခု ဗုံးသတင်းဆိုတော့ ပိုဆိုးတာပေါ့။”

ဒီလို ခံဝင်လက်မှတ်တွေ ရေးထိုးရတဲ့နေရာမှာ စိစစ်ရေးမှ မဖော်ပြဖို့ တားမြစ်ထားတဲ့ သတင်းတွေနဲ့ အကြောင်းအရာတွေကို ပထမဆုံးနဲ့ နောက်ဆုံး ဖြစ်သိရှိကြောင်း လက်မှတ်ထိုးခဲ့ကြရတာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် နောက်တကြိမ် ထပ်မံဖော်ပြခဲ့မယ် ဆိုရင်တော့ စာပေစိစစ်ရေးဌာနရဲ့  စည်းမျဉ်းစည်းကမ်းနဲ့ ညွှန်ကြားချက်မူတွေအတိုင်း စပေါ်ငွေ ကျပ်ငွေသိန်းငါးဆယ်ကို  ဂျာနယ်တိုက်မှ စာပေစိစစ်ရေးသို့ ပေးသွင်းကြရမှာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် ကျူးလွန်လာတဲ့ စာနယ်ဇင်းတွေအနေနဲ့ စာပေစိစစ်ရေးရဲ့ ခုံရုံးဖွဲ့စစ်ဆေးတာကို ခံယူရမှာ ဖြစ်ကြောင်းကိုလည်း အသိပေးထားပါတယ်။ လက်ရှိ အခြေအနေမှာတော့ ဒီလ ၂၄ ရက်နေ့က နေပြည်တော်၊ မန္တလေးနဲ့ ပြင်ဦးလွင်မြို့ ဗုံးပေါက်ကွဲမှုသတင်းတွေကို စာပေစိစစ်ရေးကင်းလွတ်ခွင့်ရတဲ့ ဂျာနယ်အချို့မှာ ဖော်ပြမှုတွေ ရှိခဲ့တာကြောင့် စာပေစိစစ်ရေးက အရေးယူမှုတွေ ထပ်မံ ပြုလုပ်ဖို့ရှိနေတယ်လို့ ရန်ကုန် စာနယ်ဇင်းလောကသားတွေက ပြောပြကြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013