Home
မြန်မာသတင်း
ဒီကေဘီအေ ခွဲထွက်အဖွဲ့နှင့် နယ်ခြားစောင့်တပ်တို့ တိုက်ပွဲဖြစ်
နော်နိုရင်း
·
October 8, 2015
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ကော့ကရိတ်-မြဝတီ ကားလမ်းဟောင်းနောက်ကျောအနီး ကရင်နယ်ခြားစောင့်တပ် (BGF)နဲ့ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) ခွဲထွက် ဗိုလ်နားမကြားအဖွဲ့တို့  ဒီကနေ့မနက်ကစပြီး တိုက်ပွဲဖြစ်ပွားနေပါတယ်။ ကောင်းမှုရွာနဲ့ ပျားပင်ကုန်းရွာအထက် တောင်မဲတောင်ကြောမှာ တိုက်ပွဲဖြစ်ပွားတာလို့ ဒီကေဘီအေ ခွဲထွက်အဖွဲ့က ဗိုလ်မှူး ဆန်းအောင်ကပြောပါတယ်။ “မနက် ၁၀ နာရီခန့်ကနေဖြစ်တယ်။ ၂ နာရီလောက်မှာ သေနတ်သံစဲသွားတယ်။ စစ်တပ်က စစ်ကူတွေက တက်လာလို့ ဘီဂျီအက်ဖ်နဲ့ ပေါင်းပြီး ဆက်ပြီးတော့ တောထဲမှာ ဆက်ဖြစ်တယ်။ ဟို ကျနော်တို့ ကရင်အခေါ်ဆိုရင် ကဲဂေါ်လို့ခေါ်တဲ့ တောထဲမှာ ဆက်ပြီးဖြစ်တယ်။ အခုချိန်ထိပေါ့။” လို့ ပြောပါတယ်။ နယ်ခြားစောင့်တပ်ကနေပြီး ဒီကေဘီအေခွဲထွက်အဖွဲ့ရှိတဲ့နေရာကို လာရောက်ရှာဖွေ တိုက်ခိုက် ခဲ့လို့ တိုက်ပွဲတွေဖြစ်ပွားရတာလို့လည်း ဗိုလ်မှူးဆန်းအောင်က ပြောပါတယ်။ ဒီတိုက်ပွဲနဲ့ ပတ်သက်ပြီး ထိခိုက်သေဆုံးသတင်းတွေကတော့ မရရှိသေးပါဘူး။ ကရင်နယ်ခြားစောင့်တပ် ပြောခွင့်ရသူ ဗိုလ်မှူးနိုင်မောင်ဇော်ကို ဆက်သွယ်မေးမြန်းရာမှာတော့ တိုက်ပွဲဖြစ်ပွားနေတာ မှန်ကန်ကြောင်းပြောဆိုပြီး အခင်းဖြစ်ပွားနေတဲ့နေရာကို ရောက်နေတဲ့ အတွက် နောက်ပိုင်းမှာ သတင်းထုတ်ပြန်ပေးမယ်လို့ ပြောပါတယ်။ လာမယ့် အောက်တိုဘာလ ၁၅ ရက်နေ့ဆိုရင် ကရင်လက်နက်ကိုင် ၃ ဖွဲ့အပါအ၀င် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့က တနိုင်ငံလုံးအပစ်ရပ်စာချုပ်မှာ သဘောတူ လက်မှတ် ထိုးမယ့်အချိန်မှာ ကရင်ပြည်နယ်အတွင်း တိုက်ပွဲသံတွေ ကြားနေရတာဖြစ်ပါတယ်။ ဗိုလ်မှူးဆန်းအောင်ကတော့ သူတို့ကို ငြိမ်းချမ်းရေးပွဲမှာ တရားဝင်ဖိတ်ခေါ်စေချင်တယ်လို့ ပြောပါတယ်။ “တရားဝင် ဖိတ်ခေါ်စေချင်တယ်ဗျာ။ ကျနော်တို့ကို ရိုးရိုးသားသားငြိမ်းချမ်းရေး လုပ်ပေးမယ်ဆို လို့ရှိရင် ကျနော်တို့ကျတော့ မဆိုင်သလိုပဲ။ တချို့ကရင်လက်နက်ကိုင်ခေါင်းဆောင်တွေက ကျနော်တို့ကို ငြိမ်ငြိမ်နေခိုင်းတယ်။ အခုလက်မှတ်ထိုးပွဲမှာကျတော့ မင်းတို့နဲ့ဆိုင်တယ်လို့ လည်းမပြောဘူး။ လက်မှတ်ထိုးပြီးလို့ ကျနော်တို့ကို လိုက်ပြီး တိုက်မယ်ဆိုလို့ရှိရင် ဘယ်လို လုပ်မလဲ။ ဘယ်လိုပဲဖြစ်ဖြစ် ကျနော်တို့က လူထဲကလူပါပဲ။ လူစကားလည်း နားလည်ပါတယ်။ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး တရားဝင်ပေါ့ဗျာ။ လာမင်းတို့လည်း နောက် တိုက်ပွဲဖြစ်အောင် လူထုတွေလည်းတစုံတရာ ကြောက်မက်ဖွယ်ဖြစ်အောင် မလုပ်ဖို့နဲ့ လိုအပ်နေတဲ့ငြိမ်းချမ်းရေးကို ၀ိုင်းပြီးဖော်ဆောင်ပေးဖို့ ပြောစေချင်တယ်ပေါ့။” အောက်တိုဘာ ၆ ရက်ကလည်း မြဝတီ-ကော့ကရိတ် ကားလမ်းဟောင်းရှိ ကောင်းမှုနှင့် တောင်သုံးလုံးကြားမှာ နယ်ခြားစောင့်တပ် (BGF)က ကားတစ်စီးအား တားဆီးစစ်ဆေးရာက ကားပေါ်ပါသူတွေနဲ့ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားကာ ကားပေါ်ပါလာသူ ၃ ဦးစလုံး သေဆုံး ခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024