DVB Logo
Home
မြန်မာသတင်း
တပ်မဆုတ်ပေးလျှင် ၀မ်ဟိုင်း ဌာနချုပ်ကို တိုက်မည်ဟု ရလခ တိုင်းဗိုလ်မှူးကြီးတဦး ပြော
DVB
·
October 8, 2015
တပ်မဆုတ်ပေးလျှင် ၀မ်ဟိုင်း ဌာနချုပ်ကို တိုက်မည်ဟု ရလခ တိုင်းဗိုလ်မှူးကြီးတဦး ပြော
Donate to DVB

ခုရက်ပိုင်းအတွင်း ပစ်ခတ်မှုတွေ ပြန်ဖြစ်နေတဲ့ ရှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်ထဲမှာ ရှမ်းပြည်တပ်မတော် မြောက်ပိုင်းအဖွဲ့ (အက်စ်အက်စ်ပီပီ/အက်စ်အက်စ်အေ-အန်) ကို တပ်ဆုတ်ခွာသွားဖို့ အစိုးရတပ်က ညွှန်ကြားထားပြီး ဆုတ်မပေးပါက ၀မ်ဟိုင်းဌာနချုပ်ကို ၀င်တိုက်မယ်လို့  ပြောပါတယ်။

ရှမ်းပြည်တောင်ပိုင်း ခိုလမ်မြို့နယ်အခြေစိုက် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (ရလခ) မှ ဗိုလ်မှူးကြီးတဦးက အောက်တိုဘာ ၈ ရက် မနက်မှာ ဖုန်းဆက်လာတယ်လို့ ပြောခွင့်ရ ဒု-ဗိုလ်မှူးကြီး စိုင်းလက ဒီဗွီဘီကို ပြောပါတယ်။

“ခိုလမ်က ရလခ တိုင်းဗိုလ်မှူးကြီးတယောက်က ဒီမနက်မှာ ကျနော့်ဆီ ဖုန်းဆက်လာတယ်။ သူတို့ နယ်မြေရှင်းလင်းရေး လုပ်ဖို့အတွက် အခုတိုက်ပွဲဖြစ်နေတဲ့ နေရာကနေ နောက်ဆုတ်ပေးဖို့ ပြောတယ်။ မဆုတ်ရင် ကျနော်တို့ ၀မ်ဟိုင်းဌာနချုပ်ကို တိုက်မယ်လို့လည်း ပြောတယ်။ အခုတိုက်ပွဲဖြစ်တဲ့နေရာက ဌာနချုပ်နဲ့ ၁၀ မိုင်လောက်ပဲ ဝေးတယ်။ ကျနော်တို့ ဆုတ်စရာနေရာ မရှိတော့ဘူး။ ဆက်ပြီး ခုခံနေရုံပဲ။”

ခမရ ၅၂၀၊ ခမရ ၅၇၇ နဲ့ ခလရ ၂၉၆ လက်အောက်ခံ အစိုးရတပ်ဖွဲ့ အင်အား ၄၀၀ ကျော်ဟာ ကျေးသီးမြို့နယ် နမ့်ပန်ချောင်းအရှေ့ခြမ်းနဲ့ အနောက်ခြမ်းဘက်မှ ရောက်ရှိနေပြီး ရှမ်းပြည်တပ်မတော် မြောက်ပိုင်း တပ်မဟာ ၇၂ လက်အောက်ခံတပ်တွေနဲ့ ပစ်ခတ်နေကြတာ ဖြစ်ပါတယ်။

အောက်တိုဘာ ၆ ရက်နေ့က တာ့ဆမ်ပူးကျေးရွာအုပ်စုထဲမှာ ပစ်ခတ်မှုဖြစ်ပွားပြီး ၇ ရက်နေ့မှာ နမ့်ပန်ချောင်းအရှေ့ဘက် နမ့်မော်နုတ်တူနဲ့  ချောင်းအနောက်ဘက် နမ့်မော်ခုမ်နွဲ့ စတဲ့ ကျေးရွာအုပ်စုအနီး နေရာ ၂ ခုမှာ မနက် ၆ နာရီကနေ ညနေ ၆ နာရီထိ တနေကုန် ပစ်ခတ်ခဲ့ကြတယ်လို့ ဒု-ဗိုလ်မှူးကြီး စိုင်းလက ပြောပါတယ်။

နှစ်ဘက် ထိခိုက်ကျဆုံးမှုတွေလည်း ရှိပေမယ့် လူဦးရေဘယ်လောက်ဆိုတာ မသိရသေးဘူးလို့ ဆိုပါတယ်။

လက်ရှိ ရန်ကုန်မှာ တပြည်လုံး အပစ်ခတ်ရပ်စာချုပ် လက်မှတ်ရေးထိုးဖို့ ပြင်ဆင်နေတဲ့  အချိန်အတွင်း သေနတ်သံမထွက်အောင် ထိန်းချုပ်ထားသင့်ပေမယ့် အမှန်တကယ် ငြိမ်းချမ်းရေး လုပ်ချင်တဲ့ စေတနာ မရှိတာကြောင့် အစိုးရတပ်က တိုင်းရင်းသားဒေသတွေကို အခုလို ထိုးစစ်ဆင်နေတာလို့  ဒု-ဗိုလ်မှူးကြီး စိုင်းလက ပြောပါတယ်။

ရှမ်းပြည်တပ်မတော် မြောက်ပိုင်းအဖွဲ့ အနေနဲ့ကတော့ ငြိမ်းချမ်းရေးကို အစဉ်လိုလားသလို  တပြည်လုံး အပစ်ခတ်ရပ်စာချုပ်မှာ ပါဝင်လက်မှတ်ရေးထိုးလိုပေမယ့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အားလုံး ပါဝင်မှ လက်မှတ်ရေးထိုးမယ့်မူကို စွဲကိုင်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013