ကျေးရွာအုပ်ချုပ်ရေးမှူးက ရွာလုံးကျွတ် လုပ်အားပေးခိုင်းစေ
နော်နိုရင်း
·
June 24, 2011
ဧရာဝတီတိုင်း ဒေးဒရဲမြို့နယ်က ကျေးရွာတခုမှာ ကျေးရွာအုပ်ချုပ်ရေးမှူးက ရွာသားတွေကို အခကြေးငွေမပေးဘဲ လမ်းဖို့ခိုင်းနေတဲ့အတွက် ရွာသားတွေ အလုပ်အကိုင်ပျက်ပြီး အခက်ကြုံနေရပါတယ်။
ဒေးဒရဲမြို့နယ် တိုးစံပြကျေးရွာအုပ်စုအပိုင် ဆားကျင်းကျေးရွာသားတွေကို တိုးစံပြကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသက်ဝေနဲ့ ဆားကျင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးထွေး (ခေါ်) ဦးနှုတ်ခမ်းမွေးတို့ကနေပြီး အခကြေးငွေမပေးဘဲ လုပ်အားပေးခိုင်းစေတာ ဖြစ်ပါတယ်။
ဆားကျင်းကျေးရွာ စီးပွားရေးလုပ်ငန်းရှင် ဦးဟန်ကျင် မိသားစုပိုင် တာပျက်စီးသွားတာကြောင့် တာဖို့ခိုင်းတာဖြစ်ပါတယ်။ ရွာမှာ အိမ်ခြေ ၄၀၀ ခန့်ရှိပြီး အိမ်တိုင်းကို တာဖို့ခိုင်းတာလို့ ရွာသားတဦးက ပြောပါတယ်။
“၅ လပိုင်း ၂၇ ရက် ကနေ လုပ်အားပေးရတာပါ။ အခုထက်ထိလည်း လုပ်အားက မပြီးသေးဘူး။ တိုးကျေးရွာ အုပ်ချုပ်ရေးမှူးနဲ့ ဆားကျင်းကျေးရွာ အုပ်ချုပ်ရေးမှူးက ခိုင်းတာ။ လုပ်အားခလည်း တပြားမှမပေးဘဲနဲ့ တအိမ်ကို လမ်းဘေးမှာ ၁၀ ပေလောက်အနက်ရှိတဲ့ အဲဒီ ကန်ကြီးသဘောမျိုးလို ဖြစ်နေတဲ့ ဟာကြီးကို ဖို့ခိုင်းတာ။”
ပြီးခဲ့တဲ့ မေလ ၂၇ ရက်နေ့က ကျေးရွာ အုပ်ချုပ်ရေးမှူးတွေက လုပ်အားပေးခိုင်းစေဖို့ အသံချဲ့စက်နဲ့ ပြောဆိုခဲ့တာဖြစ်ပြီး မလုပ်ရင် စစ်တပ်ကိုတိုင်မယ်၊ ထိတ်တုံးခတ်မယ်ဆိုပြီး ခြိမ်းခြောက်တာကြောင့် ရွားသားတွေက ကြောက်ပြီး လုပ်နေရတယ်လို့ ပြောပါတယ်။
လုပ်အားပေးလုပ်လာရတာ တလနီးပါးရှိပြီဖြစ်တဲ့အတွက် ရွာသားတွေ စားဝတ်နေရေး ကျပ်တည်းနေကြတယ်လို့ ဆိုပါတယ်။
“အဲဒီဟာ လုပ်ငန်းရှင်တဦးရဲ့ အပိုင်နေရာမှာ ဖြစ်နေပါတယ်။ ပြောမယ်ဆိုရင် လုပ်ငန်းရှင်ကနေ သူ့အိမ်ချိုင့်ဖြစ်နေတာ လမ်းကိုကောင်းအောင် လုပ်ခိုင်းတာပါ။ အုပ်ချုပ်ရေးမှူးတွေနဲ့ ပေါင်းပြီးတော့လုပ်တာ။ ဘာမှမရပါဘူး။ အလကားလုပ်အား ပေးရတာပါ။ မလုပ်တဲ့လူတောင်မှ ၁၀၀၀၊ ၂၀၀၀ ပေးရပါတယ်။ အာဏာနဲ့ မလုပ်ချင်မနေရ၊ မလုပ်ခဲ့ရင် ထိတ်တုံးခတ်မယ်၊ စစ်တပ်ကိုတိုင်မယ်တို့ အဲလိုမျိုးပြောတယ်။ လူတွေက ကြောက်ပြီးတော့ လုပ်ပေးကြတယ်။ စားဝတ်နေရေးဆိုရင် အင်မတန်ကျပ်တည်းပါတယ်။ ကျနော်တို့ ဒီမှာဆိုရင် ရေလုပ်ငန်းသမားပါ။ ရေထဲမှာ ငါးကလည်း မတွေ့တော့ အဲဒီဟာကို လုပ်အားပေးနေရတဲ့အတွက် စားဝတ်နေရေး တော်တော်ကျပ်တည်းပါတယ်။”
ဆားကျင်းကျေးရွာဟာ ဒေးဒရဲမြို့နယ်က တိုးကျေးရွာပိုင်နယ်ထဲမှာရှိပြီး တိုးကျေးရွာသားတွေ ငါးဖမ်း၊ ဆားကျုံးလုပ်ရင်း ဆားကျင်းကျေးရွာဆိုပြီး ပေါ်လာတဲ့ ရွာဖြစ်ပါတယ်။