DVB Logo
Home
မြန်မာသတင်း
မြန်မာ့အရေး အမေရိကန်အစိုးရပေါ်လစီ အားနည်းသေးဟုဆို
DVB
·
June 24, 2011
မြန်မာ့အရေး အမေရိကန်အစိုးရပေါ်လစီ အားနည်းသေးဟုဆို
Donate to DVB

မြန်မာ့အရေးနဲ့ ပတ်သက်လို့ အမေရိကန်အစိုးရရဲ့ နိုင်ငံခြားရေးပေါ်လစီမှာ အားနည်းနေသေးတယ်လို့ ပြည်ပအခြေစိုက် ဒီမိုကရေစီအင်အားစုတွေက ပြောပါတယ်။

သမ္မတ အိုဘားမားလက်ထက်မှာ ကျင့်သုံးနေတဲ့ အမေရိကန်အစိုးရရဲ့ ပိတ်ဆို့မှုနဲ့ သံတမန်ဆက်သွယ်ရေး  နှစ်လမ်းသွား ပေါ်လစီအပေါ်မှာ အားမလိုအားမရ ထောက်ပြကြတာပါ။

၈၈ ကျောင်းသားခေါင်းဆောင် တယောက်ဖြစ်တဲ့ ကိုမိုးသီးဇွန်က "ပထမ တလမ်းသွားဟာလည်း မထိရောက်ဘူး။ နှစ်လမ်းသွားဟာလည်း မထိရောက်သေးဘူး။ ဘယ်လမ်းနဲ့ပဲသွားသွား ထိရောက်တဲ့ လမ်းပုံစံတော့ ရှာသင့်တယ်။ သုံးလမ်းနဲ့ပဲ သွားသွား၊ လက်တွေ့ကျရမယ်။ ပါးစပ်နဲ့ နှုတ်နဲ့ သံတမန်ဆက်ဆံရေး အဆင့်စေလွှတ်တာ တော်လောက်ပြီလို့ ထင်တယ်။ သူတို့ commit  မရှိသေးဘူးလို့ ထင်တယ်" လို့ ပြောပါတယ်။

၂၀၀၈ ခုနှစ်တုန်းက နာဂစ်ဒုက္ခသည်တွေကို ရိက္ခာ အကူအညီပေးဖို့ အမေရိကန် ရေတပ်သင်္ဘောတွေ မြန်မာရေပိုင်နက် အနီးရောက်ပြီးမှ ပြန်လှည့်သွားတာနဲ့ မကြာခင်တုန်းက လက်ရှိ လစ်ဗျားနိုင်ငံမှာ အမေရိကန်နဲ့ နေတိုးတပ်တွေ စစ်ရေးအရ အကူအညီပေးနေတာကို နှိုင်းယှဉ်ပြီး အမေရိကန် အစိုးရအနေနဲ့ မြန်မာပြည်ကို အမှန်တကယ် အပြောင်းလဲလုပ်ပေးချင်တဲ့စိတ် မရှိသေးဘူးလို့ ကိုမိုးသီးက ဝေဖန်ပါတယ်။

"အဲဒီတော့ တလမ်းပဲသွားသွား၊ ၆ လမ်းပဲ သွားသွား ဘာမှ မထူးဘူးလေ" လို့ ကိုမိုးသီးဇွန်က ပြောပါတယ်။

လူ့အခွင့်အရေးပညာပေးအဖွဲ့ (မြန်မာနိုင်ငံ) ဒါရိုက်တာ ဦးအောင်မျိုးမင်းကလည်း လောလောဆယ် တိုင်းရင်းသားဒေသတွေဟာ စစ်ပွဲတွေ ပြန်ဖြစ်နေတာကို ထောက်ပြပြီး နိုင်ငံတကာက စစ်အစိုးရသစ်နဲ့ ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် အပြစ်မဲ့ပြည်သူတွေကို ပိုပြီး ဒုက္ခရောက်စေမယ်လို့ ထောက်ပြပါတယ်။

ဦးအောင်မျိုးမင်းက "အစိုးရသစ်က နိုင်ငံတကာက တောင်းဆိုမှုတွေကို လိုက်လျောမှုမရှိဘူး။ ဒီထက်ဆိုးတာက ပြည်တွင်းစစ်ကို မီးမွှေးဖို့ ကြိုးစားနေတယ်။ ဒီလိုမျိုး စီးပွားရေးပိတ်ဆို့မှုတွေ ရပ်လိုက်လို့ဆိုရင် ပြုပြင်ပြောင်းလဲပြောင်းလဲမှုတွေ ဖြစ်လာမလားဆိုတဲ့ မျှော်လင့်ချက်ကို ရိုက်ချိုးလိုက်သလိုပဲ ဖြစ်ပါတယ်။ ပြည်တွင်းစစ်တွေ ရပ်ဖို့အတွက် ဆက်လက်ပြီးတော့ ပိတ်ဆို့မှုတွေမလုပ်ဘဲ ပူးပေါင်း ဆောင်ရွက်မယ်ဆိုရင် ပြည်တွင်းစစ်ကို ထပ်ပြီးတောက်လောင်ဖို့ အားပေးသလိုဖြစ်မယ်။ ပြည်သူလူထုပိုမို ဒုက္ခရောက်မှာဖြစ်တဲ့အတွက် ပြုပြင်ပြောင်းလဲမှုတွေ အမှန်တကယ်ဖြစ်ဖို့ ဆိုရင် စီးပွားရေး ပိတ်ဆို့မှုတွေကို ဆက်လက်ကိုင်ဆောင်ထားရုံမကဘဲ ဒီထက်ပိုပြီး အရေးယူဆောင်ရွက်တဲ့ နိုင်ငံတကာအရေးယူဆောင်ရွက်မှုအထိ လုပ်ဆောင်ဖို့ အချိန်ကျရောက်နေပါပြီ" လို့ ပြောပါတယ်။

ဗုဒ္ဓဟူးနေ့တုန်းက အမေရိကန်အောက်လွှတ်တော်ကြားနာပွဲမှာ မိန့်ခွန်းပြောရာမှာ ဒေါ်အောင်ဆန်းစုကြည်က အမေရိကန်အစိုးရနေနဲ့ မြန်မာပြည်မှာ လူ့အခွင့်အရေးကောင်စီရဲ့ မတ်လဆုံးဖြတ်ချက် အကောင်အထည်ဖော်ဖို့ "တတ်နိုင် သလောက်ကူညီဖို့" တိုက်တွန်းခဲ့ပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ မတ်လဆုံးဖြတ်ချက်တွေထဲမှာ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေး၊ ပြည်သူတွေရဲ့ လွတ်လပ်စွာ ဆန္ဒဖော်ထုတ်ခွင့်၊ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ သောမတ်အိုဟေး ကင်တားနားအနေနဲ့ မြန်မာပြည်ကို လိုအပ်တဲ့အချိန်မှာ၊ လိုအပ်သလို ၀င်ရောက်စုံစမ်းခွင့်ရရေးတို့ ပါဝင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က ဒါတွေဟာ မြန်မာပြည်သူတွေ လိုချင်နေတဲ့ စစ်မှန်တဲ့ ဒီမိုကရေစီစနစ် ဖော်ဆောင်မှုရဲ့ အစပျိုးမှု၊   မြန်မာပြည်ကို ဒီမိုကရေစီသို့ သွားရာလမ်းကြောင်းမှန် ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မြန်မာပြည်မှာ တရားဥပဒေစိုးမိုးရေးအတွက်  လွတ်လပ်တဲ့ တရားစီရင်ရေးစနစ် ဖော်ဆောင်ဖို့နဲ့ မြန်မာပြည်ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တင်ပြထားတဲ့ လူ့အခွင့်အရေး စုံစမ်းရေးကော်မရှင်တရပ် ဖွဲ့စည်းရေးကို ထောက်ခံဖို့  မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းခဲ့ပါတယ်။

လူ့အခွင့်အရေးပညာပေးအဖွဲ့ (မြန်မာနိုင်ငံ) ဒါရိုက်တာ ဦးအောင်မျိုးမင်းက "လောလောဆယ်မှာ ဥရောပသမဂ္ဂ အီးယူမှာ နိုင်ငံအားလုံးက လက်ခံနိုင်တဲ့ ယေဘုယျ ရပ်တည်ချက် မထွက်ဘူး၊ COI (အထူး စုံစမ်းရေးကော်မရှင်) ဖွဲ့ဖို့ ဂျာမဏီနဲ့ အီတလီက သိပ်ပြီးတော့ အားမပေးတာရှိတယ်။ ကျန်တဲ့နိုင်ငံတွေက ဘယ်လိုရပ်တည်မလဲ မသိဘူး။ တကယ်လို့သာ အမေရိကန်ကသာ ခေါ်လာတယ်။ တခြားနိုင်ငံက ဒေါ်စုရဲ့ ပြောကြားချက်အပေါ် ထောက်ခံလာရင် COI ကို အထွေထွေညီလာခံမှာ မဖြစ်မနေ မဲခွဲတဲ့အခါမှာ ပိုမိုထောက်ခံမဲရဖို့ မျှော်လင့်ချက်ရှိလာနိုင်ပါတယ်။ အထွေအထွေ ညီလာခံက အထူးစုံစမ်းရေးကော်မရှင်ဖွဲ့ဖို့ ဆုံးဖြတ်ချလာရင် နိုင်ငံက လိုက်နာရမယ့် အနေအထားဖြစ်ပါတယ်။ ဒါမျိုးက မြန်မာအစိုးရအနေနဲ့ မလိုက်နာလို့ မရတဲ့ အခြေအနေမျိုး ဖြစ်သွားနိုင်ပါတယ်" လို့ ပြောပါတယ်။

၈၈ ကျောင်းသားခေါင်းဆောင်တယောက်ဖြစ်တဲ့ ကိုမိုးသီးဇွန်က  ကွန်ဂရက်မှာပြောတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းကို ထောက်ခံပေမယ့် ပြောတဲ့ နေရာကတော့ ထိရောက်မှု မရှိဘူးလို့ ယူဆပါတယ်။

"နိုင်ငံခြားရေးကော်မတီတခုရဲ့ sub committee ၊ အဲဒီမှာလုပ်တဲ့ ကြားနာပဲလေ။  ဒီ sub committee လေးက ဘာမှ influence မရှိဘူး။ အဲဒါမျိုးတွေ ခဏခဏနဲ့ ကျေနပ်နေလို့မရဘူး၊ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အိုဘားမားကို ပြောရမယ်။ ကွန်ဂရက်ဆီနိတ်တာရဲ့  အစည်းအဝေးမှာ ပြောရမယ်။ ဘာလို့လဲဆိုတော့ တခြားသမ္မတတွေ၊ အစိုးရတွေက ပြောတဲ့အခွင့်အရေးတွေ ရနေကြတယ်။ သွားဖို့ အခွင့်အရေးမရရင် သူ့ရဲ့ တိတ်ခွေကို ဖွင့်ပြတဲ့ အခွင့်အရေးရမယ်ထင်တယ်။ အဲဒီတော့မှ သူ့ရဲ့ ဩဇာဟာ အမေရိကန်အစိုးရထဲမှာ တကယ်ထိရောက်မှု ရှိမရှိ တွက်လို့ရတယ်။ ဒီနေ့အထိတော့ ထိရောက်မှု မရှိသေးဘူးလို့ ကျနော်ထင်တယ်။"

ဒီကြားနာပွဲဟာ ပြီးခဲ့တဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပထမဆုံးသော ကွန်ဂရက် ကြားနာပွဲလည်းဖြစ်ပါတယ်။

ဗုဒ္ဓဟူးနေ့ကြားနာပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က "မြန်မာပြည်ဟာ လွတ်လပ်ပွင့်လင်းတဲ့ လူ့အဖွဲ့အစည်းမဟုတ်တဲ့ အတွက် တခါတရံမှာ ကျမတို့အနေနဲ့ လုပ်သင့်လုပ်ထိုက်တာ ဘာလဲဆိုတာကို မှန်းဆနေရပါတယ်။ ဒါပေမယ့် ဒီမိုကရေစီတန်ဖိုးနဲ့ လူ့အခွင့်အရေးအပေါ်မှာ ကျမတို့ရဲ့ လေးစားမှု၊ ဖွဲ့စည်းပုံအရ လစ်ဘရယ်စနစ်ကို ရိုးရိုးသားသား ယုံကြည်တဲ့ အလျှောက် ကျမတို့ရဲ့ ခန့်မှန်းချက်တွေဟာ သိပ်အလှမ်းမကွာနိုင်ပါဘူး" လို့ ထည့်သွင်းပြောကြားသွား ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013