မဲစာရင်းတွင် မိသားစုဝင်မဟုတ်သူများ ပါဝင်မှု ဖိဖိစီးစီးစစ်ကြရန် အဖွဲ့ချုပ်တိုက်တွန်း
ရွှေအောင်
·
October 4, 2015
မဲစာရင်းမှာ မိသားစုဝင်မဟုတ်တဲ့ လူစိမ်းတွေ အပိုပါနေတဲ့အတွက် အဖွဲ့ချုပ်ဝင်တွေ၊ ကိုယ်စားလှယ်လောင်းတွေအနေနဲ့ အဲ့ဒီ လူပိုစာရင်းတွေကို ဖိဖိစီးစီးစစ်ကြပါလို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၊ ဗဟိုအောင်နိုင်ရေးကော်မတီက ကြေညာချက်ထုတ်ပြန်ပြီး တိုက်တွန်း နှိုးဆော်လိုက်ပါတယ်။
မိသားစုဝင်မဟုတ်တဲ့ လူစိမ်းတွေ မဲစာရင်းမှာပါနေလို့ ကော်မရှင်သွားအကြောင်းကြား တဲ့အခါ တချို့ကော်မရှင်က ထုတ်ပယ်ပြင်ပေးပေမယ့် တချို့ကော်မရှင်တွေကတော့ ဘာမှ မလုပ်ပေးဘူးလို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
အဖွဲ့ချုပ်ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန်က မိသားစုဝင်မဟုတ်ဘဲ လူစိမ်းတွေ အပိုပါဝင်နေပုံကို ခုလို ပြောပြပါတယ်။
“ရန်ကုန်မှာရော၊ နယ်မှာရော၊ မြို့နယ်တွေမှာ မိသားစုက ၅ ယောက် ရှိတယ်။ သူတို့လိပ်စာနဲ့ သူတို့ထဲမှာ သူတို့ မသိတဲ့ လူနာမည်စာရင်း ၈ ယောက်ပါလာတယ်၊ အဲ့ဒါ စမ်းချောင်းမှာဖြစ်တာ။ အလုံမှာလည်း ရှိတယ်၊ တောင်ဥက္ကလာမှာလည်း ရှိတယ်၊ မြို့နယ်တိုင်းလိုလိုမှာ ရှိတယ်။ အဲ့ဒီတော့ သူတို့ကနေ ကျနော်တို့ ဒီလူတွေ မသိပါဘူးလို့ သွားပြောတော့ တချို့ကော်မရှင်တွေက လက်ခံပြီး ဖျက်ပေးတယ်၊ တချို့ကော်မရှင်တွေက သူတို့ မသိဘူး၊ သူတို့နဲ့မဆိုင်ဘူး၊ အထက်က လုပ်တာလို့ ပြောတယ်။ တောင်ဥက္ကလာမှာဆိုရင် သောင်းနဲ့ချီ ပိုနေတယ် လူတွေက။”
မဲစာရင်းမှာ ဒီလို လူပိုတွေပါနေလို့ အဖွဲ့ချုပ်ဝင်တွေအနေနဲ့ မဲစာရင်းကိုဖိဖိစီးစီးစစ်ကြဖို့ အရေးတကြီး ပြောရတာလို့ ဆိုပါတယ်။
ရွေးကောက်ပွဲကော်မရှင်ဘက်ကတော့ မဲစာရင်းအမှားအယွင်းတွေ ဖြစ်ရတာ ကွန်ပျုတာဆော့ဝဲကြောင့်လို့ ပြောနေပါတယ်။
၂၀၁၀ ရွေးကောက်ပွဲတုန်းက အာဏာရကြံ့ခိုင်ရေးပါတီဟာ ကြိုတင်မဲတွေနဲ့ အနိုင်ယူခဲ့ပြီး ဒီတကြိမ် ရွေးကောက်ပွဲမှာတော့ မဲစာရင်းအမှားအယွင်းတွေနဲ့ အနိုင်ရအောင် လုပ်လေမလားဆိုတဲ့ သံသယတွေ လူထုကြား ပျံ့နှံ့နေပါတယ်။