A d v e r t i s e m e n t With Us

အများယုံကြည် လက်ခံသည့် ရွေးကောက်ပွဲဖြစ်ရေး ဘန်ကီမွန်းတိုက်တွန်း

U.N. Secretary-General Ban Ki-moon at the United Nations European headquarters in Geneva, May 11, 2011. REUTERS/Denis Balibouse
လာမယ့်ရွေးကောက်ပွဲဟာ မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် သမိုင်း မှတ်တိုင်ဖြစ်ပြီး အများယုံကြည်မှုရှိဖို့အတွက် နိုင်ငံရေးခေါင်းဆောင်တွေနဲ့ ပြည်သူအားလုံးရဲ့ ရွေးကောက်ပွဲရလဒ်ကို လက်ခံမှုအပေါ် မူတည်နေတယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူး ချုပ် ဘန်ကီမွန်းက ပြောပါတယ်။ နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပတဲ့ မြန်မာ့မိတ်ဘက်နိုင်ငံများ အစည်းအဝေးမှာ ပြောဆိုလိုက်တာဖြစ်ပြီး လွတ်လပ်ပွင့်လင်းမြင်သာ အားလုံးပါဝင်တဲ့ ရွေးကောက်ပွဲဖြစ်စေဖို့ အရေးကြီးတဲ့အကြောင်းနဲ့ ဒီအတွက်  မြန်မာအစိုးရ၊  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ စစ်တပ်မှာသာမက မြန်မာလူမှု အသိုင်းအ၀န်းတခုလုံးမှာ တာဝန်ရှိတယ်လို့ ပြောပါတယ်။ လွတ်လပ်တဲ့ ရွေးကောက်ပွဲဖြစ်စေရမယ်၊ ရွေးကောက်ပွဲရလဒ်ကို လေးစားလိုက်နာပါမယ်လို့ စစ်တပ်ခေါင်းဆောင်ပိုင်းက ပေးထားတဲ့ကတိ သေချာစေဖို့ လိုသလို ကိုယ်စားလှယ်လောင်းတွေနဲ့ မဲဆန္ဒရှင်တွေအတွက် လွတ်လပ်ပြီး အနှောင်အဖွဲ့ကင်းတဲ့ ရွေးကောက်ပွဲလုပ်ငန်းစဉ်ဖြစ်စေရေး အစိုးရက  မဖြစ်မနေ သေချာလုပ်ပေးရမယ်လို့ ပြောပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ပြောင်းလဲရေးကို လွှတ်တော်မှာ အတည်မပြုနိုင်ခဲ့ပေမယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ဖို့ ဆုံးဖြတ်ချက်ဟာ အပြုသဘောဆောင်တဲ့ လုပ်ဆောင်ချက်ဖြစ်တယ်လို့ ကုလသမဂ္ဂအကြီး အကဲက ထုတ်ဖော်ပြောပါတယ်။ ဒါ့အပြင် လက်ရှိ ရွေးကောက်ခံ ရိုဟင်ဂျာအမတ်တွေ ရွေးကောက်ပွဲမှာ  ပြန်ရွေးချယ်ခွင့်မရတာနဲ့ ရိုဟင်ဂျာတွေ မဲပေးခွင့်မရတဲ့အပေါ် စိတ်ပျက်မိကြောင်းနဲ့ ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ မဲပေးခွင့်ရခဲ့သူတွေ ဆက်ပြီးမဲပေးခွင့်ရရေး အာဏာပိုင်တွေ အနေနဲ့ ဆောင်ရွက်ပေးဖို့ လည်း  ဘန်ကီမွန်းက တိုက်တွန်းပါတယ်။ အရပ်ဘက်အဖွဲ့အစည်းတွေကို သူတို့ရဲ့အလုပ်တွေ ဆောင်ရွက်ခွင့်ပေးဖို့ မီဒီယာသမားတွေနဲ့ တက်ကြွလှုပ်ရှားသူတွေကို တဖက်သတ် ဖမ်းဆီးထောင်ချတာတွေ ရပ်တန့်ဖို့လည်း မြန်မာအစိုးရကို တောင်းဆိုပါတယ်။ မြန်မာ့မိတ်ဘက်နိုင်ငံများ အစည်းအဝေးကို ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ အပြင်ဘက်မှာ စက်တင်ဘာ ၂၉ ရက်က သီးသန့် တံခါးပိတ်ကျင်းပတာဖြစ်ပြီး အိမ်နီးချင်း တရုတ်၊ အိန္ဒိယနဲ့ အာဆီယံနိုင်ငံတွေအပြင် အမေရိကန်၊ ဗြိတိန်၊ နော်ဝေ၊ ဂျန်စတဲ့ နိုင်ငံပေါင်း ၁၅ နိုင်ငံက သံတမန်တွေ ပါဝင်တက်ရောက်ပါတယ်။ မြန်မာအစိုးရ ကိုယ်စားလှယ်အဖြစ်တော့  နိုင်ငံခြားရေး ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်  ဒီအစည်းအဝေးမှာ ပါဝင်တက်ရောက်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up