DVB Logo
Home
မြန်မာသတင်း
အစိုးရအမတော်ကြေးငွေ ကိုင်းသမားများ အကျိုးမဖြစ်
DVB
·
June 23, 2011
အစိုးရအမတော်ကြေးငွေ ကိုင်းသမားများ အကျိုးမဖြစ်
Donate to DVB

နိုင်ငံတော်ပိုင်ငွေကြေးထဲကနေ အစိုးရက လယ်ယာကိုင်းကျွန်းလုပ်သူတွေကို ထုတ်ချေးတဲ့ စိုက်စရိတ် ချေးငွေနည်းပါးလွန်းမှုဟာ လုပ်ငန်းအတွက် မထိရောက်တာကြောင့် မထုတ်တာ နှစ်ချီကြာမြင့်နေပြီလို့ မကွေးတိုင်းက ကိုင်းတောင်သူတွေက ပြောပါတယ်။

အစိုးရထုတ်ချေးတဲ့ စိုက်စရိတ်ချေးငွေဟာ တဧကကို တသောင်းကျပ်နှုန်း ထုတ်ချေးပြီး တကယ်ကုန်ကျစရိတ်က တသိန်းဝန်းကျင် ကုန်ပါတယ်။

စိုက်ပျိုးစရိတ်ချေးငွေ လက်ဝယ်ရအောင် ဆောင်ရွက်ပေးတဲ့ ကော်မတီကလည်း စရိတ်စက တဧကကို ငါးရာကနေ တထောင်အထိ ဖြတ်ယူနေတာပါ။ လယ်တွေ့မှာထက်စာရင် မြန်မာပြည်အလယ်ပိုင်း မိုးနည်းဒေသက ကိုင်းစိုက်တောင်သူတွေဟာ တဧကကို ငါးထောင်နှုန်းသာ ရကြပါတယ်။

အစိုးရထုတ်ချေးတဲ့ အမတော်ကြေးနဲ့ ပတ်သက်လို့ မကွေးတိုင်း ရေနံချောင်းမြို့နယ် သမ္ဗာန်တင်ကျေးရွာက ကိုင်းတောင်သူ ကိုဌေးအောင်က ခုလိုပြောပြပါတယ်။

“ကျနော်တို့ ကိုင်းလုပ်တဲ့အခါ အမတော်ကြေးက လက်ရှိတဧကနှုန်းကို ၅၀၀၀ နှုန်းပေးတယ်။ ဒါပေမယ့် တချို့နေရာတွေမှာ ကိုင်းချင်းတူသော်လည်း အမတော်ကြေးပေးတာက များနေတာကို ကျနော်တို့ တွေ့ရတယ်။ မူမရှိဘဲ ပုဂ္ဂိုလ်ရေးအရ ပေးတဲ့သဘောမျိုး ဖြစ်နေတယ်။ အာဏာပိုင်နဲ့ ပတ်သက်တဲ့ ပုဂ္ဂိုလ်တွေတော့ အမတော်ကြေးထုတ်လို့ များများရတယ်လို့ သိရတယ်။ နည်းတော့ လူတော်တော်များများ သွားမထုတ်ဘူး။ ကျနော်တို့ ရေနံချောင်းကို သွားထုတ်ရတာ။ လမ်းစရိတ်၊ စားသောက်စရိတ်၊ သူတို့ကဖြတ်တဲ့ ဆက်ကြေးတွေရှိမယ်၊ အမတော်ကြေးတွေလည်း ဖြတ်တယ်။ အဲတော့ ရမယ့်ငွေနဲ့ ကုန်မယ့်ငွေ တွက်ကြည့်တော့ ကျနော်တို့ အတွက် ဘာမှသိပ်မကျန်တော့ သွားမထုတ်တော့ဘူး။ မချေးတာဘဲ ခပ်ကောင်းကောင်း။ အစိုးရဘက်က ထိထိရောက်ရောက် ကူညီတာ မရှိဘူး။ ဘာမှ မပံ့ပိုးဘူး။ ကျနော်တို့ကတော့ ဖြစ်စေချင်တာပေါ့။ ဒီအစိုးရ လက်အောက်မှာတော့ ဘာအကူအညီမှ မရဘူး။ ဒါပေမယ့် ခုနလို အာဏာပိုင် အဖွဲ့အစည်းနဲ့ နီးစပ်တဲ့သူတွေ သွားထုတ်တဲ့လူတွေ ရှိတယ်။ အဲဒါမျိုးဖြစ်နေတာ ကျနော်တို့ ၆ နှစ် ၇ နှစ်လောက် ရှိနေပြီ။”

တကယ်တမ်း ကျသင့်တဲ့ စိုက်ပျိုးစရိတ်နဲ့ တွက်ချက်ကြည့်တဲ့အခါ ထုတ်ချေးပေးတယ်ဆိုတဲ့ အမတော်ကြေးက စိုက်ပျိုးရေးမှာ အထောက်အကူ ပြုလောက်အောင်လည်း မထိရောက်ပါဘူးလို့ သူက ပြောပါတယ်။

“ဒီငွေကြေး အတိုင်းအတာနဲ့ ဘာမှ လုပ်မရဘူး။ ဒီခေတ်ထဲမှာ၊ ကျနော်တို့ နွေသီးနှံဆို နှမ်းတို့၊ ပဲတီစိမ်းတို့၊ ပြောင်းတို့ စိုက်တယ်။ စိုက်စရိတ်က တဧကကို သုံးသိန်းကျော်တော့ သူတို့ပေးထားတာထက် တကယ်တမ်းကျရင် အဲဒါလည်း သိပ်မထိရောက်ဘူး။ ဒါပေမယ့် လူတိုင်းရလားဆိုတော့ မရဘူးနော်။ အာဏာပိုင်နဲ့ နီးစပ်တဲ့လူတွေမှ ရတာ။ တော်တော်များများ ပြောကြတယ်။ နင်းပြား ဆိုတာ။ အဲဒီပုံစံမျိုး ဖြစ်နေတာ။”

အစိုးရကနေ စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ပေးတဲ့အခါ နွေစပါး၊ မိုးစပါး ၂ မျိုးလုံးစိုက်ပျိုးတဲ့ လယ်သမားတွေကိုသာ ချေးငွေထုတ်ခွင့်ပေးတယ်လို့လည်း သိရပါတယ်။

လယ်ယာသမားတွေက တဧက စိုက်စရိတ် သောင်းချီရနေချိန်မှာ သူတို့လို ကိုင်းစိုက်တောင်သူတွေမှာလည်း အရင်းအနှီးများပေမယ့် တဧက ၅ ထောင်နှုန်းသာ ရရှိနေတာကိုတော့ နားမလည်နိုင် ဖြစ်ရတယ်လို့ ကိုင်းတောင်သူတွေက ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013