ရွေးကောက်ပွဲအတွက် ရန်ကုန်တိုင်း ရဲအင်အား ထက်ဝက် သုံးမည်
ပိုင်စိုး
·
October 2, 2015
လာမယ့် အထွေထွေရွေးကောက်ပွဲအတွက် စည်းအဆင့်ဆင့် သတ်မှတ်ပြီး ရန်ကုန်တိုင်းရဲတပ်ဖွဲ့ အင်အားရဲ့ ထက်ဝက်သုံးပြီး လုံခြုံရေးပေးဖို့ လျာထားတယ်လို့ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့တာဝန်ရှိသူတွေက ပြောပါတယ်။
အောက်တိုဘာ ၁ ရက်နေ့ ကျရောက်တဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားအပြီး မီဒီယာတွေနဲ့ တွေ့ဆုံစဉ်မှာ ပြောခဲ့တာပါ။
“မဲရုံနဲ့ မဲရုံ ပရ၀ုဏ်အတွင်းကို လုံခြုံရေးယူဖို့ အထူးရဲတွေ ခန့်ထားပါတယ်။ မဲရုံရဲ့ အတွင်းစည်း၊ အပြင်စည်းနဲ့ အဝေးစည်းတွေကိုလည်း သက်ဆိုင်ရာ စခန်းမှူး၊ မြို့နယ်မှူး၊ ခရိုင်တပ်ဖွဲ့မှူးနဲ့ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့အနေနဲ့ တာဝန်ယူသွားမှာပါ။ လက်ရှိ တပ်ဖွဲ့ဝင်အင်အားရဲ့ ၅၀ ရာခိုင်နှုန်းကိုတော့ ရွေးကောက်ပွဲမှာ အသုံးပြုမယ်လို့ လျာထားပါတယ်” လို့ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့၊ ဒုတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ၀င်းဗိုလ်က ပြောပါတယ်။
ရဲတပ်ဖွဲ့အနေနဲ့ ဘက်မလိုက်ပဲ ကြားနေတဲ့ စံနှုန်းတွေကို အမြင့်မားဆုံးဆောင်ရွက်နေတာကို ပြည်သူတရပ်လုံး သိရှိအောင်ပြသသွားဖို့ လိုအပ်တယ်လို့လည်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးက ပြောပါတယ်။
လက်ရှိမှာတော့ မဲဆွယ်စည်းရုံးပွဲတွေမှာ နှောင့်ယှက်တာ၊ ပိုစတာတွေ ဖျက်ဆီးတာတွေ စတဲ့ ရွေးကောက်ပွဲဆိုင်ရာ ပြဿနာတွေ ရှိနေတာပါ။
“ဗီနိုင်းတွေ ဖျက်ခံရတယ်။ လေးခွနဲ့ ပစ်ခံရတယ်။ ဒါမျိုးတွေကို အခုကတည်းက စဖြစ်နေပြီ။ ဒါက တချက်။ နောက်တချက်က မဲစာရင်းမှားတဲ့ခါကျတော့ လူတွေက စိတ်လှုပ်ရှားပြီးတော့ မဲရုံမှာ ပြဿနာဖြစ်ရင် အဲဒီမဲရုံ ပိတ်သွားနိုင်တယ်။ အဲဒီဟာက ပိုအန္တရာယ်များတယ်” လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန်က ပြောပါတယ်။
လာမယ့်ရွေးကောက်ပွဲမှာတော့ ပြီးခဲ့တဲ့ရွးကောက်ပွဲတွေနဲ့ မတူပဲ တနိုင်ငံလုံးမှာ အထူးရဲ ၂ သောင်း လောက် ခန့်အပ်သုံးစွဲသွားဖို့လည်း စီစဉ်ထားပါတယ်။
၂၀၁၅ ရွေးကောက်ပွဲအတွက် ရန်ကုန်တိုင်းအတွင်းမှာ မဲရုံပေါင်း ၆၀၀၀ လောက်ရှိပြီး လုံခြုံရေးပေးနိုင်တဲ့ ရဲအင်အားကလည်း လက်ရှိမှာ ၆၀၀၀ လောက် ရှိပါတယ်။