တရုတ်တွင် ဗုံးတလုံး ထပ်မံပေါက်ကွဲ
DVB
·
October 2, 2015

တရုတ်နိုင်ငံတောင်ပိုင်းပြည်နယ်မှာ စက်တင်ဘာ ၃၀ ရက်နေ့က ပါဆယ်ဗုံး ၁၇ လုံး သီးခြားပေါက်ကွဲမှုတွေ ဖြစ်ခဲ့ပြီး အောက်တိုဘာ ၁ ရက်နေ့မှာလည်း နောက်ထပ်ဗုံးတလုံး ပေါက်ကွဲခဲ့သေးလို့ ပြည်နယ်အာဏာပိုင်တွေက စုံစမ်းနေပါတယ်။
စက်တင်ဘာ ၃၀ ရက်နေ့ ဗုံးပေါက်ကွဲမှုတွေနဲ့ ပတ်သက်တယ်လို့ ယုံကြည်ရတဲ့ အသက် ၃၃ နှစ်အရွယ် လူတဦးကို ဖမ်းဆီးထားတယ်လို့ ဒေသခံသတင်းတွေက ဆိုပါတယ်။
အောက်တိုဘာ ၁ ရက်နေ့က နောက်ထပ်ပေါက်ကွဲမှုမှာတော့ ထိခိုက်သေဆုံးမှုလည်း မရှိသလို ဘာရည်ရွယ်ချက်နဲ့ ဖောက်ခွဲတယ် ဆိုတာကိုလည်း ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
အဲဒီ နောက်ဆုံးပေါက်ကွဲမှုကတော့ လူစည်ကားတဲ့ ၆ ထပ် အဆောက်အဦးမှာ ပေါက်ကွဲခဲ့ပြီး လမ်းတဘက်မှာရှိတဲ့ အဆောက်အဦးမှာပါ မှန်တွေ၊ ပြတင်းတွေ လွှင့်စင်ပျက်စီးကုန်တဲ့အထိ ပေါက်ကွဲမှု ပြင်းထန်တယ်လို့ ဆိုပါတယ်။
ပါဆယ်ဗုံးတွေဖြစ်လို့ ဒေသခံတွေ၊ ပါဆယ်တွေနဲ့ ထုပ်ပိုးပစ္စည်းတွေကို လက်မခံဖို့ ဒေသခံရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
ဒေသခံ စာတိုက်လုပ်ငန်းတွေကိုလည်း လာမယ့် အောက်တိုဘာ ၃ ရက်နေ့အထိ ရပ်ဆိုင်းထားလိုက်ပါတယ်။
စက်တင်ဘာ ၃၀ ရက်နေ့က ဗုံးဖောက်ခွဲခံရတဲ့ နေရာတွေကတော့ အကျဉ်းထောင်တခု၊ ဘူတာရုံတရုံ၊ ဆေးရုံတရုံနဲ့ ဈေးဝယ်ကုန်တိုက်တခု ပါဝင်တာပါ။
ဗုံးတွေပေါက်ကွဲမှုကြောင့် သေဆုံးသူ ၇ ဦးရှိပြီး ထိခိုက်ဒဏ်ရာရရှိသူကတော့ ၅၀ ကျော်ပါတယ်။