DVB Logo
Home
မြန်မာသတင်း
မြန်မာစစ်တပ်နှင့်ကေအိုင်အို ဆန်ဂါဒေသအတွင်း တိုက်ပွဲဖြစ်
DVB
·
June 23, 2011
Donate to DVB



တာပိန်ရေအားလျှပ်စစ် စီမံကိန်းအနီး မိုးမောက်မြို့နယ်၊ ဆန်ဂါဒေသမှာ ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) နဲ့ မြန်မာစစ်တပ် ဒီကနေ့ နေ့လယ်က နှစ်ဖက်အကြား တိုက်ပွဲ ပြန်ဖြစ်နေတယ်လို့ ကေအိုင်အိုက ပြောပါတယ်။

ကေအိုင်အို၊ တပ်မဟာ ၃ လက်အောက်ခံ တပ်ရင်း ၁၅ နဲ့ ရှမ်းပြည်နယ်၊ ဖယ်ခုံအခြေစိုက် အမှတ် ၇ စစ်ဆင်ရေးကွပ်ကဲမှုစစ်ဌာနချုပ် (စကခ) လက်အောက်ခံ ရှေ့တန်းတပ်တွေနဲ့  နေ့လယ် ၁ နာရီကျော်လောက်ကစပြီး တိုက်ပွဲဖြစ်နေတာပါလို့ ကေအိုင်အိုပြောခွင့်ရသူ ဦးလနန်းက ပြောပါတယ်။

“ခနလေးပါ။ နာရီဝက်ပါပဲ။ တပ်ရင်း ၁၅ ပေါ့နော်။ ဆန်ဂါရွာမှာ ရှိတဲ့ နအဖတပ်တွေကို သွားပြီးတော့ ပစ်ခတ်တာပါ။ အဲဒီမှာ သူတို့ဘက်က တယောက်ကျသွားတယ်။”

မနေ့ညနေပိုင်းကလည်း ပူတာအိုခရိုင်၊ မလိခမြစ်နဲ့ ခရန်ခချောင်းအကြား ဒေသအတွင်း ကေအိုင်အိုတပ်မဟာ ၁ လက်အောက်ခံ တပ်ရင်း ၇ နဲ့ ပူတာအိုဘက်က မြန်မာစစ်တပ်အကြား တိုက်ပွဲဖြစ်ခဲ့သေးသလို ဒီကနေ့လည်း တိုက်ပွဲ ဆက်ဖြစ်တယ်လို့ သူက ပြောပါတယ်။

“ဒီမနက်ပိုင်းက ဆွမ်ပရာဘွမ်သွားတဲ့ ကားလမ်းပေါ်မှာ ဖြစ်သွားတယ်။ ဧရာဝတီမြစ်ဖျား၊ မလိခမြစ်ဖျားဘက်မှာ ဖြစ်တယ်။ ဒီမနက် ၁၁ နာရီ ၄၅ ကနေပြီးတော့ နှစ်နာရီနီးပါးအထိ တိုက်ပွဲဖြစ်တယ်။ အဲဒီမှာ ခလရ ၁၃၈ နဲ့ ကျနော်တို့တပ်ရင်း (၂၂) တို့ ဖြစ်တယ်။ အဲဒီမှာ သူတို့ဘက်က ရဲဘော်တယောက် တပ်သားတယောက် ဆုံးသွားတယ်။ နောက်ပြီးတော့ ငါးဦးက ထိခိုက်ဒဏ်ရာရသွားတယ်။ ခုတော့ ပြီးသွားပါပြီ”

ဝိုင်းမော်မြို့နယ်မှာ ဖြစ်ပွားတဲ့ တိုက်ပွဲနဲ့ ပတ်သက်လို့ ဦးလနန်းက အခုလို ပြောပါတယ်။

“ဒီမနက် ၇ နာရီ ၁၅ မှာ ၀ိုင်းမော်မြို့နယ်ထဲက ဆမားခံတပ်မှာရှိတဲ့ ခလရ ၃၁၈ မှာ ကျနော်တို့ဘက်က လှုပ်ရှားတပ်ရင်း ၂၅၃ နဲ့  ဖြစ်ကြသေးတယ်။ သူတို့ဘက်က ၂ ယောက်ထိတယ်။ ဒဏ်ရာပြင်းတယ်ထင်တယ်။ သူတို့ဘက်က လက်နက်ငယ်နဲ့ အကြိမ်ပေါင်း ကျည်ဆန် ၁၀၀၀ လောက်၊ မော်တာ အလုံး ၂၀ လောက်နဲ့ ပစ်တယ်။”

မြန်မာစစ်တပ်က ဧရာဝတီမြစ်ကြောင်းအတိုင်း မန္တလေးဘက်မှ သင်္ဘောတွေနဲ့ ဆန်တက်လာကာ သပိတ်ကျင်းမှတဆင့် မိုးမိတ်ကိုဖြတ်ကာ ကေအိုင်အို တပ်မဟာ ၃ နယ်မြေဘက်နဲ့ ကချင်ပြည်နယ်၊ ဆင်ဘိုမြို့ အရှေ့ဘက်ကမ်း  ငှက်ပျောတော ကျေးရွာကတဆင့် ကေအိုင်အိုဌာနချုပ် လိုင်ဇာဘက်တွေကို ချီတက်လာနေတယ်လို့ စစ်ဘက်နဲ့နီးစပ်တဲ့ သတင်းရပ်ကွက်က ပြောပါတယ်။

မြန်မာစစ်တပ်က ကေအိုင်အိုကို ထိုးစစ်ဆင်မှုတွေ ရပ်နားထားတယ်ဆိုတဲ့ သတင်းတွေ ပေါ်ထွက်နေပေမယ့် ကေအိုင်အို ရှေ့တန်းတပ်စခန်းအနီး ရောက်ရှိနေတဲ့ ရှေ့တန်းတပ်တွေ ပြန်လည် မရုပ်သိမ်းသေးသလို အခုလို စစ်တပ်အင်အား ထပ်မံ ဖြည့်နေတာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013