Home
ဆောင်းပါး
ပန်းရွှေရင်းမာ လှိုင်စွာပျံ့သင်း တော်သလင်း
DVB
·
September 28, 2015
''တော်သလင်းဆီ၊ ကန်ရာသီ၊ ထွန်းချီဘဒြ၊ ရင်းမာလှိုင်မြဲ၊ ခိုင်လုံးဆွဲ၊ လှေပွဲသဘင်က။ '' (ကင်းဝန်မင်းကြီး) မြန်မာ့ တဆယ့်နှစ်လမှာ ၆ လမြောက်က တော်သလင်းလ ဖြစ်ပါတယ်။ တော်သလင်း မြစ်တွင်း သင်ဖြူးခင်း ဆိုသလို မိုးလေ၀သ ကင်းစင်နေတဲ့လ ဖြစ်ပါတယ်။ ဒါကြောင့်လည်း လှေပြိုင်ပွဲတွေ ကျင်းပကြတာပါ။ ၀ါတွင်းကာလထဲမှာ ပါဝင်တဲ့လလည်း ဖြစ်သလို တော်သလင်းလပြည့်ဟာ ငါးပါးသီလ အခါတော်နေ့ (ဂရုဓမ္မ  အခါတော်နေ့) ဖြစ်ပါတယ်။ တတိယမြန်မာနိုင်ငံ (ကုန်းဘောင်မင်းဆက်)တည်ထောင်ခဲ့သူ အလောင်းဘုရား ဦးအောင်ဇေယျကို မွေးဖွားခဲ့တဲ့လ ဖြစ်သလို ခေတ်ဟောင်းကို တော်လှန်သော မြန်မာ မင်းသားကြီးတပါး ဖွားမြင်ခဲ့တဲ့ လလည်း ဖြစ်ပါတယ်။

တော်သလင်းလ                                                                                                                             

သစ်ဆင်းရယ်တဲ့ လမာသာ။

မြစ်လုံးငယ် ဆူညံလို့

လှော်တက်သံ လှေပြိုင်ပွဲငယ်

နွှဲပျော်ကြရှာ။

ယုန်ရထား အိမ် သီတလမှာတဲ့

ပုဏ္ဏဒိန် ကြည်ကြည်ပပါလို့

မည်ဘဒ္ဒ ကြယ်ပြုဗ္ဗာ

ယှဉ်လာ၍ ပြည့်ဝန်း။

ဒွာဒရာ

ငှက်ဗျိုင်းတာရာနှင့်

ရွှေရင်းမာ ငုံပွင့်ကင်းကြတယ်

သင်းတဲ့သည်ပန်း။ ။                                                                                                                        

မြန်မာ့ရုပ်စုံ စွယ်စုံကျမ်းအတွင်းမှာ တော်သလင်းလသည် မြန်မာလများတွင် ဆဋ္ဌမမြောက်လဟု ဖေါ်ပြထားသည်။  မိုးဥတုတွင် ပါဝင်သည်။ တော်သလင်းလကို ရှေးအခါက သစ် ဆင်း လ ဟုလည်း ခေါ်ကြသည်ဆို၏။ သစ်ဆင်းလ ခေါ်ပုံ အကြောင်းကို ဝေါဟာရလိနတ္ထဒီပနီတွင် “ရေစီးအဟုန် မညံ့မဖျင်း မြစ်တွင်း သာသောကြောင့် သစ်ဖေါင်ဝါးဖေါင်အများ စုန်ဆင်းသည်။ တော်သလင်းကို မြစ်တွင်း သင်ဖြူးခင်းဟု ရှေးသူဟောင်းတို့ ဆိုရိုးရှိသည်နှင့် ထောက်ချင့်၍ ဆင်ခြင်ဟူ၍ ဖော်ပြထားလေသည်။ ပုဂံကျောက်စာများတွင်မူ တော်သလင်းလကို င်္တသ္လင်ဟူ၍၄င်း၊ တာင်္သ္လင်ဟူ၍၄င်း ရေးသားထားသည်ကို တွေ့ရ၏။ ဗေဒင် အခေါ်အားဖြင့် တော်သလင်းလကို ကန်ရာသီဟုခေါ်သည်။ ထိုရာသီတွင် ဘဒြနက္ခတ်နှင့်လမင်း ယှဉ်ပြိုင်ကာ မွန်းတည့်၏။ ဘရဂုဏ္ဏီနက္ခတ်နှင့် နေမင်းယှဉ်သည်။ ရာသီရုပ်မှာ မိန်းမရုပ် နှစ်ရုပ်ဖြစ်၏။ ရာသီပန်းမှာ ရင်းမာပန်းတည်း။ ထိုလတွင် ထန်းများလည်းမှည့်သည်။ တော်သလင်းလတွင် လှိုင်းလေများ ငြိမ်သက်၍ မြစ်တွင်း ပျံ့ပျူးသောကြောင့် ရှေးမြန်မာမင်းများရှိစဉ်က လှေပြိုင်ပွဲများ ဆင်ယင်ကျင်းပလေ့ရှိသည်။ ဤသည်ကိုရည်၍ ဦးအောင်ကြီး၏ အင်းဝမြို့ဘွဲ့ ၁၂ ရာသီလူးတား တော်သလင်းလဘွဲ့တွင်၊ “သာစွလေ၊ မြစ်ရေကမ်းပြည့်၊ ထန်းလည်းမှည့်၍၊ စည့်စည့်မိုဃ်းလ၊ ဗဒ္ဒရနှင့်၊ ပြည့်ဝအညီ၊ ကန်ရာသီဟု၊ အာနီမြခိုင်၊ ရင်းမာလှိုင်က၊ မွှေးကြိုင်ပျံ့သင်း၊ တော်သလင်းဝယ်၊ မြစ်တွင်းရတု၊ ပန်းလုသဘင်၊ သစ်ဆင်းယင်လျှက်၊ လက်သင်လှော်ကား၊ ရွှေသားစက်ကွင်း၊ လှေချင်းလှော်ပြိုင်၊ ခွင့်ရေးကိုင်၍ ဟူ၍ စပ်ဆိုထား၏။ ရွှေဗျိုင်းတာရာ ထွန်းပသော တော်သလင်းသမယတွင် နံနက်စက်နာရီ ၅ နာရီ မိနစ် ၅၀ ၌ နေထွက်၍၊ ညနေ စက်နာရီ ၆ နာရီ ၁၀ မိနစ်၌ နေ၀င်သည်။ မြန်မာနာရီိအားဖြင့် နေ့ ၃၂ နာရီ၊ ည ၂၈ နာရီ ရှိသည်။  ဤကိုရည်၍ ဦးယာ၏ ၁၂ ရာသီလူးတား တော်သလင်းလဘွဲ့၌၊ “တာရာရွှေဗျိုင်း၊ ဆီးတံ့ဆိုင်းသား၊ မရိုင်းနောက်က၊ အလျံပြ၍၊ ထွန်းပရောင်လူ၊ ရွှေဇမ္ဗူရာဇ်၊ ပုံမှန်စစ်လျက်၊ တက်သစ်စံရွှင်၊ ပင်္ဘဂရ၊ တောက်ပ၀င်းဝါ၊ နေစကြ်ာနှင့်၊ ဥတ္တရာမှီ၊ ဘရဂုဏ္ဏီဟု၊ ပြည့်ညီနက္ခတ်၊ လှည့်ပတ်အတူ၊ ဇမ္ဗူမဇ္စျေ၊ လယ်ဗွေရောက်ငြား၊ ဘ၀ါးဗီသ၊ တွက်ရမှန်ညီ၊ နာရီနေ့တွင်၊ သုံးဆယ်မြင်၍၊ နှစ်လျှင်စွန်းပါ၊ ညဥ့်ခါအဋ္ဌ၊ စမ္မသို့နေ ” ဟူ၍ စပ်ဆိုထား၏။ တော်သလင်းလတွင် ဗုဒ္ဓဟူးနှင့် သောကြာနေ့တို့မှာ ပြဿဒါးနေ့များ ဖြစ်ကြ၍၊ ကြာသပတေးနှင့် စနေနေ့များမှာ ရက်ရာဇာများ ဖြစ်ကြသည်။ တော်သလင်းလမှာ ရက်စုံကွယ်သောကြောင့် ရက်ပေါင်း ၃၀ ရှိသည်။  တော်သလင်းလရဲ့ ထူးခြားချက်တခုမှာ တော်သလင်းနေ ပုဇွန်သေ၊ တော်သလင်းမိုး ကန်သင်းကျိုး ဆိုသလို မိုးလေငြိမ်သော အရပ်တွေမှာ ပူလိုက်သမှ ပုဇွန်ငါးတွေတောင် သေတတ်ကြပါတယ်။ မိုးကောင်းတဲ့ အခါတွေကြပြန်တော့လည်း လယ်ကန်သင်းဘောင်ရိုးတွေတောင် ကျိုးပေါက်တတ်ကြတာ ဖြစ်ပါတယ်။ တော်သလင်းလမှာ လှေပွဲသဘင်၊ ပန်းလုပွဲသဘင်၊ သစ်ဆင်းပွဲသဘင်နဲ့ မြစ်ယံပွဲသဘင်တွေကိုလဲ ကျင်းပကြကြောင်း မှတ်သားရပါတယ်။ တော်သလင်းလမှာ မွေးဖွားသူများ တတိယမြန်မာနိုင်ငံတော် (ကုန်းဘောင်မင်းဆက်) တည်ထောင်ခဲ့သူ အလောင်းဘုရား ဦးအောင်ဇေယျကို တော်သလင်းလမှာ မွေးဖွားခဲ့ပါတယ်။ ဦးအောင်ဇေယျကို မြန်မာသက္ကရာဇ် ၁၀၇၆ ခုနှစ် တော်သလင်း လပြည့်ကျော် ၁ ရက်၊ သောကြာနေ့ (၂၄၊ ၈ ၁၇၁၄) မှာ မွေးဖွားခဲ့ပါတယ်။ သူဟာ မုဆိုးဘို ရွာကလေးကနေ ကုန်းဘောင်မင်းဆက်ကို တည်ထောင်ခဲ့သူပါ။ မြန်မာ့သမိုင်းမှာ မုဆိုးဘို၊ ရတနာသိင်္ခ၊ ရန်ကြီးအောင်၊ ကုန်းဘောင်ခ ငါးမည်ရ ပြည်ရွှေဘိုရယ်လို့ ထင်ရှားခဲ့တာ အလောင်းမင်းတရားရဲ့ စွမ်းဆောင်ရည်ကြောင့် ဖြစ်ပါတယ်။ သူဟာ ၁၁၂၂ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၂ ရက်မှာ ယိုးဒယားကို စစ်ချီရင်း မုတ္တမနယ်၊ ကင်းရွာမှာ နတ်ရွာစံခဲ့ပါတယ်။ သမိုင်းကြောင်းအရ ၁၁၁၃ ခု၊ တန်ခူးလဆန်း ၆ ရက်မှာ ဟံသာဝတီ(မွန်) ဘုရင် သိမ်းခဲ့လို့ အင်းဝ ပျက်သွားပါတယ်။ ဟံသာဝတီပါမင်း (မဟာဓမ္မရာဇာဓိပတိ)ကို ဟံသာဝတီအရောက် ဖမ်းခေါ်သွားခဲ့တယ်။ ဒီအချိန်မှာ အလောင်းဘုရားဟာ မုဆိုးဘို ထန်းလုံးတပ်ကာပြီး ပုန်ကန်လိုက်တယ်။ ၁၁၁၄ ခု ကဆုန်လဆန်း ၁၂ ရက် (၁၇၅၂ ခုနှစ် ဧပြီ ၂၄ ရက် တနင်္လာနေ့)ကစပြီး ဟံသာဝတီ ဘုရင်ဟာ အင်အားအလုံးအရင်းနဲ့ အလောင်းဘုရားရဲ့ မုဆိုးဘို ထန်းလုံးတပ်ကို ထိုးစစ်ဆင်ခဲ့ပါတယ်။ အလောင်းဘုရား ဖက်က ၁၂ ရက်ကြာအောင် ခုခံထားပြီး ရန်သူတွေကို ထန်းလုံးတပ်ထဲက တန်ပြန်ထိုးစစ် ထွက်တိုက်ခဲ့လို့ အနိုင်ရလိုက်ပါတယ်။ ဒီလို ထွက်တိုက်တဲ့နေ့ဟာ ၁၁၁၄ ခုနှစ် ကဆုန်လဆုတ် ၈ ရက် (၁၇၅၂ ခုနှစ် မေလ ၅ ရက် သောကြာနေ့)။ ခေတ်ဟောင်းတော်လှန်ခဲ့တဲ့ မြန်မာမင်းသားကြီးမွေးဖွားလ ကုန်းဘောင်ခေတ် အမရပူရ ဒုတိယမြို့တည် သာယာဝတီမင်း (၁၈၃၇-၁၈၄၆) နဲ့ သီရိသုစန္ဒာမိဘုရားတို့ကနေ သတိုးမင်းရဲကျော်ထင် ဘွဲ့ခံ ကနောင်မင်းသားကို မြန်မာသက္ကရာဇ်  ၁၁၁၈ ခုနှစ်၊ တော်သလင်း လပြည့်ကျော် ၂ ရက် တနင်္ဂနွေမှာ မွေးဖွားခဲ့ပါတယ်။ အကိုတော် ဖြစ်သူမှာ ပဉ္စမသင်္ဂါယနာတင် မင်းတုန်းမင်းဖြစ်ပါတယ်။ မင်းတုန်း ကနောင် ညီအကိုပေါင်းပြီး ပုန်ကန်ကြရာ ၁၈၅၃ ခုနှစ် ဖေဖေါ်ဝါရီလ ၁၈ ရက်မှာ ပုဂံမင်းကို အောင်ပွဲရခဲ့တယ်။ အဲ့ဒီကစ အိမ်ရှေ့စံ ကနောင်မင်း ဖြစ်လာတာပါ။ အိမ်ရှေ့စံ ဆိုပေမဲ့ သူဟာ သြဇာတိက္ကမ ကြီးမားပြီး တန်ခိုးအာဏာလည်း ထက်လှပေတယ်။ ပြည့်အရေးအရာ စီမံခန့်ခွဲရာမှာလည်း ကျွမ်းကျင်ပိုင်နိုင်တယ်။ ဒါကြောင့် ကနောင်မင်းသား ဘုရင်ဖြစ်လာမှာ မလိုလားကြတဲ့ မြင်ကွန်း မြင်းခုံတိုင် မင်းသားတို့က လုပ်ကြံတာကြောင့်  မြန်မာသက္ကရာဇ် ၁၂၁၈ ခု၊ ဒုတိယ ၀ါဆိုလပြည့်ကျော် ၇ ရက် (၁၈၊ ၆၊ ၁၈၆၆) မှာ တိမ်းပါးခဲ့ရပါတယ်။ ကနောင်ဟာ သံတမန်ဆက်ဆံရေးလဲ ကျွမ်းကျင်တယ်။ အနောက်နိုင်ငံတွေဆီ ပညာတော်သင်တွေလည်း လွှတ်သလို လက်နက်စက်ရုံကြီး ၂ ရုံကိုလည်း တည်ဆောက်ခဲ့တယ်။ မဲနယ်စက်၊ စပါးစက်၊ လွှစက် စသဖြင့် စက်ရုံတွေ တည်ဆောက်ခဲ့ပြီး မြန်မာပြည်ကို စက်မှုနိုင်ငံတည်ထောင်လိုတယ်။ ဒီလို ခေတ်မီဖို့ ကြိုးစားနေတုန်း သူ ကွယ်လွန်ခဲ့တာဟာ လှေလှော်ရင်း တက်ကျိုး ဆိုသလို မြန်မာပြည် နစ်နာဆုံးရှုံးခဲ့တာပါပဲ။ တော်သလင်းလပြည့် ငါးပါးသီလနေ့ (ဂရုဓမ္မ  အခါတော်နေ့) တော်သလင်းလပြည့်နေ့ဟာ ငါးပါးသီလ အခါတော်နေ့ (ဂရုဓမ္မ  အခါတော်နေ့)ပါ။ မြတ်စွာဘုရားရှင်က (ဂရုဓမ္မဇတ်တော်ကြီး) ကို တော်သလင်းလပြည့်နေ့မှာ ဟောခဲ့တာမို့ တော်သလင်းလပြည့်နေ့ဟာ  ဂရုဓမ္မ အခါတော်နေ့ ဖြစ်လာရတယ်လို့ ဆိုပါတယ်။ ဂရုဓမ္မ ဆိုတာကတော့ ငါးပါးသီလကို စောင့်ထိန်းတာ ဖြစ်ပါတယ်။ သတ်တာ၊ ခိုးတာ၊ ကာမေသု၊ မုသာဝါဒနဲ့ သေရည် အရက် ၅ မျိုးရှောင်တာဟာ ငါးပါးသီလထိန်းတာပါပဲ။ ငါးပါးသီလဟာ ဗုဒ္ဓဘာသာဝင်တိုင်း စောင့်ထိန်း ရမဲ့ အခြေခံတရား ဓမ္ဓဖြစ်လို့ ဂရုဓမ္ဓ သီလလို့လည်းခေါ်တာပါ။ ငါးပါးသီလ ပျက်ယွင်းသူဟာ ခြေပြတ်သူနဲ့ တူပြီး ခြေမရှိသူဟာ လိုရာကို မသွားနိုင်ပါ။ ငါးပါးသီလ မရှိသူဟာ ခေါင်းမပါသူ၊ မျက်မမြင် နားမကြားသူနဲ့တူပြီး ရှင်လျှက် သေသူနှင့် မခြားပါ။ ငါးပါးသီလ မလုံလျှင် သေတဲ့အခါ အပ္ပါယ်ငရဲကို ကျပါမယ်။ ငါးပါးသီလ လုံသူဟာ သေပြီးတဲ့အခါ ကောင်းရာသုဂတိ နိဗ္ဗာန်တိုင် ရောက်မယ်လို့ ရှင်တော်ဘုရားက ဟောခဲ့ပါတယ်။ ဂရုဓမ္မဇတ်တော်အတွင်း ဗုဒ္ဓက ငါးပါးသီလကို မင်း (အစိုးရ)က အစ ပြည့်တန်ဆာအထိ စောင့်ထိန်းမယ်ဆိုရင် တိုင်းပြည် နိုင်ငံတွေဟာ ကပ်ကြီး ၃ ပါးက လွတ်ကင်းပြီး မိုးလေ၀သ မှန်ကန်မယ်လို့ ဟောထားခဲ့ပါတယ်။ ဒီကနေ့ ကမ္ဘာတ၀ှန်း( မြန်မာပြည်အပါအ၀င်)မှာ ရေကြီး တောင်ပြို မိုးခေါင် ရေရှား စတဲ့ ရာသီဥတုတွေ ဖောက်ပြန် ငတ်မွတ်ခေါင်းပါးကပ်ဘေးတွေ၊ ရောဂါပေါင်းစုံကပ်ဘေးတွေအပြင် ဖမ်းဆီး သတ်ဖြတ် ညှဉ်းဆဲ စစ်ပွဲစတဲ့ သတ်ဖြတ်နှိပ်စက်မှု ကပ်ဘေးမျိုးစုံ ကြုံနေရချိန် ဖြစ်နေပါတယ်။ ဒီလို ဆိုးဝါးတဲ့ ကပ်ဘေးကြီးတွေက လွတ်မြောက်ရေး၊ ဥတုရာသီတွေ သဘာဝကျကျ ဖြစ်စေရေးအတွက် တော်သလင်းလပြည့် (ဂရုဓမ္မ အခါတော်နေ့) မှာ ဂရုဓမ္မ သီလ (ခေါ်) ငါးပါးသီလမြတ်တွေကို အောက်ခြေ ပြည်သူကအစ အစိုးရမင်းတွေအထိ အားလုံးက စောင့်ထိန်းနိုင်ကြစေရေး နှိုးဆော်လိုက်ရပါတယ်။ ။ မောင်တူး ကိုးကား ၁။ မြန်မာ့ဆယ့်နှစ်လအကြောင်း    (မောင်ထင်) ၂။ ဆယ့်နှစ်လရာသီ ပန်းများနှင့်ပွဲတော်များ   (ခင်မျိုးချစ်၊ ဂျူနီယာဝင်း) ၃။ ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၈ ရက်၊ မြန်မာသက္ကရာဇ် ၁၃၇၆ ခုနှစ်၊  တော်သလင်းလပြည့်နေ့ထုတ် စံတော်ချိန်သတင်းစာပါ တော်သလင်းလပြည့်သို့မဟုတ်ဂရုဓမ္မအခါတော်နေ့ဆောင်းပါး(ဦးကြိုင်မြင့်-ဆူးလေ) ၄။ မြန်မာ့စွယ်စုံကျမ်း     (စာပေဗိမာန်) ၅။ တတိယမြန်မာနိုင်ငံကိုတည်ထောင်ခဲ့သူ အလောင်းမင်းတရားဦးအောင်ဇေယျ  (တင်ထွေး)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024