Live
Home
မြန်မာသတင်း
ရခိုင်နှင့် ရခိုင်မျိုးနွယ်စုပါတီများ၏ မဲဆွယ်စည်းရုံးမှု အခြေအနေများ
နော်နိုရင်း
·
September 24, 2015
ရခိုင်ပြည်နယ်အတွင်းမှာ ရခိုင်နဲ့ ရခိုင်မျိုးနွယ်စု တိုင်းရင်းသားပါတီ ၈ ပါတီ ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ဖို့ရှိပါတယ်။ အဲဒီပါတီတွေကတော့ မြိုတိုင်းရင်းသား ဖွံ့ဖြိုးရေးပါတီ၊ ရခိုင်ပြည်နယ် အမျိုးသားအင်အားစုပါတီ၊ ကမန်အမျိုးသားတိုးတက်ရေးပါတီ၊ ခမီအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ မြိုအမျိုးသားဒီမိုကရေစီပါတီ၊ ရခိုင်အမျိုးသားပါတီ၊ ရခိုင်မျိုးချစ်ပါတီနဲ့ ဒိုင်းနက်လူမျိုးများတိုးတက်ရေးပါတီတို့ ဖြစ်ပါတယ်။ ရခိုင်မျိုးချစ်ပါတီ ရခိုင်မျိုးချစ်ပါတီ အနေနဲ့ကတော့ ရခိုင်ပြည်နယ်တွင်းက မြို့နယ် ၆ ခုဖြစ်တဲ့ စစ်တွေ၊ ကျောက်တော်၊ မြောက်ဦး၊ မြေပုံ၊ ပေါက်တောနဲ့ မန်အောင်မြို့နယ်တွေက မဲဆန္ဒနယ် ၁၆ နေရာမှာ ၀င်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ ပါတီအနေနဲ့ကတော့ လူမျိုးကို အခြေခံတဲ့ ဖက်ဒရယ်ပြည်ထောင်စုတခု ရရှိဖို့ ရည်ရွယ်ပြီး ဆောင်ပုဒ်အနေနဲ့ကတော့ “တိုင်းသစ်ပြည်သစ်တည်ထောင်မည့် ရခိုင်မျိုးချစ်ပါတီ” ဆိုပြီး မဲဆွယ်စည်းရုံးနေပါတယ်။ ပါတီထူထောင်ခွင့်ရတာ သိပ်မကြာသေးတာကြောင့် မဲဆွယ်စည်းရုံးတဲ့နေရာမှာ အခက်အခဲတွေ ရှိနေတယ်လို့လည်း ပါတီဥက္ကဋ္ဌ ဦးမောင်မောင်စောက ပြောပါတယ်။ “ပါတီရဲ့ အခက်အခဲလို့ ပြောရမယ့်ဟာက ကျနော်တို့ပါတီက ဇူလိုင်လ ၁၅ ရက်နေ့ကမှ မှတ်ပုံတင်ကျတာဆိုတော့ အခုဆိုရင် ၂ လသာသာလေးပဲ ရှိသေးတာပေါ့နော်။ ဒီကြားထဲမှာ ပါတီတည်ဆောက်ရေးအတွက် စည်းရုံးရေးရော၊ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးအတွက်ရော နှစ်ခုပေါင်းပြီး တပြိုင်နက် လုပ်နေရတယ်ဆိုတော့ ပါတီအနေနဲ့ အချိန်မလုံလောက်ဘူး။ ရန်ပုံငွေအခက်အခဲရှိတယ်။ ဒါတွေက ပါတီရဲ့ အဓိကကျတဲ့ အခက်အခဲတွေပေါ့နော်။” ရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီ ရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီကတော့ ဂွ၊ သံတွဲ၊ တောင်ကုတ်၊ ရမ်းဗြဲ၊ ကျောက်ဖြူ၊ အမ်း၊ မြေပုံနဲ့ မင်းပြားမြို့နယ်က မဲဆန္ဒနယ် ၁၉ နေရာမှာ ၀င်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီ အနေနဲ့ကတော့ မူဝါဒလမ်းစဉ် ၇ ရပ် ချမှတ်ထားပြီး ဆောင်ပုဒ်အနေနဲ့ကတော့ “ရခိုင်တပြည်နယ်လုံး အမှန်တကယ်ပြောင်းလဲဖို့  အင်အားစုပါတီကို မဲထည့်ကြပါစို့” ဆိုတဲ့ ဆောင်ပုဒ်ကို ကိုယ်စွဲထားပါတယ်။ ရခိုင်ပြည်နယ်မှာ ဖက်ဒရယ်ပြည်ထောင်စုစနစ်ဟာ အရေးကြီးလိုအပ်တဲ့အတွက် လွှတ်တော်မှာ နေရာရလာရင်တော့ ဖက်ဒရယ်မူအတွက် အရင်ဆုံး လုပ်ဆောင်သွားမယ်လို့ ပါတီဗဟို ဒု-ဥက္ကဋ္ဌ ဦးညီညီက ပြောပါတယ်။ “ကျနော်တို့ ရခိုင်ပြည်နယ်နဲ့ ရခိုင်လူမျိုးများ အတွက်ကတော့ နံပါတ်တစ် အရေးကြီးတာဟာ ဖက်ဒရယ်မူစစ်စစ်နဲ့ ရပ်တည်နိုင်ဖို့က အရေးကြီးတယ်လို့ ကျနော်ပြောချင်တယ်ဗျာ။ ဖက်ဒရယ်မူစနစ် ပီပီပြင်ပြင်နဲ့ဖြစ်လာဖို့ ကျနော်တို့  ရခိုင်ပြည်သူတွေအတွက် သိပ်ပြီးတော့ အရေးကြီးပါတယ်။” ခမီအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ ခမီအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီကတော့ ပေါက်တော၊ မြောက်ဦး၊ ပုဏ္ဏားကျွန်းနဲ့ ဘူးသီးတောင်မြို့နယ်က ကိုယ်စားလှယ်လောင်း ၅ ဦး ၀င်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ ဒီပါတီအနေနဲ့ကတော့ လူမျိုးရေးကို အခြေခံတဲ့ပါတီ ဖြစ်တဲ့အတွက် လူမျိုးဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ဆောင်မယ်လို့ ပါတီ အထွေထွေအတွင်းရေးမှူး ဦးလေသာကျော်က ပြောပါတယ်။ “ရခိုင်ပြည်နယ်မှာ အစစအရာရာ တိုးတက်မှု အားနည်းတဲ့လူမျိုး ဖြစ်တဲ့အတွက်ကြောင့်မို့လို့ လူမျိုးကို အခြေခံပြီးတော့ မိမိတို့ လူမျိုးရဲ့ ပညာရေး၊ စီးပွားရေး၊ လူမှုဘ၀ ဖွံ့ဖြိုးရေးတွေကို တိုးတက်အောင် ဆောင်ရွက်မယ်ဆိုပြီးတော့ ပါတီကို အမျိုးသားကို အခြေခံပြီးတော့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။” ခမီအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ အနေနဲ့ကတော့ ‘စုပေါင်းဆွေးနွေး တဦးချင်းတာဝန်ယူ’ ဆိုတဲ့ ဆောင်ပုဒ်ကို ကိုင်ဆောင်ထားပါတယ်။ ဒီပါတီဟာ လူနည်းစုပါတီဖြစ်တဲ့အတွက် လွှတ်တော်ကိုယ်စားလှယ် ၁ နေရာရမှသာ မိမိတို့ လူမျိုးရေးအတွက် လုပ်ဆောင်နိုင်မှာဖြစ်တာကြောင့် ထောက်ခံမဲ ထည့်ပေးဖို့လည်း ဦးလေသာကျော်က ပြောဆိုသွားပါတယ်။ မြိုအမျိုးသား ဒီမိုကရေစီပါတီ မြိုအမျိုးသား ဒီမိုကရေစီပါတီ အနေနဲ့ကတော့ ရခိုင်ပြည်နယ် ကျောက်တော်နဲ့ မြောက်ဦးမြို့နယ် ၂ ခုက ကိုယ်စားလှယ်လောင်း ၄ ဦး ၀င်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ မြိုအမျိုးသား ဒီမိုကရေစီပါတီ အနေနဲ့ကတော့ သူနဲ့တူညီတဲ့ ဘယ်ပါတီနဲ့မဆို လက်တွဲလုပ်ဆောင်မှာဖြစ်ပြီး ငြိမ်းချမ်းရေးရရှိဖို့ ဆောင်ရွက်ပေးမယ်လို့ ပါတီအတွင်းရေးမှူး ဦးမောင်မြထွန်းက ပြောပါတယ်။ “ကျနော်တို့နဲ့တူညီမယ့် ပါတီနဲ့ ကျနော်တို့ လက်တွဲဆောင်ရွက်သွားမယ်။ ငြိမ်းချမ်းရေးရဖို့အတွက် ကျနော်တို့နဲ့ ထပ်တူထပ်မျှ ခံစားနေရတဲ့ ပြည်သူလူထုတွေရဲ့ အနေအထားကို ကျနော်တို့က အတတ်နိုင်ဆုံး ဆောင်ရွက်ပေးမယ်။ နောက် တိုင်းပြည်မှာရှိတဲ့ ပညာရေးစနစ်ကိုလည်း လုပ်ဆောင်သွားမယ်ဆိုပြီးတော့  မူဝါဒ ထားပါတယ်ခင်ဗျာ။” “မိဘပြည်သူများ၏ ကျေးဇူးကို ဆပ်ချင်လို့ ကျနော်တို့ပါတီကို မဲထည့်ပါစို့” ဆိုပြီး မဲဆွယ်စည်းရုံးမှုတွေ လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။ မြိုအမျိုးသားဒီမိုကရေစီပါတီအနေနဲ့ မျိုးနွယ်စုကွဲပေမယ့် ရခိုင်လူမျိုးတွေနဲ့ အတူယှဉ်တွဲ နေထိုင်တဲ့လူမျိုး ဖြစ်တာကြောင့် ဘယ်ပါတီနဲ့မဆို ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း ဦးမောင်မြတ်ထွန်းက ပြောပါတယ်။ ဒီဗွီဘီက မေးမြန်းခဲ့တဲ့ ပါတီတွေရဲ့ မဲဆွယ်စည်းရုံးရေး ခရီးစဉ်ဟာ အနှောင့်အယှက် မရှိဘဲ လွတ်လွတ်လပ်လပ် မဲဆွယ်စည်းရုံးခွင့် ရတယ်လို့လည်း ပြောဆိုကြပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024