Home
မြန်မာသတင်း
ရှမ်းပြည်နယ်တွင်း တိုက်ပွဲများ ဆက်ဖြစ်၊ အစိုးရတပ်ဘက်က ၇ ဦးထက် မနည်း ကျဆုံး
နန်းမြနဒီ
·
September 22, 2015
အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြား တပြည်လုံးအတိုင်းအတာနဲ့ အပစ်ခတ်ရ ပ်စဲရေး လက်မှတ်ရေးထိုးနိုင်ဖို့ ကြိုးစားနေချိန်မှာ တဘက်ကလည်း ထိတွေ့ ပစ်ခတ်မှုတွေ ရှိနေပြီး သေကြေဒဏ်ရာရသူတွေ ရှိနေဆဲဘဲ ဖြစ်ပါတယ်။ ရှမ်းပြည်နယ်မှာဆိုရင် အစိုးရတပ်နဲ့ ရှမ်းပြည်တပ်မတော် တောင်ပိုင်းအဖွဲ့ကြားမှာရော၊ အစိုးရတပ်နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်တို့ကြားမှာပါ စက်တင်ဘာလ ၂၁ နဲ့ ၂၂ ရက်နေ့တွေမှာ ထိတွေ့ပစ်ခတ်မှုတွေ ခပ်စိပ်စိပ် ဖြစ်ပွားခဲ့ပါတယ်။ စက်တင်ဘာလ ၂၂ ရက် ဒီကနေ့  မနက်က ရှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် မိုင်းပွန်မြို့နယ် ထဲမှာ မိုင်းပွန်အခြေစိုက် ခမရ ၅၂၇ အစိုးရတပ်ဖွဲ့ဝင်တွေနဲ့ ရှမ်းပြည်တပ်မတော်တောင်ပိုင်း အဖွဲ့တို့ကြား ထိတွေ့ပစ်ခတ်ခဲ့ကြတယ်လို့  ရှမ်းပြည်တပ်မတော်တောင်ပိုင်းအဖွဲ့ ပြောခွင့်ရ ဗိုလ်မှူးကြီးစိုင်းလက ဒီဗွီဘီကို ပြောပါတယ်။ “အစိုးရတပ်နဲ့ ကျနော်တို့တပ်ဖွဲ့ဝင်တွေကြား ဒီနေ့မနက်ကနေ မွန်းတည့်ချိန်လောက်ထိ မိုင်းပွန်မြို့ နဲ့ ၄ ကီလိုလောက်ဝေးတဲ့  ကောင်းတန်ရွာဘက်မှာ ပစ်ခတ်မှုဖြစ်ပါတယ်။ အဲဒီဒေသထဲ ၀င်လာတဲ့ သူတို့ကို ကျနော်တို့ ပြောက်ကျားတပ်ဖွဲ့က ဆီးပြီးတိုက်တာဖြစ်တယ်။ ထိခိုက်ကျဆုံးမှု ရှိတယ်လို့ ပြောပေမယ့် စာရင်းတွေမရောက်သေးပါဘူး။” ဒါ့အပြင်  ယမန်နေ့ (စက်တင်ဘာ ၂၁)  မနက် ၈ နာရီကျော်ကလည်း နမ့်စန်မြို့နယ် ကုန်းမုန့်ရွာနဲ့ လွယ်ငင်းရွာကြားမှာ အစိုးရတပ် ခမယ ၅၁၆ နဲ့ တကြိမ် ညနေ ၃ နာရီလောက်မှာတော့ ရက်စောက်မြို့နယ် မိုင်းယောင်းကျေးရွာဘက်မှာ  ခမယ ၅၁၀ နဲ့ တကြိမ် စုစုပေါင်း တိုက်ပွဲငယ် ၂ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။ ဒီတခေါက်ဖြစ်ပွားမှုမှာတော့ အစိုးရဘက်က လေကြောင်းကနေတိုက်ခိုက်တာမရှိပေမယ့်  နယ်မြေထဲဝင်ရောက်လာတဲ့ အစိုးရတပ်ကို ရှမ်းပြောက်ကျားတပ်က ပစ်ခတ်တာကြောင့် အစိုးရတပ်ဘက် အနည်းဆုံး ၂ ဦးကျဆုံးပြီး ရှမ်းပြည်တပ်မတော်ဘက်ကတော့  ထိခိုက်ကျဆုံးမှု မရှိဘူးလို့ ဆိုပါတယ်။ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ရှမ်းပြည်တပ်မတော် တောင်ပိုင်းအဖွဲ့ဟာ အစိုးရနဲ့ တပြည်လုံးအပစ်ခတ်ရပ် လက်မှတ်ရေးထိုးမယ်လို့  ကေအန်ယူ၊ ဒီကေဘီအေ ကလို့ထူးဘော၊ ကရင်ငြိမ်းချမ်းရေးကောင်စီစတဲ့အဖွဲ့ ၃ ဖွဲ့နဲ့ ပြီးခဲ့တဲ့ သြဂုတ်လ ၁၈ ရက်နေ့က ထုတ်ပြန်ကြေညာထားပေမယ့်လည်း အခုလိုပစ်ခတ်မှုတွေဖြစ်ပွါးနေတာကြောင့် လက်မှတ် ထိုးမယ့်ကိစ္စ အဖွဲ့အစည်းတွင်းမှာ ပြန်လည် ဆွေးနွေးတိုင်ပင်ဖို့ရှိတယ်လို့  ဗိုလ်မှူးကြီးစိုင်းလက ပြောပါတယ်။ အလားတူ ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့နယ်နဲ့ ကျောက်မဲမြို့နယ်တွေမှာလည်း တီအန်အယ်လ်အေ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်နဲ့ အစိုးရတပ်ကြား ထိတွေ့ပစ်ခတ်မှုတွေ ရှိခဲ့ပါတယ်။ စက်တင်ဘာ ၂၁ ရက် ညနေ ၃ နာရီလောက်က မိုးမိတ်မြို့နယ် တုံးကြီးကျေးရွာနားမှာ  တပ်မ ၇၇ လက်အောက်ခံ အစိုးရ တပ်နဲ့  တီအန်အယ်လ်အေတပ်ကြား နှစ်ဘက်ရင်ဆိုင်တိုက်ပွဲဖြစ်ပြီး အစိုးရတပ်ဘက်  ၅ ဦးကျကာ ၃ ဦး ဒဏ်ရာရတယ်လို့ တီအန်အယ်လ်အေ ပြန်ကြားရေးတာဝန်ခံ မိုင်အိုက်ကျော်က ဒီဗွီဘီကို ပြောပါတယ်။ “ဒီတိုက်ပွဲမှာ အစိုးရတပ်က ထိုးစစ်ဆင်လာတာ။ စစ်ကြေားင်း ၃ ကြောင်းလုပ်ပြီး ကျနော်တို့ကို ၀ိုင်းလာတယ်။ ကျနော်တို့ တပ်ကလည်း ခုခံပြန်ပစ်ရင်း ဆုတ်ခွာတယ်။ အဲလိုပြန်ပစ်တာ ၂ နာရီလောက်ကြာတယ်။ တိုက်ပွဲက နီးကပ်တော့ သူတို့ဘက်က ထိသွားတာလည်းမြင်ရတယ်။  ၅ ယောက်ကျတယ်။  ၃ ယောက် ဒဏ်ရာရတယ်။ ကျနော်တို့က ပစ်ရင်းနဲ့ ဆုတ်တော့ ထိခိုက်မှုမရှိဘူး။ ဒါပေမယ့် အဲဒီမှာ အစိုးရတပ်က ရှိနေတုန်းဘဲ။ ကျနော်တို့နဲ့လည်း သိပ်မဝေးဘူး။ ရှေ့ထပ်တိုးလာရင် တိုက်ပွဲဖြစ်အုံးမှာဘဲ။ ဒီနေ့တော့ ငြိမ်နေတယ်။” ဒီမတိုင်ခင် ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၀ ရက်နေ့ ညနေပိုင်းကလည်း ကျောက်မဲမြို့နယ် မိုင်းလုံမြို့နယ်ခွဲ နားမွန်းရွာနားမှာ တပ်မ ၇၇  အစိုးရတပ်နဲ့  တီအန်အယ်လ်အေရော ကေအိုင်အေ ကချင်လွတ်လပ်ရေးတပ်မတော်ပါပါတဲ့ ပူးပေါင်းတပ်တို့  နှစ်ဘက်ရင်ဆိုင် တိုက်ပွဲ ဖြစ်ခဲ့ပြီး ထိခိုက်ကျဆုံးမှု မသိရဘူးဆိုပါတယ်။ တီအန်အယ်လ်အေဟာ လာမယ့်အောက်တိုဘာလတွင်း တပြည်လုံးအတိုင်းအတာနဲ့ အပစ်ခတ်ရပ်လက်မှတ်ထိုးဖို့ ပြင်ဆင်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၅ ဖွဲ့ထဲမှာ မပါဝင်သေးပေမယ့်လည်း  အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နဲ့ သီးသန့်တွေ့ဆုံဆွေးနွေးဖို့ ရှိနေပါတယ်။ အပစ်ခတ်ရပ်ရေးဆွေးနွေးပွဲပြန်စဖို့ အတွက် မြန်မာငြိမ်းချမ်းရေးစင်တာက စက်တင်ဘာလ ၁၈ ရက်နေ့မှာ တယ်လီဖုံးနဲ့ ဆက်သွယ်အကြောင်းကြားလာပြီး လောလောဆယ် အဖွဲ့အစည်းရဲ့ ဗဟိုကော်မတီအတွင်း ဆွေးနွေးတိုင်ပင်လို့ မပြီးသေးတဲ့အတွက် ဘယ်နေ့ ဘယ်နေရာမှာ တွေ့ဆုံမလဲဆိုတာ မသိရသေးဘူးလို့ တီအန်အယ်လ်အေက ပြောသွားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024