Live
Home
မြန်မာသတင်း
ဗဟိုအစိုးရဖွဲ့နိုင်ရေး မဲပေးကြရန် အန်အယ်လ်ဒီတိုက်တွန်း
အေးနိုင်
·
September 22, 2015
စစ်မှန်တဲ့ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုဖြစ်ပေါ်လာရေးအတွက် ဗဟိုအစိုးရဖွဲ့စည်းဆောင်ရွက်နိုင်အောင်  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ရွေးကောက်ပွဲမှာ ထောက်ခံဆန္ဒမဲပေးကြဖို့ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတ၀န်းက မဲဆန္ဒရှင်တွေကို တိုက်တွန်းပြောကြားပါတယ်။ စက်တင်ဘာ ၂၁ ရက်နေ့ညက မြန်မာ့အသံနဲ့ရုပ်မြင်သံကြားကတဆင့် မဲဆွယ်စည်းရုံးတဲ့ အစီအစဉ်မှာ တိုက်တွန်းသွားတာဖြစ်ပြီး ပြည်သူလူထုရဲ့ဆန္ဒမဲအရေးကြီးပုံနဲ့ မြန်မာပြည် နိုင်ငံရေးမှာ အရေးပါတဲ့အခန်းကဏ္ဍမှာရပ်တည်နေတဲ့ တပ်မတော်ကို နိုင်ငံအနာဂတ်အတွက် ပူးပေါင်းဆောင်ရွက်ဖို့ ထပ်မံကမ်းလှမ်းခဲ့ပါတယ်။ သူက “ယခုတနိုင်ငံလုံး၊ တိုင်းနဲ့ပြည်နယ်အားလုံးမကျန်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ် လောင်းများ ၀င်ရောက်အရွေးခံတာဟာ စစ်မှန်တဲ့ ပြည်ထောင်စုဖြစ်ပေါ်လာရေး အတွက်၊ ပြည်ထောင်စု စိတ်ဓါတ်နဲ့ ပြည်ထောင်စုညီညွတ်မှုကို ကိုယ်စားပြုနိုင်မယ့် ဗဟိုအစိုးရ ဖွဲ့စည်းနိုင်ဖို့ဖြစ်ပါတယ်။ ဗဟိုအစိုးရဟာ အမှန်တကယ် ဒီမိုကရေစီစံနှုန်းစံထားများနဲ့ ကိုက်ညီမှုရှိပြီး၊ တိုင်း၊ ပြည်နယ်အစိုးရများနဲ့ ဟန်ချက်ညီညီ ကြိုးပမ်းဆောင်ရွက်နိုင်မှသာ စစ်မှန်တဲ့ ဒီမိုကရေစီ ဖယ်ဒရယ်ပြည်ထောင်စုကို တည်ထောင်နိုင်မှာပါ။ မတူကွဲပြားမှုကို အင်အားဖြစ်အောင်လုပ်ပြီး၊ ညီညွတ်မှု ကြိုးစားဖော်ဆောင် နိုင်ခွင့်ကို အဖွဲ့ချုပ်က ပြည်ထောင်စုသား အားလုံးထံက တောင်းခံခြင်းဖြစ်ပါတယ်။ ” လို့ ပြောပါတယ်။ ပြည်တွင်း စစ်ရပ်စဲသွားဖို့အတွက် တနိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေး၊ နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပပြီး ညှိနှိုင်းအဖြေရှာရေး၊  ပင်လုံအခြေခံမူဖြစ်တဲ့ တန်းတူညီမျှမှု၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် စသည်များကို ဖွဲ့စည်းပုံ အခြေခံဥပဒေက အာမခံရေးစတဲ့ အဆင့်သုံးဆင့် လုပ်ဆောင်ရမှာဖြစ်တယ်လို့ သူက ပြောပါတယ်။ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ် (အန်စီအေ) ဟာ အပြန်အလှန်နားလည်မှု၊ အပြန်အလှန်လေးစားယုံကြည်မှု တို့ပေါ်မှာ အခြေခံတဲ့၊ တည်တံ့ခိုင်မြဲမဲ့ သဘောတူညီချက် ဖြစ်ဖို့ရာက အဓိကဖြစ်တယ်လို့သူက ပြောပါတယ်။ စာချုပ်လက်မှတ်ထိုးပြီးတဲ့အခါ ကျန်အဆင့်နှစ်ဆင့်ကို ဆောင်ရွက်ဖို့ အတွက် ပြည်သူလိုလားရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အဆင်သင့်ရှိတယ်လို့ ပြောပါတယ်။ “အပစ်အခတ်ရပ်စဲရေးစာချုပ် အောင်မြင်စွာသဘောတူ လက်မှတ်ရေးထိုးပြီးတဲ့အခါမှာ၊ ဒီမိုကရေစီ ဖယ်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းစေဖို့ မဖြစ်မနေလိုအပ်နေတဲ့ ထာဝရ ငြိမ်းချမ်းရေးရဲ့ အခြေခံအုတ်မြစ်ချခြင်းဖြစ်တဲ့ ဒုတိယအဆင့်နဲ့ တတိယအဆင့်တို့ကို အကောင်အထည်ဖော်ရပါမယ်။ တကယ်တော့ ဒီအဆင့်နှစ်ဆင့်ကို တစ်ပြိုင်တည်းလုပ်သွားဖို့ လိုပါတယ်။ ဒုတိယအဆင့်ဖြစ်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို တာဝန်ယူဆောင်ရွက်ရမှာကတော့ နိုဝင်ဘာလ အထွေထွေရွေးကောက်ပွဲမှ ထွက်ပေါ်လာမဲ့ အစိုးရပဲ ဖြစ်ပါတယ်။ ပြည်သူကလိုလား ထောက်ခံခဲ့ရင် ဒီတာဝန်ကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ထမ်းဆောင်ဖို့ အသင့်ဖြစ်ပါတယ်။” လို့ ပြောပါတယ်။ လက်ရှိကာလမှာတော့ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် ရေးထိုးဖို့ နီးစပ်ပေမယ့် ရှမ်းနဲ့ကချင်ပြည်နယ်ဘက်မှာ ထိတွေ့တိုက်ပွဲဖြစ်ကြဆဲပါ။ ၂၇ နှစ်ကြာ အတိုက်အခံဖြစ်ရုန်းကန်ခဲ့ရပေမယ့် အဖွဲ့ချုပ်အနေနဲ့ အစိုးရတာဝန်ထမ်းဆောင်ဖို့ အရည်အချင်းရှိကြောင်းနဲ့ တာဝန်တစ်ရပ်ကို ကျေကျေပွန်ပွန်ထမ်းဆောင်နိုင်ဖို့ အတွက် မလုပ်သင့်တာနဲ့ လုပ်သင့်တာကို ခွဲခြားသိမြင်လုပ်ကိုင်ဖို့ အဓိကဖြစ်တယ်လို့ သူက ပြောဆိုပါတယ်။ “ဘာကိုမလုပ်သင့်နဲ့ ပတ်သက်လို့တော့ လွန်ခဲ့တဲ့ နှစ်ပေါင်း (၅၀) အတွင်း မြန်မာနိုင်ငံကို အရှေ့တောင်အာရှရဲ့ အတောက်ပဆုံး ကြယ်အဆင့်မှ မှေးမှိန်သေးသိမ်တဲ့ မထင်မရှား ဂြိုဟ်လေးအဖြစ် ရောက်ရှိသွားစေတဲ့ ဖြစ်ရပ်တွေကိုလေ့လာပြီး သင်ခန်းစာတွေ အများကြီး ရနေပါပြီ။ ဘာတွေလုပ်သင့်တယ်ဆိုတာကတော့ ပြည်သူတွေက သင်ကြား ပေးလို့ သိနေရတာ ဖြစ်ပါတယ်။ ” လို့ ပြော ပါတယ်။ အဖွဲ့ချုပ်နဲ့ တပ်မတော်အကြား သံသယတွေ ဖယ်ရှားပြီး ပူးပေါင်း ဆောင်ရွက်ချင်ပါတယ်လို့ သူက ထပ်မံကမ်းလှမ်းခဲ့ပါတယ်။ “အဖွဲ့ချုပ်ဟာ မြန်မာ့တပ်မတော်ကို ဒီမိုကရေစီ စံနှုန်းစံထားများနဲ့အညီ၊ တိုးတက်ခေတ်မီ ပြည့်စုံစွာ ပြည်သူတွေလေးစားချစ်ခင်မှုကြောင့် ကမ္ဘာ့အလယ် တင့်တယ်တဲ့၊ နိုင်ငံနဲ့ပြည်သူ လွတ်လပ်၊ လုံခြုံ၊ အေးချမ်းရေးတို့ကို အခိုင်အမာ ကာကွယ်ပေးမယ့်၊ နိုင်ငံက အားကိုးရတဲ့ အဖွဲ့အစည်း ဖြစ်စေလိုပါတယ်။ အဖွဲ့ချုပ်နဲ့ တပ်မတော်အကြား သံသယတွေ ဖယ်ရှားပြီး ပြည်ထောင်စုအရေး၊ ဒီမိုကရေစီအရေးအတွက် အပြန်အလှန် ယုံကြည်လေးစားစွာ ပူးပေါင်း ဆောင်ရွက်ချင်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင် ပြောင်းလဲရေးမှာလည်း နိုင်ငံရဲ့ တည်ငြိမ်မှု၊ ပြည်သူတွေရဲ့ နှလုံးစိတ်ဝမ်း အေးချမ်းမှုတို့ကို မထိခိုက်စေပဲ ပြည်သူ့ဆန္ဒနဲ့ ကိုက်ညီစွာ အတူလုပ်ဆောင်ချင်ပါတယ်။ ” စက်တင်ဘာ ၂၁ ရက်နေ့နေ့ခင်းပိုင်းက ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လာမယ့်ရွေးကောက်ပွဲမှာ တပ်မတော်သားတွေ မဲပေးရေးဆိုင်ရာ သဘောထားကို နေပြည်တော်မှာ မီဒီယာတွေနဲ့ တွေ့ဆုံရာမှာ ဒီဗွီဘီရဲ့မေးမြန်းချက်ကို ဖြေဆိုပါ တယ်။ သူက “ဘယ်သူ့ပေးပါ၊ ဘယ်ဝါပေးပါဆိုတာထက် ဖြစ်သင်တဲ့ပုဂ္ဂိုလ်မျိုးကိုပဲ ကျနော်တို့က ပြောတယ်။ ဒီပုဂ္ဂိုလ်ကိုတော့ ဖြစ်သင့်တယ်၊ ခုနပြောသလို ဒေသနဲ့နိုင်ငံပေါ်မှာ ကောင်းအောင်လုပ်မယ့်သူ ဖြစ်စေချင်တယ်။ ဒို့တာဝန်အရေးသုံးပါး (ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွှတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး)ကို ကာကွယ်တဲ့သူ ဖြစ်ဖို့လိုတယ်။ နောက်တခါ အမြင် (၄) မြင် (စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး အမြင် ၄ ရပ်) နဲ့ပတ်သက်ပြီး ရှိတဲ့လူဖြစ်ဖို့လိုတယ်။ နောက်တခါ တပ်မတော်အပေါ်မှာ နားလည်တဲ့သူ ဖြစ်ဖို့လိုတယ်။ အကြမ်းဖျဉ်းပဲပြောပါတယ် ဒီပေါ်မှာ သူတို့ချိန်ဆလုပ်ပေါ့” လို့ ပြောပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲရလဒ်ကို လေးစား လိုက်နာပါမယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ကတိပြုပြောဆိုခဲ့ပါတယ်။ “ဒီမိုကရေစီစနစ်ထူထောင်ရာမှာ ပြည်သူလူထုရဲ့ကဏ္ဍဟာ အဓိကပါပဲ။ ပြည်သူလူထုရဲ့ ဆန္ဒ၊ သြဇာ၊ အာဏာအပေါ်အခြေခံတဲ့စနစ်ဖြစ်တာကြောင့် ပြည်သူတွေ တက်တက်ကြွကြွ ပါဝင်ကြမှ အောင်မြင်နိုင်မှာပါ။ ပြည်သူတွေရဲ့ပါဝင်ပတ်သက်မှုလိုအပ်သလို၊ ပြည်သူတွေရဲ့ ဆုံးဖြတ်ချက်ဟာ အင်မတန်အရေးကြီးပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ပွင့်လင်း ထင်ရှားတဲ့၊ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲမှတဆင့် ဖေါ်ထုတ်လိုက်တဲ့ ပြည်သူ့ ဆန္ဒကို လေးစားလိုက်နာပါ့မယ်လို့ အာမခံပါတယ်။” အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ၁၉၈၈ ခုနှစ် လူထုအုံကြွမှုအပြီး တည်ထောင်ခဲ့တဲ့ နိုင်ငံရေးပါတီဖြစ်ပြီး ၁၉၉၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှာ ကိုယ်စားလှယ်နေရာ ၄၈၅ နေရာအနက် ၃၉၂ နေရာမှာ အနိုင်ရရှိခဲ့ပါတယ်။ ဦးစီးကျင်းပတဲ့ စစ်အစိုးရက  အာဏာမပေးဘဲ အဖွဲ့ချုပ်ခေါင်းဆောင်တွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို ဖိနှိပ်ဖမ်းဆီးထောင်ချခဲ့ပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ခြင်းမပြုခဲ့ဘဲ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှာ အမတ်နေရာ ၄၄ နေရာ ၀င်ပြိုင်ရာမှာ ၄၃ နေရာ အနိုင်ရခဲ့ပါတယ်။ လာမယ့်နိုဝင်ဘာ ၈ ရက်နေ့ကျင်းပမယ့် ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ လက်ရှိသမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီနဲ့ နိုင်ငံတ၀န်းမှာ အဓိက ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်ထောင်စုလွှတ်တော် အမတ်နေရာ လေးပုံတစ်ပုံကို တပ်မတော်က ရွေးကောက်ပွဲမ၀င်ဘဲ ရယူမှာပါ။ လွှတ်တော်အမတ်နေရာ လေးပုံသုံးပုံအတွက်သာ ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ခွင့်ရှိတာကြောင့် အစိုးရဖွဲ့လိုတဲ့ ပါတီဟာ မဲအပြတ်အသတ်အနိုင်ရရှိဖို့ လိုအပ်ပါတယ်။ လက်ရှိမှာတော့ ပြည်ထောင်စုရွေးကောက်ပွဲ ကျင်းပရေးကော်မရှင်က မဲဆန္ဒရှင်စာရင်း ထုတ်ပြန်ရာမှာ မှားယွင်းမှုတွေကြောင့် လွတ်လပ်သန့်ရှင်းတရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်နိုင်ပါ့မလားလို့ စိန်ခေါ်မေးခွန်းနဲ့ ရင်ဆိုင်နေရပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024