ကျေးရွာအုပ်ချုပ်ရေးမှူး လယ်သိမ်း
အေးနိုင်
·
June 22, 2011

ဧရာဝတီတိုင်း ပန်းတနော်မြို့နယ် ကတောက်ဆပ်ကျေးရွာသား ကိုဆန်းဝင်းက သူ့လယ် ဆယ်ဧကထဲကနေ ငါးဧကကို ကျေးရွာအုပ်ချုပ်ရေးမှူးက တရားလက်လွတ်သိမ်းပိုက်တဲ့ကိစ္စကို ဖြေရှင်းပေးဖို့ ဧရာဝတီုင်းဒေသကြီး အစိုးရအဖွဲ့ထံ တိုင်ကြားဖို့ ပြင်ဆင်နေပါတယ်။
ကတောက်ဆပ် ကျေးရွာအုပ်ချုပ်ရေးမှူ ဦးလှထွေးဟာ ကိုဆန်းဝင်း မိဘတွေ လက်ထက် ၂၇ နှစ်လုံးလုံး နိုင်ငံတော်ကို အခွန်ပုံမှန်ဆောင်ပြီး လုပ်ကိုင်လာတဲ့ လယ်ဆယ်ဧကထဲက တဝက်ကို တရွာတည်းသား ကိုမျိုးဇော်ဆိုသူကို ပေးအပ်ခဲ့ဖူးသလို တရားရုံးရောက်ပြီး အမှုရှုံးခဲ့ဖူးပါတယ်။
ဒါပေမယ့် ဒီနှစ်စိုက်ပျိုးရာသီမှာ ကိုဆန်းဝင်းက သူပိုင်လယ် ၁၀ ဧကအတွက် စိုက်ပျိုးစရိတ် ချေးငွေတောင်းခံရာမှာ ကျေးရွာအုပ်ချုပ်ရေးမှူးက ငါးဧကဖိုးပဲ ချေးမယ်လို့ ပြောဆိုပြီး စိုက်ပျိုးရေးဘဏ်ကပါ ငါးဧကဖိုးသာ ထုတ်ချေးတယ်လို့ ကိုဆန်းဝင်းက ပြောပါတယ်။
အောက်ခြေ ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ဘဏ်အတွင်းရေးမှူးကပေါ့နော် ကျနော့်ကို ထုတ်မပေးဘူးလို့ ပြောတယ်။ ဒါပေမယ့် ကျနော် ဘဏ်ရုံးကိုသွားတော့ ဘဏ်မန်နေဂျာနဲ့ စာရေးမက ကျနော့်ကို ပြောတယ်။ ကျနော်က အစဉ်အဆက်အရ ထုတ်လာခဲ့တဲ့အတွက် ၅ ဧကလောက် ထုတ်ပေးမယ်လို့ ပြောတယ်။ ကျန်တဲ့ ၅ ဧကအတွက် ကျနော် မရပါဘူး။ တောင်းဆိုချင်တာကတော့ တရားမျှတပြီး လွတ်လပ်တဲ့ နိုင်ငံတော်ကြီး ဖြစ်တဲ့တွက်ပေါ့နော် တရားဥပဒေနဲ့ အညီပေါ့နော် ကျနော်တို့ ဖြစ်ချင်တဲ့ ဆန္ဒပေါ့။”
ကတောက်ဆပ်ကျေးရွာအုပ်စုမှာ လယ်ဧက ၁၂၀၀ ခန့်ရှိပြီး စိုက်ပျိုးစရိတ် ထုတ်ချေးငွေကနေ လယ်တဧကကို ကျပ်ငွေ တထောင် ဖြတ်တောက်တယ်လို့ သူက ပြောပါတယ်။
အဲဒီ ကျေးရွာအုပ်ချုပ်ရေးမှူးဟာ ရပ်ကွက်အေးချမ်းဖြိုး တာဝန်ကနေ ပြောင်းလဲတုန်းကလည်း တအိမ်ကို တထောင်ကောက်ယူပြီး ရယက လက်ထက်တုန်းက ကြွေးကျန်ကို ဆပ်ရအောင် ကောက်ယူတာပါလို့ ဖြေဆိုတယ်လို့ ဆိုပါတယ်။
အမှုဖြစ်ပြီး ၂၀၁၀ မိုးရာသီမှာ စပါးအပြည့် မစိုက်နိုင်တာကြောင့် ကိုဆန်းဝင်းဟာ မနှစ်က စပါးတင်း ၃၀၀ ကာလပေါက်ဈေး ၁၂ သိန်း နစ်နာခဲ့သလို မတ်ပဲ တင်း ၄၀ ကာလပေါက်ဈေး ၇ သိန်းနစ်နာခဲ့ပါတယ်။
ဒါ့အပြင် အလုပ်အကိုင်ပျက်ပြီး ငွေကြေးကုန်ကျမှုများတယ်လို့ ကိုဆန်းဝင်းက ပြောဆိုပြီး တရားမျှတအောင် ဖြေရှင်းပေးတာကို လိုလားတယ်လို့ တောင်းဆိုပါတယ်။
- ဓာတ်ပုံ- ရဲဝင့်သူ