ကော့မှူး လယ်သူမ၏လယ်မြေ ဖျက်ဆီးခံရ
နော်နိုရင်း
·
June 22, 2011

ရန်ကုန်တိုင်း ကော့မှူးမြို့နယ်မှာ လယ်သူမတဦးက သူ့လယ်မြေတွေကို စစ်ဗိုလ်တွေက ဖျက်ဆီးတဲ့အမှုကို မြို့နယ်တရားရုံးက လက်မခံပေမယ့် စစ်ဗိုလ်က လယ်သူမကို ပိုင်နက်ကျူးလွန်တယ်ဆိုပြီး စွဲဆိုတဲ့အမှုကို လက်ခံလိုက်ပါတယ်။
လယ်လည်းဖျက်ခံရ၊ တရားလည်းစွဲခံရတဲ့ လယ်သူမကြီး ဒေါ်နန်းရွှေရဲ့ အမှုနဲ့ပတ်သက်လို့ ဥပဒေအကြံပေးသူ ဦးစိုးဟန်က ခုလို ပြောပါတယ်။
“ခလရ ၇၀ ဘက်က ကျူးကျော်ဖျက်ဆီးတာကျတော့ တရားစွဲလို့ မရဘူး။ ဒေါ်နန်းရွှေတို့ လက်ရှိလက်ငုတ် လုပ်နေတဲ့လူကိုတော့ တခါ တရားရုံးကနေပြီးတော့ တရားစွဲတာကို လက်ခံထားတယ်။ အခု ဒေါ်နန်းရွှေကို ၅ လပိုင်း ၂၀-၂၁ ရက်က ထွန်ယက်ပြီးတော့ ကြဲထားတဲ့ကိစ္စကို တပ်ကနေပြီးတော့ ပုဒ်မ ၄၄၇ နဲ့ တခါ တရားစွဲတယ်။ ပထမလည်း တရားစွဲထားတယ်။ အမှန်က ဒီလယ်မြေအပေါ်မှာ မူလကတည်းက ဒေါ်နန်းရွှေတို့က လက်ရှိနေထိုင်ခဲ့တာ။ အဲဒါကို တရားရုံးက လက်ခံပြီးတော့ စစ်ဆေးနေတယ်။ ခလရ ၇၀ ဘက်က ကျူးကျော်ပြီးတော့ ဒေါ်နန်းရွှေတို့ စိုက်ပျိုးထားတွေကို ဖျက်တာပြုတာကိုတော့ တရားစွဲလို့ မရဘူး။ အဲဒီမှာ ရှိနေတဲ့ တာဝန်ကျနေတဲ့ ရဲဘော်တွေနဲ့ ဒေါ်နန်းရွှေတို့နဲ့က တဲကလည်း နီးနေတော့ အပြန်အလှန် တဖက်နဲ့တဖက် အမြဲတမ်းလိုလို အချင်းများ ရန်ဖြစ်နေကြတာပေါ့။ ရေရှည်ကျတော့ အလွန်အကျွံတွေ ဖြစ်မှာလည်း စိုးရိမ်ရတယ်။”
ဖြစ်ပုံအစက မနှစ်ကတည်းက ရန်ကုန်တိုင်း ကော့မှူးမြို့နယ် ဒေါ်နန်းရွှေ ပိုင်တဲ့ လယ်မြေ ၁၈ ဧကနီးပါးကို ခလရ ၇၀ အရာရှိတွေက သူ့တို့ပိုင် လယ်မြေဆိုပြီး ပြောတဲ့အတွက် ဒေါ်နန်းရွေက တရားစွဲပါတယ်။ ဒါပေမယ့် အမှုကို လက်မခံပါဘူး။ ဒီလိုနဲ့ ဒေါ်နန်းရွေက လယ်ဆက်လုပ်ရာမှာ စစ်အရာရှိတွေက လယ်ကို ဝင်ဖျက်ပြီး ပိုင်နက်ကျူးလွန်မှုနဲ့ စွဲဆိုခဲ့တာ ဖြစ်ပါတယ်။
ဒေါ်နန်းရွှေ ပိုင်တဲ့ လယ် ၁၈ ဧက နီးပါးဟာ လွန်ခဲ့တဲ့ ၁၀ နှစ်လောက် ကတည်းက စားကျက်မြေကို လယ်ဖော်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါကို ခလရ ၇၀ က သူတို့ပိုင်လယ်မြေဆိုပြီး မနှစ်တုန်းက ဝင်ရောက် လုပ်ကိုင်ခဲ့တာ ဖြစ်သလို ဒေါ်နန်းရွှေရဲ့ လယ်တဲကိုလည်း ဖျက်ဆီးခဲ့တာလို့ ဆိုပါတယ်။
- ဓာတ်ပုံ - ရဲဝင့်သူ