Home
ဆောင်းပါး
ငွေကြယ်တာရာ အရှိန်ပြ ချိန်သမယ ၀ါခေါင်လ
မောင်တူး
·
September 14, 2015
ဝါခေါင်တစ်ကြောင်း၊ ထနောင်းကြောင်ကျစ်၊ ဆူးရစ်ပွင့်ခါ၊ မိုးမရွာ                                                                                                         ရွာပါသော်လည်း၊ မိုးမသည်းဝါခေါင်လကို ကျရောက်နေပါပြီ။တနေ့ တနေ့နဲ့ တရွေ့ရွေ့ အချိန်ကုန်ပြီ၊ နှစ်လတာရှည်” ဆိုတဲ့ တေးသံလေး ကြားလာနေရတယ်။ တလတလနဲ့ တရွေ့ရွေ့ အချိန်ကုန်နေတာပဲလေ။ မြန်မာနှစ်တနှစ်ရဲ့ အစဦးဆုံးကတော့ တန်ခူးလပေါ့။ နောက်တော့ ကဆုန်လ၊ နယုန်လ၊ ၀ါဆိုလ၊ အခုတော့ ၀ါခေါင်လပေါ့။ ၀ါဆို၊ ၀ါခေါင် ရေဖောင်ဖောင်မှာ မိုးကလည်းကောင်းတာမို့ လယ်သမားတွေ ထွန်ထယ်တဲ့လပေါ့။ ၀ါခေါင်မှာ ပျိုးပင်တွေလည်း စိုက်ဖို့အသင့်။ ကောက်စိုက်မလေးတွေရဲ့ တေးသံချိုကလေးတွေကလည်း လယ်ပြင်တကြော တလွင်လွင်။ မြစ်တွေ ချောင်းတွေကလည်း ရေပြည့်လျှံလို့ လှေပြိုင်ပွဲတွေ ကျင်းပတဲ့လ။ တောင်ပြုန်းပွဲ၊ ရတနာ့ဂူပွဲ စတဲ့ နတ်ပွဲတွေ ကျင်းပတဲ့လ။ စာရေးတံမဲပွဲတွေ ကျင်းခဲ့တဲ့လ၊ အ၀တ် နီ ဖြူ  ၀ါ နက်တွေ စုံညီဝတ်ကြပြီး လက်မှာ ချည်ဖြူ  ချည်နီတွေ ပတ်ချည်ကြ၊ တလလုံး တအုန်းအုန်း ဆင်နွဲကြတဲ့ ကရင့်ရိုးရာချည်ဖြူဖွဲ့ မင်္ဂလာပွဲလ ဖြစ်နေတာမို့ တတိုင်းပြည်လုံး ပျော်စရာ ပွဲတော်တွေ များလှတဲ့ ၀ါခေါင်လပါ။  ပြီးတော့လည်း ၀ါခေါင်လပြည့်နေ့ဟာ မေတ္တာအခါတော်နေ့ ဖြစ်ပါတယ်။ ဒါပေမယ့် ငိုကြွေး ၀မ်းနည်း ပူဆွေးကြရတဲ့ ၀ါခေါင်လည်း ဖြစ်နေပြန်ပါရဲ့။ ငိုကြွေး ၀မ်းနည်းကြရတာကလည်း  မြန်မာတပြည်လုံးပါ။ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖခင် ဗိုလ်ချုပ်အောင်ဆန်း၊ ဒီးဒုတ်ဦးဘချို၊ ဦးရာဇတ်တို့ အပါအ၀င် အာဇာနည်ခေါင်းဆောင်ကြီး ၉ ဦး ကျဆုံးခဲ့တဲ့လပါ။ “ဘာတွေဖြစ်ကုန်ကြပြီလဲ” ရဲရဲတောက် ကဗျာနဲ့ စစ်အစိုးရကို တော်လှန်ခဲ့သူ ထင်ရှားလှတဲ့ စာရေးဆရာ မင်းလူ ကွယ်လွန်ခဲ့တဲ့လ။ ငြိမ်းချမ်းရေးစာဆိုကြီး ဒဂုန်တာရာ ဆုံးပါးခဲ့တဲ့ လ၀ါခေါင်ပါ။ မြန်မာ့သမိုင်းမှာ အရေးပါခဲ့တဲ့ ဗမာပြည်ကွန်မြူနစ်ပါတီ စတင်တည်ထောင်ခဲ့တာကလည်း ၀ါခေါင်မှာပါပဲ။ တခြား တခြားသော အဖြစ်အပျက်တွေလည်း ၀ါခေါင်လမှာ ဖြစ်ခဲ့ပျက်ခဲ့ကြတာ တပုံတပင်ပေါ့။ ၀ါခေါင်အကြောင်းကို  မြန်မာ့ရုပ်စုံ စွယ်စုံကျမ်းမှာတော့ အခုလို ဖော်ပြထားပါတယ်။ ၀ါခေါင်လ။ ။ ၀ါခေါင်လသည် မြန်မာ့ ၁၂ လတွင် ပဉ္စမမြောက်ဖြစ်၏။ မိုးဥတုတွင် ပါဝင်သည်။ ၀ါခေါင်လကို ရှေးအခါက “နံကာလ” ဟုလည်း ခေါ်ကြသည်။ ပုဂံခေတ် ကျောက်စာများတွင် ၀ါခေါင်လ ဟူ၍လည်းကောင်း၊ နံကာလဟူ၍လည်းကောင်း အရေးအသား နှစ်မျိုးစလုံးကို တွေ့ရ၏။ နံကာလ အကြောင်းကို ဝေါဟာရလီနတ္ထ ဒီပနီကျမ်း၌- “ထို  နံကာလသဘော အဓိပ္ပ္ပာယ်ကို ကြံသော် အဘိဓာန်ကျမ်းတွင် သာဝဏော၊ နံကာလ၊ နိက္ခမနီယော၊ နံကာလဟူ၍ ပရိယာယ် နှစ်ပုဒ်ပြသည်။ အဘိဓာန်ဋီကာတွင် အန္တော ၀ီထိတော ဗဟိနိက္ခမတိ သူရိသော ဧတ္ထာတိ နိက္ခမနီယော၊ အဓိကရဏေ အနီယော ဟူ၍ ဖွင့်သည်။ "အနက်ကား၊ ဧတ္ထ- ဤကာလ၌။ သူရိယော- နေသည်၊ အန္တော ၀ီထိတော- အတွင်းခရီးမှ၊ ဗဟိဝီထိ- ပြင်ပခရီးသို့၊ နိက္ခမတိ- ထွက်တတ်၏၊ ဣတိတသ္မာ- ထို့ကြောင့်၊  နိက္ခမနီယော- နိက္ခမနီယမည်၏၊ အဓိကရဏေ-အဓိကရဏ သာဓန၌၊ အနီယော- အနီယ ပစ္စည်းတည်း ဟူ၍ဆိုသည်။ နိက္ခမနီယ သဒ္ဒါ ရွေ့လျော၍ မြန်မာဘာသာ နံကာလ ဝေါဟာရ ဖြစ်သည်ဟု ယူရန်ရှိ၏။” ဟူ၍ ဖော်ပြထားလေသည်။ နံကာလ၏ အနက်အဓိပ္ပာယ်ကို လယ်လုပ်ချိန်၊ ထွန်ထယ်ချိန်၊ စိုက်ပျိုးချိန်၊ လယ်လုပ်ချိန်လ၊ ထွန်ထယ်ချိန်လ၊ စိုက်ပျိုးချိန်လ ဟူ၍ ယူဆသည်လည်း ရှိ၏။ ဗေဒင်အခေါ်အားဖြင့် ၀ါခေါင်လကို သိဟ်ရာသီဟု ခေါ်သည်။ ထိုကာလတွင် သရ၀ဏ်နက္ခတ်နှင့် လမင်းတို့ ယှဉ်ပြိုင်ကာ မွန်းတည့်၏။ ဖုသျှနက္ခတ်နှင့် နေမင်း ယှဉ်ပြိုင်လေသည်။ ရာသီရုပ်မှာ ခြင်္သေ့ရုပ်ဖြစ်၏။ ရာသီပန်းမှာ ခတ္တာပန်းတည်း။ ၀ါခေါင်လတွင် ရှေးမြန်မာမင်းများ ရှိစဉ်အခါက ရာသီပွဲတော်အဖြစ် စာရေးတံပွဲသဘင်ကို ဆင်ယင် ကျင်းပလေ့ရှိသည်။ ဤသည်ကိုရည်၍ ဦးယာ၏ ဆယ့်နှစ်ရာသီဘွဲ့လူးတား ၀ါခေါင်လဘွဲ့၌ -  ရတုဝါခေါင်၊ တိမ်တောင်ပတ်ယှက်၊ သည်ရက်အခါ၊ မြတ်စွာထွတ်ထား၊ ရွှေစကားတွင်၊ ပွဲများခြိမ့်ခံ၊ စာရေးတံဟု၊ စီမံခင်းကျင်း၊ မင်းသားတသီး၊ မင်းသမီးနှင့်၊ မှူးကြီးမတ်ရာ၊ မြတ်သင်္ဃာတို့၊ ရတနာထွေပြား၊ အပါးပါးနှင့်၊ သကြားကြံချို၊ ဆိမ့်ယိုအုန်းသီး၊ ပျောသီးရွှေရောင်၊ မြဒေါင်းပေါင်တွင်၊ အသာတင်၍၊ သဘင်ခံပွဲ၊ ညံမစဲသား၊ ပုလဲရွှေမြင်၊ ငါးအင်ကလျာ၊ မိုးသူဇာသို့၊ ဖလ်ပြာတကောင်း၊ ရှိစုံပေါင်း၍၊ ၀ပ်ညောင်းပန်ကြား၊ လျှောက်ဆိုထားသည်။ဟူ၍ စပ်ဆိုထား၏။ ထို့ပြင် ၀ါခေါင်လသည် တောင်ပြုန်းညီနောင် နတ်ပွဲများ ကျင်းပသောကာလဖြစ်သည်။ ထိုနတ်ပွဲအတွက် လှေပွဲများလည်း ပြုလုပ်သည်ဟု ဆိုလေသည်။ ဤသည်ကိုရည်၍ ဦးအောင်ကြီး၏ အင်းဝမြို့ဘွဲ့ ဆယ့်နှစ်ရာသီ လူးတား ၀ါခေါင်လဘွဲ့၌ - “၀ါခေါင်လကား၊ ကျောင်းမှမကွာ၊ ထေရ်သံဃာတို့၊ သဒ္ဓါရွှင်လန်း၊ ဆွမ်းပန်းကျွေးဟန်၊ စာရေးတံနှင့်၊ ကောင်းမွန်စီရင်၊ သဘင်ဒါန၊ လှူဒါန်းကြလျက်၊ ရှေးကထိမ်းမှတ်၊ ညီနောင်နတ်ကို၊ ရည်ညွတ်သောင်သဲ၊ တက်စမြဲနှင့်၊ လှေပွဲများစွာ၊ မြစ်ဧရာဝယ်၊ ကြော်ငြာ သံကျူး၊ ပြိုင်ကြမြူးသည်။” ဟူ၍ စပ်ဆိုထားလေသည်။ ၀ါခေါင်လတွင် နံနက် စက်နာရီ ၅ နာရီ မိနစ် ၄၀ ၌ နေထွက်၍ ညနေ စက်နာရီ ၆ နာရီ ၂၉ မိနစ်တွင် နေ၀င်သည်။ မြန်မာနာရီ အားဖြင့် နေ့ ၃၄ နာရီ၊ ညဥ့် ၂၆ နာရီ ရှိသည်။ ဤသည်ကိုရည်၍ ဦးယာက - “တောင်လေသွဲ့၍၊ ရွာတဲ့မလို၊  ငွေသဲပျိုက၊ ရေညိုနဒီ၊ လှိုင်းလုံးချီ၍၊ ရာသီထိန၊ သည်မာသတွင်၊ ဇယတြိ၊ နေ့ရှိနာရီ၊ မမှီညဥ့်ရောက်၊ နှစ်ဆယ့်ခြောက်တည်း။   ဟူ၍ စပ်ဆိုခဲ့၏။ ၀ါခေါင်လမှာ ရက်မစုံကွယ်သောလ ဖြစ်သောကြောင့် ရက်ပေါင်း ၂၉ ရက်ရှိသည်။ ၀ါခေါင်လတွင် ကြာသပတေးနဲ့ စနေမှာ ပြဿ  ဒါးနေ့များ ဖြစ်၏။ ဗုဒ္ဓဟူးနဲ့ သောကြာမှာ ရက်ရာဇာများ ဖြစ်ကြသည်။ ဒါကတော့ ၀ါခေါင်လအကြောင်း မြန်မာ့ရုပ်စုံကျမ်းမှာ ရေးသားထားချက်ပါ။ ၀ါခေါင်လဟာလည်း သံဃာတော်တွေ ၀ါဆိုနေဆဲလ ဖြစ်ပါတယ်။ ရဟန်းတွေ ကျောင်းပြင်မထွက်တမ်း ၀ါဆိုကြတဲ့ မိုးရာသီ ၃ လတာရဲ့ အလယ်လ ဖြစ်တာပါ။ ၀ါတွင်း ၃ လထဲမှာ ၀ါဆို၊ ၀ါခေါင်နဲ့ တော်သလင်းတို့ ပါတာပေါ့။ ပုဂံခေတ်က ၀ါခေါင်ကို  နံကာလလို့ ခေါ်ကြောင်း အစပိုင်းမှာ ပြောခဲ့ပါပြီ၊  နံ= အချိန်၊ ကာ = (လယ်ယာ) ပြုလုပ်ခြင်း ဖြစ်လို့ လယ်လုပ်ချိန်၊  လယ်ယာစိုက်ပျိုးချိန်လ၊ ၀ါခေါင်လလို့ အဓိပ္ပါယ်ရှိတာပါ။ ရေလျှံရေဖောင်တဲ့ လပေါ့။ ၀ါဆို ၀ါခေါင် ရေတွေကြီးလို့  သပြေသီးမှည့်ကောက်စို့ကွယ်.. ခရာဆူးခြုံဟိုအထဲက မျှော့နက်မည်းကြီး တွယ်တတ်တယ်။ မျှော့နက်ဆိုတာ ချိုနဲ့လားကွဲ့ မြွေနဂါးတောင် ကြောက်ဘူးကွယ်။ တို့လည်းလိုက်မယ် ချန်မထားနဲ့.. အုန်းလက်နွားလေး ထားခဲ့ကွယ်။ လိုက်မယ် လိုက်မယ်။ (မင်းသုဝဏ်) ၀ါခေါင်လဟာ သြဂုတ်လနဲ့ တိုက်ဆိုင်ပါတယ်။ ခတ္တာပန်းဟာ ၀ါခေါင်လမှာ ပွင့်ပါတယ်။ “သိဟ်ရာသီ ၀ါခေါင်မိုးနဲ့ လှမ်းလာခဲ့တော့ ခတ္တာရေ” ဆိုတဲ့ သီချင်းလိုပဲ ၀ါခေါင် ရာသီပန်း ခတ္တာက ဂမုန်းတမျိုးပဲ။ ဂမုန်းခတ္တာလို့လည်း ခေါ်ရဲ့။ လက်ဝါးလောက် ရှည်ဝန်းတဲ့ အရွက်ရှိတယ်။ နောက်ပြီးတော့ ခတ္တာဟာ လေးကျွန်းကြာခိုင်နဲ့လည်းတူတယ်။ ၀ါခေါင်လ တောင်ပြုန်းပွဲ တောင်ပြုန်းပွဲတော်ကို နှစ်စဉ် ၀ါခေါင်လဆန်း ၈ ရက်နေ့ကနေ ၀ါခေါင်လပြည့်နေ့အထိ ကျင်းပကြပါတယ်။ မန္တလေးတိုင်း မတ္တရာမြို့နယ် တောင်ပြုန်းဘုရားပွဲ ကျင်းပတာဖြစ်ပြီး ဘုရားပွဲထက် နတ်ပွဲတွေ ဆင်ယင်ကပြကြတာ သက်သက်ဖြစ်ပါတယ်။ ရာဇ၀င်လာ ထင်ရှားတဲ့ နတ်နှစ်ပါး (မင်းကြီးမင်းလေး) ဖြစ်စဉ်နဲ့ တည်ထားတဲ့ တောင်ပြုန်းစေတီ အုတ် ၂ ချပ်လပ် သမိုင်းကြောင်းကနေ တောင်ပြုန်းပွဲ ဖြစ်လာရတာပါ။ ၀ါခေါင်လဆန်းချိန် ဆိုရင် တပြည်လုံးက နတ်ကိုးကွယ်သူတွေဟာ တောင်ပြုန်းကို လာကြပြီး ၀ါခေါင်လပြည့်လောက်အထိ ပွဲတော် ဆင်နွှဲကြလေ့ ရှိကြပါတယ်။ တောင်ပြုန်းပွဲအပြီး ရတနာ့ဂူပွဲနဲ့ တခြားနတ်ပွဲတွေလည်း ၀ါခေါင်လ အတွင်းမှာပဲ ကျင်းပကြပါတယ်။ စာရေးတံမဲ နွှဲတဲ့ဝါခေါင် လစန်းရယ်တဲ့ ငွေဘုံဆောင်။ ပြည့်ဝန်းကြယ် သရ၀ဏ်နှင့် နယ်တ၀ှန် ရှစ်ခွင်တိုင်းမှာ မှိုင်းရီလို့မှောင်။ ငွေတာရာ သိန္ဓာငယ်တို့ ဝေဟာမှာ အရှိန်ပြပါတဲ့ ချိန်သမယ လ၀ါခေါင်မှာ ငွေသောင်မြစ်ပြည့်လျှမ်း။ ခတ္တာငုံ ချပ်လွှာမှုံ တကြူကြူနှင့် ပြည်နိဗ္ဗူ  ပတ္ထနာသန်လို့ စာရေးတံ လှုတော်ပွဲကို (အိုကွယ်) နွှဲပျော်လို့လှမ်း။ ။ ၀ါခေါင်လရဲ့ စာရေးတံမဲ အလှူတော်ကတော့ မဲနှိုက်ပြီး မဲကျရာ သံဃာတော်ကို ဆွမ်းကျွေးခွင့်၊ လှူဖွယ်ဝတ္ထုတွေ လှူခွင့်ရကြတာပါ။ ဘုရားရှင်လက်ထက်ကစ စာရေးတံမဲအလှူ ရှိခဲ့တဲ့သဘောဖြစ်သလို အဲ့ဒီကာလက မဟာဒုတ်ဆိုသူ တဦး မဲပေါက်သလို ရခဲ့တဲ့ မြတ်စွာဘုရားထံ ဆွမ်းကပ်ခွင့်အလှူ ဗုဒ္ဓ၀င်ကို အကြောင်းပြု ပါတယ်။ ဒါကြောင့် မဟာဒုတ်မဲ၊ စာရေးတံမဲ စသဖြင့် ခေါ်ကြတာပါ။ ၀ါခေါင်လ ကရင်ရိုးရာ ချည်ဖြူဖွဲ့ မင်္ဂလာပွဲ ၀ါခေါင်လဆန်းကနေ လကုန်ပိုင်းအထိ ကရင်လူမျိုးတွေရဲ့ လက်ချည်ပွဲ ကျင်းပကြပါတယ်။ လက်ကောက်ဝတ်မှာ ချည်ဖြူ ချည်နီတွေကို ကရင်ဘာသာစကားနဲ့ ရွတ်ဆိုပြီး ချည်နှောင်တဲ့ ပွဲတော်ကြီးပါ။ ၀ါခေါင်လပြည့်နေ့မှာ ဆိုရင် လူအင်အားများများနဲ့ လက်ချည်ပွဲကြီးတွေ ကျင်းပကြပါတယ်။ ကရင်လူမျိုးတွေ စတင်ပေါက်ဖွားခဲ့ရာ  ဂိုဘီသဲကန္တာရကနေ မြန်မာပြည်ဘက်ကို ဖြတ်ကူးမလာခင် ရှေးနှစ် တော်တော်များများ ကတည်းက လက်ချီပွဲတွေ ဆင်နွှဲခဲ့ကြပါတယ်။ ၀ါခေါင်လရောက်တိုင်း ကရင်တွေနေထိုင်တဲ့ ဒေသတိုင်း လက်ချီပွဲတွေ လုပ်ကြပါတယ်။ ၀ါခေါင်လပြည့်နေ့ဟာ မေတ္တာအခါတော်နေ့ မေတ္တာအခါတော်နေ့ဟာ မေတ္တာသုတ်ဟောပြောရာက စတာပါ။ ဗုဒ္ဓက ဒီမေတ္တာသုတ်ကို ၀ါခေါင်လပြည့်နေ့မှာ ဟောတော်မူခဲ့လို့ ၀ါခေါင်လပြည့်နေ့ (မေတ္တာအခါတော်နေ့) ဆိုပြီး သတ်မှတ်ကြပါတယ်။ ဒီမေတ္တာသုတ် ဟောရတာက ဗုဒ္ဓဘုရားလက်ထက် ရဟန်း ၅၀၀ ဟာ ဟိမ၀န္တာအနီးတောအုပ်မှာ ကမ္မဋ္ဌာန်းတရား အားထုတ်ခဲ့ကြပါတယ်။ ဒီအချိန် သစ်ပင်တွေမှာရှိတဲ့ နတ်တွေနဲ့ ရုက္ခစိုးတွေဟာ ရဟန်းတွေကို  ခြောက်လှန့်ကြလို့ တရား အားမထုတ်နိုင်ကြတဲ့အတွက် ဘုရားက ရဟန်းတွေကို မေတ္တာသုတ်ဟောပြီး မေတ္တာပို့ရင်း တရား အားထုတ် ကြစေပါတယ်။ ရဟန်းတွေက မေတ္တာပို့သကြတဲ့အခါ နတ်တွေဟာ မေတ္တာခံယူပြီး ရဟန်းတွေကို စောင့်ရှောက် လာကြပါတယ်။ ဒါကြောင့် ၀ါခေါင်လပြည့်နေ့ကို မေတ္တာအခါတော်နေ့လို့ သတ်မှတ်ကြတာပါ။ ဗိုလ်ချုပ်အောင်ဆန်း အပါအ၀င် အာဇာနည် ၉ ဦး ကျဆုံးခဲ့တဲ့လ ၀ါခေါင်လ ၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက်၊ မြန်မာသက္ကရာဇ် ၁၃၀၉ ခုနှစ်၊ ၀ါခေါင်လဆန်း ၂ ရက် စနေနေ့ဟာ အာဇာနည်ခေါင်းဆောင်ကြီး ၉ ဦး တပြိုင်တည်း ရန်ကုန်မှာ လုပ်ကြံခံခဲ့ရတဲ့နေ့။ ဗိုလ်ချုပ်အောင်ဆန်း၊ ဦးရာဇတ်၊ သခင်မြ၊ ရဲဘော်မောင်ထွေး၊ မိုင်းပွန်စော်ဘွားကြီးစပ်စံထွန်း၊ မန်းဘခိုင်၊ ဒီးဒုတ်ဦးဘချို၊ ဦးဘ၀င်းနဲ့  ဦးအုန်းမောင်တို့ ကျဆုံးခဲ့တာပါ။ မြန်မာ့လွတ်လပ်ရေးအတွက် ပြင်ဆင် ဆွေးနွေးနေကြတုန်းမှာ လုပ်ကြံခံခဲ့ကြရတာမို့  တတိုင်းပြည်လုံးက ပြည်သူတွေ ပူဆွေး ၀မ်းနည်းကြရတဲ့နေ့ပါ။ သူတို့ကြီးစိုးတဲ့ခေတ်မှာ အာဇာနည်ဖြစ်ရတာ မစားသာပါလားနော်။ တနှစ်တခါ ၀တ်ကျေတန်းကျေ အလေးပြုခံရ ဥက္ကဋ္ဌကြီး၏ လမ်းညွှန်မှုဖြင့်လို့ တလျှောက်လုံးအော်ခဲ့ပြီး မအောင်မြင်ဘဲ ကျဆုံးတော့မှ ဗိုလ်ချုပ်အောင်ဆန်း လမ်းညွှန်ခဲ့တာပါလို့ လက်ညှိုးထိုး တရားခံ လုပ်ခံရ သမီးအရင်းရင်း ခေါက်ခေါက်တောင် လွတ်လွတ်လပ်လပ် ပန်းခွေချခွင့်မရ။ အထက်ပါ စာပိုဒ် အစချီတဲ့ ဘာတွေဖြစ်ကုန်ကြပြီလဲ ခေါင်းစဉ်နဲ့ စစ်အစိုးရကို သရော်တဲ့ ကဗျာ ရေးခဲ့သူကတော့ ကွယ်လွန်သူ ဆရာမင်းလူ ဖြစ်ပါတယ်။ နိုင်ငံရေး အကျဉ်းသားဟောင်းတဦးဖြစ်တဲ့ ဆရာမင်းလူဟာ "ဘာတွေ ဖြစ်ကုန်ကြပြီလဲ" ဆိုတဲ့ အထက်ပါ ကဗျာရေးတာကြောင့် ဖမ်းဆီး ထောင်ချခံခဲ့ရပါတယ်။ မင်းလူဟာ ၀တ္ထုရှည် ၀တ္တုတိုတွေ၊ ကဗျာ၊ ဆောင်းပါးနဲ့ ရုပ်ရှင်ဇာတ်ညွှန်းတွေ ရေးသားခဲ့သူပါ။ ဆရာ မင်းလူ ခေါ် ဦးဉာဏ်ပေါ်ကို ၁၉၅၄ ခုနှစ် မေလ ၁၈ ရက်က စာရေးဆရာ ဒါရိုက်တာ ဦးသာဓုနဲ့ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ညိုတို့က ရန်ကုန်မှာ မွေးတာပါ။ မွေးချင်း ၄ ဦး ရှိပြီး အငယ်ဆုံးသား ဆရာ မင်းလူဟာ ၂၀၁၃ ခုနှစ် သြဂုတ် ၁၄ ရက်၊မြန်မာသက္ကရာဇ် ၁၃၇၅ ခုနှစ် ၀ါခေါင်လဆန်း ၈ ရက်၊ ဗုဒ္ဓဟူးနေ့မှာ ကွယ်လွန်ခဲ့ပါတယ်။ ၁၉၈၉ ခုနှစ် ဆရာမင်းလူ ရေးခဲ့တဲ့ ဘာတွေ ဖြစ်ကုန်ကြပြီလဲ ကဗျာ ဒုတိယပိုဒ်ကို  ဖော်ပြပေးလိုက်ပါတယ်။ ရွှေတိဂုံစေတီတော် ၀တ္တကမြေထဲမှာ ကျူးကျော်ဆောက်လုပ်ထားလို့ဆိုပြီး အာဇာနည်ဗိမာန်ကို လှိုင်သာယာ ပို့မပစ်တာဘဲ ကျေးဇူးတင်ရမလိုလို တိုင်းပြည်ကို ချစ်သောတပ်မတော် မျိုးချစ်စိတ်ရှိသောတပ်မတော် ပြည်သူကိုကာကွယ်ခဲ့သောတပ်မတော် ဗမာပြည်ကိုကယ်တင်ခဲ့သောတပ်မတော် သောက်ကျိုးနဲတော်တဲ့တပ်မတော် လူတိုင်းပါးစပ်ဖျားက “တော်တော်” လို့ မြည်နေတဲ့တပ်မတော် အိမ်ယာမဲ့တွေကို ရေမီးအစုံနဲ့ ပြန်လည်နေရာချထားပေးတာကိုပဲကြည့် ဟုတ်တယ်လေ မိုးတွင်းမှာရေကြီးတယ် နွေမှာမီးလောင်တယ် ဒါကရေမီးအစုံမဟုတ်ဘူးလား။ (မင်းလူရဲ့ ဘာတွေဖြစ်ကုန်ကြပြီလဲ ကဗျာမှ) ငြိမ်းချမ်းရေးစာဆိုကြီး ဒဂုန်တာရာ ကွယ်လွန်ခဲ့တဲ့ ၀ါခေါင် ခေတ်ဆန်းစာပေကို ဦးဆောင်လှုပ်ရှားခဲ့သူ၊ ငြိမ်းချမ်းရေးဗိသုကာ ဆရာကြီး ဒဂုန်တာရာဟာ ၂၀၁၃ ခုနှစ် သြဂုတ် ၁၉ ရက်၊ မြန်မာသက္ကရာဇ် ၁၃၇၅ ခုနှစ် ၀ါခေါင်လဆန်း ၁၃ ရက်နေ့က ကွယ်လွန်ခဲ့တာပါ။ ဒဂုန်တာရာဟာ မြန်မာပြည် ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စာပေအနုပညာနဲ့ တိုက်ပွဲဝင်ခဲ့သူလည်း ဖြစ်ပါတယ်။ ဦးဌေးမြိုင် ခေါ် ဒဂုန်တာရာကို ၁၉၁၉ ခုနှစ် မေလမှာ ကျိုက်လတ်မြို့နယ် ထိုင်ကူရွာမှာ မွေးပါတယ်။ ဆရာကြီး ဒဂုန်တာရာရဲ့ စာပေလက်ရာအများအပြားထဲမှာ မေ၊ ဧရာဝတီ ယန်စီ ဗော်လဂါ၊ ကြာပန်းရေစင်၊ စာပေ သဘောတရား၊ စာပေ ဝေဖန်ရေး၊ စာပေလှုပ်ရှားမှု ၊ ရုပ်ပုံလွှာ၊ တို့ခေတ်ကိုတော့ ရောက်မည်မှာ မလွဲပါ၊ မူးယစ်ရီဝေသော နွေဦးညများ၊ ဖျတ်ခနဲတွေ့ရသော ရုပ်ပုံလွှာ ကားချပ်များ၊ စာလုံး ဆေးစက် စောင်းကြိုးနှင့် ကတ္တီပါ ကားလိပ်၊ အယ်ဒီတာ စားပွဲ၊ စာပေ အနုပညာ ဝေဖန်ရေးနှင့် ပန်းနုရောင်အို စတဲ့ စာအုပ်တွေဟာ ထင်ရှားခဲ့ပါတယ်။ ဒဂုန်တာရာဟာ “ရန်သူမရှိ မိတ်ဆွေသာရှိ” ဆိုတဲ့ ငြိမ်းချမ်းရေးဝါဒကို ကျင့်သုံးပြီးဖဆပလ အစိုးရ လက်ထက် ဆရာကြီး သခင်ကိုယ်တော်မှိုင်း ခေါင်းဆောင်တဲ့ ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့မှာ ပါဝင်လှုပ်ရှားခဲ့ပါတယ်။ ၁၉၆၂ ခုနှစ်က ဗိုလ်ချုပ်ကြီးနေ၀င်း ဦးဆောင်တဲ့ တော်လှန်ရေးကောင်စီ အာဏာသိမ်းအပြီး ဆရာကြီး ဒဂုန်တာရာဟာ အင်းစိန်ထောင်မှာ ၁၉၆၃ ခုနှစ်ကနေ ၁၉၆၆ အထိ နေခဲ့ရပါတယ်။ သူဟာ ရန်ကုန်တက္ကသိုလ် ကျောင်းသား လှုပ်ရှားမှုတွေထဲ ပါဝင်ခဲ့ပြီး သူတို့ခေတ်ကာလ ၀ါဒရေးရာအရ ကွန်မြူနစ်ပါတီဘက်ကို စာနာ ယိမ်းယိုင်ခဲ့သူပါ။ ၀ါခေါင်လ စ ဖွဲ့ခဲ့တဲ့ ဗမာပြည်ကွန်မြူနစ်ပါတီ မြန်မာ့သမိုင်းတလျှောက် အဓိက အခန်းကဏ္ဍက ပါဝင်ခဲ့တဲ့ ဗမာပြည်ကွန်မြူနစ်ပါတီဟာ ၁၉၃၉ ခုနှစ် သြဂုတ်လ ၁၅ ရက် မြန်မာသက္ကရာဇ် ၁၃၀၁ ခုနှစ်၊ ၀ါခေါင်လဆန်း ၁ ရက်နေ့မှာ စတင် ဖြစ်ပေါ်လာခဲ့ပါတယ်။ စဖွဲ့ချိန် သခင်အောင်ဆန်း၊ သခင်ဗဟိန်း၊ ရဲဘော်ဘတင် (ဂိုရှယ်)၊ သခင်စိုး၊ သခင်လှဖေ (ဗိုလ်လက်ျာ)၊ ရဲဘော်ထွန်းမောင်(ဒေါက်တာနတ်)နဲ့ သခင်ဗိုလ်တို့ ပါဝင်ခဲ့သလို ပထမဆုံး အထွေထွေအတွင်းရေးမှူးက သခင်အောင်ဆန်းပါ။ အစဉ်အဆက်ခေါင်းဆောင်တွေကတော့ အထွေထွေအတွင်းရေးမှူး သခင်အောင်ဆန်း၊ သခင်စိုး၊ သခင်သိန်းဖေနဲ့ ဥက္ကဋ္ဌတွေကတော့ သခင်သန်းထွန်း၊ သခင်ဇင်၊ သခင်ဗသိန်းတင်၊ အတွင်းရေးမှူး ရဲဘော်ကြင်မောင်၊ အတွင်းရေးမှူး ရဲဘော်ထွန်းဆက်တို့ပါ။ ဗမာပြည်ကွန်မြူနစ်ပါတီဟာ စဖွဲ့ကတည်းက လျှို့ဝှက် (မြေအောက်) ပါတီဖြစ်ပြီး ဗမာ့တပ်မတော် ဖြစ်ပေါ်လာရေး ကြိုးပမ်းရာမှာ ပါဝင်ခဲ့တယ်။ သမိုင်းဝင် ဖက်ဆစ်တော်လှန်ရေးအတွက် ၁၉၄၂ ခုနှစ်ကနေ ၁၉၄၅ အထိ ကွန်မြူနစ်ပါတီက  ပြင်ဆင်ခဲ့သလို “တပ်မတော်” ကို ဖက်ဆစ်တော်လှန်ရေး တပ်မတော် ဖြစ်လာစေဖို့ နိုင်ငံရေးအတွေးအခေါ်အရ ပြုပြင်ရာမှာ ကွန်မြူနစ်တွေဟာ အဓိကအခန်းက ပါခဲ့တယ်လို့ ဆိုနိုင်တယ်။ ဖက်ဆစ်ဆန့်ကျင်ရေး လက်နက်ကိုင် တော်လှန်ရေးအတွင်း ကွန်မြူနစ်ပါတီရဲ့ “ရဲခေါင်ပြောက်ကျားတပ်” တွေဟာ အရေးပါတဲ့အခန်းက ပါဝင်တိုက်ခိုက်ခဲ့တယ်။ ကွန်မြူနစ်ပါတီ သက်တမ်းတလျှောက် ၁၉၄၅ ခုကနေ ၁၉၄၈ ခုနှစ်ထိ ၃ နှစ်လောက်သာ ဥပဒေတွင်း ပါတီဘ၀ ဖြစ်ပါတယ်။ ခုလည်း မြေအောက်ပါတီဘ၀ ရပ်တည်နေဆဲ။ ၀ါခေါင်ရေကြီး၊ ရွာတောင်မှာ လှေစီးဖို့၊ သွားစို့ ပျော်ပျော်ကြီး ဆိုသလို ၀ါခေါင်ရဲ့ အဖြစ်အပျက်တွေ၊ ၀ါခေါင်မှာ ဖွဲ့စည်းခဲ့တဲ့ အဖွဲ့အသင်းတွေ ရှိခဲ့သလို၊ ၀ါခေါင်မှာ ကွယ်လွန်သူတွေ၊ မွေးဖွားခဲ့သူတွေလည်း အများအပြား ရှိကြပါတယ်။ စာရေးနေသူ ကျနော်ကိုယ်တိုင်လည်း ၀ါခေါင်လပြည့်နေ့ မွေးသူ ဖြစ်နေပါရဲ့။ ၀ါခေါင် မိုးစိပ် ထွန်တုံးပိတ် လို့ ဆိုကြသလို မိုးစိပ်စိပ်ရွာတဲ့ ၀ါခေါင်လဟာ  လယ်သမားတွေအတွက် ထွန်ယက် စိုက်ပျိုးတဲ့ လုပ်ငန်း အဆုံးသတ် ထွန်တုံးပိတ်ချိန်ပါ။ ပြီးတော့လည်း ၀ါခေါင် မိုးပိတ် ထွန်တုံးပိတ် လို့ ဆိုပြန်ကြပါတယ်။ မိုးကလေးဖွဲဖွဲဟာ အကြမ်းပတမ်းလည်း မရွာပေမယ့် စဲတယ် တိတ်တယ်လို့ မရှိဘဲ မိုးရွာတုန်းဖြစ်ပေမယ့် ထွန်တုံးပိတ် အလုပ်နား အားနေကြတော့ တို့တောရွာ တရွာလုံး မိုးအေးအေးနဲ့ ကွေးအိပ်နေကြမယ့် အချိန်ပေါ့။ ဒါပေမယ့် ဒီနှစ် ၀ါခေါင်လဟာတော့ ရေကြီးရေလျှံပြီး သဘာဝဖောက်ပြန်တာတွေ များနေလို့ လယ်သမားတွေ လုပ်ငန်းခွင်မ၀င်နိုင်တဲ့ ရေဘေးဒုက္ခသည်တွေရဲ့ ၀ါခေါင်လလို့သာ ပြောစရာရှိပါတော့တယ်။    ။ ကိုးကား ၁။ မြန်မာ့စွယ်စုံကျမ်း ရုပ်ပြဗဟုသုတဘဏ် (စာပေဗိမာန်) ၂။ ဆယ့်နှစ်လရာသီ ပန်းများနှင့် ပွဲတော်များ (ခင်မျိုးချစ်၊ ဂျူနီယာဝင်း) ၃။ မြန်မာ့ဆယ့်နှစ်လအကြောင်း။ (မောင်ထင်) မောင်တူး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024