အယ်လ်ဆာဗေဒို နိုင်ငံတွင် ကလေးချင်းလဲခံရသည့် မိသားစု ပြန်ဆုံတွေ့ပြီ (ရုပ်သံ)

1.6K
အယ်လ်ဆာဗေဒိုနိုင်ငံသူနဲ့ ဗြိတိန်နိုင်ငံသားတို့ဟာ လွန်ခဲ့တဲ့ ၄ လက ကလေးချင်း အလဲခံရပြီးတဲ့နောက် ခုတော့ သူတို့က မွေးထားတဲ့ သားအစစ်နဲ့ စက်တင်ဘာ ၇ ရက် ညက ပျော်ပျော်ရွှင်ရွှင် ပြန်ဆုံစည်းနိုင်ခဲ့ပြီလို့ ဒေသခံမီဒီယာက အစီရင်ခံပါတယ်။
သူတို့ ၂ ဦးလုံးဟာ အယ်လ်ဆာဗေဒိုမှာနေတဲ့ သာသနာပြု အဖွဲ့ဝင်တွေဖြစ်ပြီး စန်စယ်ဗာဒိုမြို့က ပုဂ္ဂလိကဆေးရုံမှာ ကလေးမွေးအပြီး သူတို့စောင့်ရှောက်နေတဲ့ ကလေးက သူတို့ရဲ့သား မဟုတ်ဘူးလို့ အမြဲတမ်း သံသယ ရှိနေခဲ့တာပါ။
အမေရိကန်နိုင်ငံ၊ တက္ကဆက်ပြည်နယ်က သူတို့အိမ်ကိုပြန်ရာမှာ ဒီအန်အေ မျိုးဗီဇ စစ်ဆေးရာက သူတို့သား မဟုတ်တာကို တွေ့ခဲ့ပါတယ်။
ဒါကြောင့် သူတို့ဇနီးမောင်နှံဟာ အယ်လ်ဆာဗေဒိုကို ပြန်လာခဲ့ပြီး တရားရုံးမှာ တရားဝင် တိုင်ကြားခဲ့တာပါ။
ဆေးရုံကတော့ ကလေးချင်း လဲထားတယ်ဆိုတဲ့ကိစ္စကို ငြင်းခဲ့ပါတယ်။
ဇနီးမောင်နှံက သူတို့ကလေးကို ကလေးကုန်ကူးမှု ရည်ရွယ်ချက်နဲ့ လဲသွားသလားဆိုတဲ့ စိုးရိမ်မှုကြောင့် စုံစမ်းစစ်ဆေးမှုတွေ လုပ်ခဲ့ရာက အရင်သီတင်းပတ်က ကလေးချင်းလဲသွားခဲ့သူ အလီဂျန်ဒရိုဂွီဒိုကို ဖမ်းမိခဲ့ပေမယ့် တရားဝင် တရားစွဲမှု မလုပ်ရသေးပါဘူး။
ဇနီးမောင်နှံ ၂ ဦးလုံးက သူတို့သားနဲ့ ပြန်ဆုံစည်းရတဲ့အတွက် စိတ်သက်သာ ပျော်ရွှင်ခဲ့ကြတာပါ။
အယ်လ်ဆာဗေဒိုနိုင်ငံသူ မာစေဒေးစ်ကာစာနဲလပ်စ်ဟာ ခင်ပွန်းသည် ခရီးထွက်နေတုန်း မွေးရက်မတိုင်မီ တလစောပြီး နေ့ခင်းမှာ ဗိုက်ခွဲမွေးခဲ့တာလို့ ဒေသခံမီဒီယာက အစီရင်ခံပါတယ်။
ဆေးရုံက ပြန်ဆင်းလာချိန်မှာ သူ့ကိုပေးလာတဲ့ ကလေးက မေလ သူကလေးမွေးအပြီး ချက်ချင်းမြင်လိုက်ရတဲ့ ကလေးနဲ့ နှိုင်းယှဉ်ရင် အသားအရောင် ပိုရင့်တယ်လို့ သတိထားမိခဲ့ပါတယ်။
ဒါ့အပြင် မွေးမွေးချင်း ကလေးရဲ့ ခြေရာကို မှင်သုတ်ပုံနှိပ်ထားတဲ့ အမှတ်အသားတွေအရ ခြေရာချင်းလည်း မတူခြားနားတာကို သတိထားမိခဲ့ပါတယ်။
တရားရုံးချုပ်မှာ တရားရေး ဆေးဘက်အဖွဲ့ရဲ့ရှေ့နေ ဟိုဆေးဖီနာမိုရေးစ်က ဆေးရုံတခုတည်းမှာ တနေ့တည်းမွေးတဲ့ တခြားကလေးတွေကို စုံစမ်းစစ်ဆေးရာက ကလေးတွေရဲ့ တကယ့်မိဘတွေကို သက်သေပြုနိုင်ခဲ့တယ်လို့ ပြောပါတယ်။
တခြားမိသားစုတွေက သားယောက်ျားလေးတွေနဲ့ပါ နှိုင်းယှဉ်ကြည့်ပြီး မျိုးဗီဇချင်း တိုက်ဆိုင် စစ်ဆေးရာမှာ ကိုက်ညီမှု ၉၉ ဒသမ ၉၉ ရာခိုင်နှုန်း ရှိခဲ့ပြီး ဒါဟာ အမြင့်ဆုံး ညွှန်းကိန်းဖြစ်တယ်လို့ သူက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
အယ်လ်ဆာဗေဒို ရှေ့နေချုပ်ကတော့ ဒီအမှုကို ပညာရှင်ဆန်ဆန် ကိုင်တွယ်ဖြေရှင်းမယ်လို့ ပြောပါတယ်။
ဒီအရေးဟာ အမှားလား တမင်သက်သက်လုပ်တာလားဆိုတာ အတည်ပြုဖို့ နောက်ထပ် စုံစမ်းစစ်ဆေးမှုတွေ ထပ်လုပ်နေပါတယ်။
ဆေးရုံက ဝန်ထမ်းအတော်များများကိုပါ စုံစမ်းစစ်ဆေးနေတယ်လို့ ဒေသခံ မီဒီယာက အစီရင်ခံခဲ့ပါတယ်။