တိုင်းရင်းသားဒေသတွေမှာ မြန်မာ့တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အင်အားစု တွေကြား တိုက်ပွဲတွေ အမြန်ဆုံးရပ်ပြီး ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးရေးလုပ်ဖို့ ဒီမိုကရက်တစ် အင်အားစု နိုင်ငံရေးပါတီ (၁၁) ပါတီ ပူးပေါင်းဖွဲ့စည်းထားတဲ့ ဒီမိုကရေစီမိတ်ဆွေပါတီတွေကနေ မေတ္တာရပ်ခံ ပြောကြားလိုက်ကြပါတယ်။
ဒီကနေ့မှာ ထုတ်ပြန်တဲ့ ဒီမိုကရေစီမိတ်တွေပါတီ (၁၁) ပါတီရဲ့ ကြေညာချက်မှာ အခုလို ရေးသားဖော်ပြ ပြောကြားလာတာ ဖြစ်ပါတယ်။
ဒါနဲ့ပတ်သက်ပြီး မိတ်ဆွေပါတီ (၁၁) ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒီမိုကရက်တစ်ပါတီရဲ့ ဥက္ကဋ္ဌ ဦးသုဝေက အခုလိုပြောပါတယ်။
“တိုင်းရင်းသားနယ်စပ်တွေမှာ တိုက်ပွဲတွေ အရှိန်နဲ့ ဖြစ်လာတာကို အင်မတန်မှဝမ်းနည်းတယ်။ မဖြစ်စေချင်ပါဘူးဆိုတဲ့ အကြောင်းကိုပဲ ပြောခဲ့တာ။ အဲဒါကြောင့်မို့လို့ ကျနော်တို့ အားလုံးညှိနှိုင်းပြီးတော့ ငြိမ်းချမ်းရေးရအောင် လုပ်ကြပါဆိုတာကို တိုက်တွန်းတာပါ။ သမ္မတကြီးပြောတဲ့ မိန့်ခွန်းထဲမှာလည်း ပါတယ်။ အားလုံးငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဖြစ်စေချင်တယ်ဆိုတာ။ အဲတော့ အစိုးရအသစ်အနေနဲ့ ဒီလိုငြိမ်းချမ်းတဲ့နည်းကို ပေးပြီးတော့မှ ဒါဟာတိုင်တိုင်ပင်ပင်နဲ့ လုပ်စေချင်တာပေါ့။ အနှစ်ချုပ်တော့ အခုဟာက ကျနော်တို့ တိုက်တွန်းတယ်ဆိုတာ အဘက်ဘက်က ဝိုင်းပြီးတိုက်တွန်းပြီးပြောရမှာပေါ့။ အားလုံးကောင်းစေချင်တာကိုး။”
ဒီလိုတိုက်တွန်းပြောကြားတာတွေကို အစိုးရအနေနဲ့ အလေးအနက်ထားဖို့ လိုတယ်လို့လည်း ဦးသုဝေက ဆိုပါတယ်။
“ဒီလိုတိုက်ပွဲတွေ ဖြစ်နေတာကြောင့် တိုင်းသူပြည်သားလူထုတွေ အများကြီးနစ်နာရတယ်။ အိုးအိမ်တွေဆုံးရှုံးရတယ်။ အဲဒါတွေကြောင့် ဒါတွေက ပိုကျယ်ပြန့်သွားမယ်ဆိုရင် မကောင်းဘူးပေါ့။ ဒါကြောင့်မို့လို့ အခုကတည်းကနေ ငြိမ်းချမ်းရေးရအောင် ကြိုးစားချင်ပါတယ်လို့ ပြောချင်တာပေါ့။ ဒီလိုတိုက်တွန်းတာတွေ များလာတော့ အစိုးရက အရေးတယူတော့ လုပ်လာရမှာပေါ့။ နက်နဲလာတာပေါ့။”
ပြီးခဲ့တဲ့ နိုဝင်ဘာ (၇) ရက် ရွေးကောက်ပွဲနေ့ကနေ စတင်ပြီး ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ နောက်ဆုံး ကချင်ပြည်နယ်တွေမှာ မြန်မာ့တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကြား တိုက်ပွဲတွေ ဆက်တိုက်လိုလိုဖြစ်ပွားလာတာနဲ့ပတ်သက်ပြီး အတိုက်အခံနိုင်ငံရေး အင်အားစုအချို့ကတော့ အစိုးရသစ်ဟာ ငြိမ်းချမ်းရေးကို လိုလားဖွယ်မရှိဘူးလို့ ပြစ်တင်ဝေဖန်မှုတွေလည်း ရှိနေပါတယ်။
ဒီလ (၉) ရက်နေ့က စတင်ပြီး ကချင်ပြည်နယ်တွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကိုရပ်ဖို့ ကချင်လွတ်မြောက်ရေး တပ်မတော် (ကေအိုင်အို) က ဆန္ဒရှိနေပေမယ့် ပြည်ထောင်စုအစိုးရနဲ့ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီတို့က တာဝန်ယူ ကမ်းလှမ်းလာတမျိုးတော့ မရှိသေးပါဘူး။ လက်ရှိအခြေအနေမှာတော့ အဲ့ဒီဒေသတွေမှာ စစ်ပြေးဒုက္ခသည် နှစ်သောင်းလောက်ရှိနေပြီ ဖြစ်ပါတယ်။
ဒီလို တိုင်းရင်းသားဒေသတွေက တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး အစိုးရပိုင်မီဒီယာတွေမှာ ဝါဒဖြန့်ချိရေးသားမှု အချို့သာရှိပေမယ့် သတင်းဂျာနယ်တွေမှာတော့ ဒီကိစ္စတွေနဲ့ပတ်သက်ပြီး စာပေစိစစ်ရေးက ထိန်းချုပ် ပိတ်ပင်ထားဆဲ ဖြစ်ပါတယ်။