A d v e r t i s e m e n t With Us

မြောက်ကိုရီးယား တွင် မိုးကြီး ရေလွှမ်းမိုး၊ လူ ၄၀ သေဆုံး (ရုပ်သံ)

မြောက်ကိုရီးယား နိုင်ငံအတွင်း မိုးကြီးမှုကြောင့် လမ်းတွေ ရေလွှမ်းမိုးခံရပြီး လတ်တလောမှာ လူအယောက် ၄၀ သေဆုံးတယ်လို့ အစိုးရမီဒီယာ ကေစီအန်အေနဲ့ နိုင်ငံတကာ ကြက်ခြေနီအသင်းချုပ်တို့က ပြောပါတယ်။ ကျန်ခဲ့တဲ့ စနေ၊ တနင်္ဂနွေနေ့တွေက ရေကြီးမှုကြောင့် နိုင်ငံ အရှေ့မြောက်ပိုင်းက ရုရှား၊ တရုတ်တို့နဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ရာဂျင်းမြို့မှာ အကြီးအကျယ် ပျက်စီးခဲ့ပြီး လူအယောက် ၁ သောင်း ၁ ထောင်လောက် အိုးအိမ်စွန့်ခွာခဲ့ရတယ်လို့ ဘေကျင်းမြို့ အခြေစိုက် ကြက်ခြေနီအဖွဲ့ချုပ် ပြောခွင့်ရက ရိုက်တာ သတင်းဌာနကို ပြောပါတယ်။ ရာဂျင်းမြို့ဟာ မြောက်ပိုင်း ဟမ်ဂျောင်းခရိုင် ရာစွန် အထူးစီးပွားရေးဇုန်ရဲ့ မြို့တော်လည်း ဖြစ်ပါတယ်။ မြောက်ကိုရီးယားဟာ မနှစ်က ရာစုနှစ်အတွင်း အဆိုးဆုံး မိုးခေါင်မှုကြောင့် ဒုက္ခရောက်ခဲ့ရပါသေးတယ်။ စနေ၊ တနင်္ဂနွေနေ့တွေက မိုးရေချိန် ၉ ဒသမ ၅လက်မ ရွာချခဲ့လို့ လူအယောက် ၄၀  သေဆုံးပြီး အကြီးအကျယ် ပျက်စီးတယ်၊ စနေနေ့က ၃ နာရီအတွင်း မိုးရေချိန် ၆ လက်မ ရွာခဲ့တယ်လို့ မြောက်ကိုရီးယား အစိုးရမီဒီယာက ပြောပါတယ်။ မိုးရွာအပြီး မြောက်ကိုရီးယား နယ်စပ် အရာရှိတွေနဲ့အတူ တရုတ်အာဏာပိုင်တွေက တရုတ်ခရီးသည် ၄၈၄  ယောက်ကို ဘေးလွတ်ရာ ကယ်ထုတ်ခဲ့ရတယ်လို့ တရုတ်သတင်း အင်တာနက် စာမျက်နှာက ဆိုပါတယ်။ နယ်စပ်ကလမ်း ရေတိုက်စားခံခဲ့ရလို့ ရာဂျင်းမြို့ ကုန်သွယ်ရေးပြပွဲကို ရောက်နေခဲ့တဲ့ တရုတ်ခရီးသည် အများအပြား သောင်တင်နေခဲ့တာပါ။ တရုတ်အာဏာပိုင်တွေက ပြန်လည်ထူထောင်ရေး အားထုတ်ရာမှာ ကူညီဖို့ ကုန်ကားတွေ၊ ဝန်ချီစက်တွေနဲ့ တခြား စက်ကြီးတွေကို ရာဂျင်းမြို့ဆီ စေလွှတ်ခဲ့တယ်၊ ခရီးသည်အားလုံး ဘေးကင်းတယ်လို့လည်း သတင်းအင်တာနက် စာမျက်နှာက ဆိုပါတယ်။ တရုတ်နယ်စပ်မြို့ ဟန်ချွမ်က အစိုးရရုံးတွေဆီ ဖုန်းခေါ်ဆိုမှုတွေကတော့ ဖြေကြားမှု မရှိခဲ့ပါဘူး။ မြောက်ကိုရီးယား ကုန်းမြင့်ပိုင်းမှာ စိုက်ပျိုးရေး လုပ်တဲ့အတွက် နည်းပါးတဲ့ သစ်တောတွေက မိုးရေကို မထိန်းနိုင်လို့ ရေက ကုန်းမြင့်အောက်က ရွာတွေ မြို့တွေဆီ စီးဆင်းခဲ့ပြီး မြေပြိုမှုတွေ မကြာခဏ ဖြစ်ခဲ့တာပါ။ သြဂုတ်လ အစောပိုင်းက မိုးသည်းမှုကြောင့် ဒီဒေသမှာပဲ လူ ၂၁ ယောက် သေဆုံးပြီး လူအယောက် ၃၄၀၀ အပေါ် သက်ရောက်မှု ရှိခဲ့တယ်လို့ ကုလသမဂ္ဂ လူသားချင်း စာနာမှုအရေး ညှိနှိုင်းဆောင်ရွက်ရေးရုံးက ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up