Home
လူမှုရေး
ကချင်ကျောင်းသားများ ဧည့်စာရင်း ပိတ်ပင်ခံရ
အေးနိုင်
·
June 17, 2011
ရန်ကုန်တိုင်း သံလျင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမိုးခိုင်ထွန်းဟာ စာသင်ကြားဖို့ရောက်နေတဲ့ ကချင်ကျောင်းသားငယ်တွေကို  ဧည့်စာရင်းမပေးဘဲ မောင်းထုတ်နေတာကို ကချင်ကျောင်းသားတွေက နေရပ်ရင်းမပြန်ကြဘဲ အန်တုနေထိုင်နေကြပါတယ်။ ကချင်ကျောင်းသားငယ်တွေနဲ့ အုပ်ထိန်းသူအပါအ၀င် ၂၃ ယောက်ဟာ အထက်တန်းကျောင်းတွေနဲ့ တက္ကသိုလ်တွေမှာ တက်ရောက်ဖို့ ကချင်ပြည်နယ် ပူတာအိုကနေ လာရောက်ပြီး သံလျင်မြို့နယ် ဗိုလ်ချုပ်ရွာက ခြံဝင်းတခုမှာ စုပေါင်း နေထိုင်နေကြတာဖြစ်ပါတယ်။ မေလတွင်းမှာရောက်ပြီး ပထမနှစ်ပတ်နီးပါး ဧည့်စာရင်းပေးပေမယ့် ရပ်ကွက်အုပ်အုပ်ချုပ်ရေးမှူးက မြို့နယ်အုပ်ချုပ်ရေးမှူးညွှန်ကြားချက်အရ ဧည့်စာရင်း မပေးတော့ဘူးလို့ ပြောဆိုပြီး နယ်ကို ပြန်ခိုင်းပါတယ်။ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းမှာ လူတိုင်းဟာ မိမိတိုင်းပြည် နယ်နိမိတ်အတွင်းမှာ လွတ်လပ်စွာ သွားလာနေထိုင်နိုင်ခွင့် ရှိရမယ် ဆိုတဲ့အချက်ကို ချိုးဖောက်လိုက်တာဖြစ်ပါတယ်။ ဒီကိစ္စကို လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူလည်းဖြစ် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးဟောင်းကို ရွေးကောက်ပွဲတုန်းက ပြိုင်ခဲ့သူလည်းဖြစ်တဲ့ ဒေါ်ဘောက်ဂျာထံမှာ ကျောင်းသားတွေက အကူအညီတောင်းပါတယ်။ ဒေါ်ဘောက်ဂျာက သူ မြို့နယ်အုပ်ချုပ်ရေးမှူးထံကို စာနဲ့ရော လူကိုယ်တိုင်ပါ ဧည့်စာရင်းပေးဖို့ ဥပဒေနဲ့အညီ တင်ပြခဲ့ပုံနဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးက သူ့ကို တင်းတင်းမာမာတုံ့ပြန်ခဲ့တယ်လို့ ပြောပါတယ်။ “၁၃ ရက်နေ့က မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ သွားတွေ့တဲ့အခါကျတော့ မြို့နယ်အုပ်ချုပ်ရေးမှူးကို ကျမတို့ကို ခေါ်တာ ဘာအကြောင်းလဲလို့ ပြောတော့ ခင်ဗျားတို့ကို ဧည့်စာရင်းမပေးနိုင်ဘူး၊ အစကတည်းကလည်း မထားချင်လို့ ခင်ဗျားတို့ကို တားခဲ့တာ ဆိုပြီးတော့ ပြောလို့ ဘာအတွက် တားတာလဲ၊ ကျမတို့ တိုင်းရင်းသားတွေလည်း နိုင်ငံသားတွေပဲ ဘယ်ဒေသမှာ ဖြစ်ဖြစ် နေပိုင်ခွင့်ရှိတယ်။ ကျမတို့ကို ဒီလို တားခြင်းအားဖြင့် ဘယ်ဥပဒေ ဘာပုဒ်မနဲ့ ကျမတို့ကို တားတာလဲလို့ ပြောတော့၊ တိုင်းရင်းသားတွေ ဘာတွေ လာမပြောနဲ့၊ ဥပဒေတွေလည်း လာပြောမနေနဲ့ပေါ့ လုံးဝမထားနိုင်ဘူး၊ လုံးဝ ဧည့်စာရင်း မပေးနိုင်ဘူး ဆိုပြီးတော့ ပြောတယ်။ ပြောတဲ့အတွက် ကျမအနေနဲ့လည်း ကျမတို့က နိုင်ငံသားလည်း ဖြစ်တယ်၊ ပြီးတော့ ဧည့်စာရင်းကိုလည်း အခု အကြောင်းကြားထားပြီး ဖြစ်တဲ့အတွက် ကျမတို့က နေမှာပဲလို့ ခင်ဗျားတို့ တားရင်လည်း ကျမတို့က နေမယ်လို့ ကျမ ပြန်ထွက်လာခဲ့တယ်။” ၁၄ ရက်နေ့ သန်းခေါင်မှာတော့ ရဲတွေအပါအ၀င် တာဝန်ရှိသူတွေ အဲဒီခြံကိုရောက်လာပြီး ၁၅ ရက်နေ့ညနေ ၆ နာရီမထိုးခင် ခြံကနေထွက်သွားဖို့ ကလေးတွေကို လက်မှတ်ထိုးခိုင်းခဲ့ပါတယ်။ အဲဒီနေ့က ကလေးတွေကိုယ်စား ကလေးတွေကို ထိန်းဖို့ပါလာတဲ့ ဆရာတဦးက အားလုံးကိုယ်စား လက်မှတ်ထိုးပေးလိုက်ပါတယ်။ ဒါပေမယ့် ကျောင်းသားတွေက  အိမ်မပြန်ကြဘဲ ဖမ်းလိုက ဖမ်းစေဆိုပြီး ရင်ဆိုင်ကြတာကြောင့် သက်ဆိုင်ရာက ဓာတ်ပုံအကြိမ်ကြိမ်လာရိုက်ပြီး ကိုယ်စားလက်မှတ်ထိုးပေးသူကို ဖမ်းဆီးမယ်ဆိုပြီး ခြိမ်းခြောက်ခဲ့တယ်လို့ ဒေါ်ဘောက်ဂျာက ရှင်းပြပါတယ်။ ကချင်ကျောင်းသားငယ်တွေကို ဒီကနေ့မနက်မှာတော့ ခြံဝင်းအပြင်ဘက်ကနေ ရပ်ကွက်တာဝန်ရှိသူတဦး ရောက်လာပြီး ကလေးတွေရဲ့ ထောက်ခံစာတွေ ယူလာပေးပါ။ ဧည့်စာရင်းရဖို့ ဆက်လက်လုပ်ဆောင်ပေးပါမယ်ဆို ပြောပြီး ထောက်ခံစာတောင်းလို့ ပူတာအိုက ကလေးအုပ်ထိန်းသူ မိဘဆွေမျိုးတွေထံကနေ ပြန်လည်တောင်းယူနေတယ်လို့ ဒေါ်ဘောက်ဂျာက နောက်ဆုံးအခြေအနေကို ရှင်းပြပါတယ်။ အခု ဧည့်စာရင်း လုပ်ပေးဖွယ်ရှိတယ်လို့ သတင်းကြားရရုံသာရှိသေးပြီး လက်ဝယ်တော့ မရောက်သေးဘူးလို့ ဆိုပါတယ်။ ကချင်ကျောင်းသားတွေကို ဧည့်စာရင်း ပိတ်ပင်တဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးရဲ့ ဆောင်ချက်ဟာ ဥပဒေနဲ့ မညီညွတ်ဘူးလို့ ဒေါ်ဘောက်ဂျာက ပြစ်တင်ပြောဆို ပါတယ်။ “၁၉၀၇ ခုနှစ် ကျေးလက်ဥပဒေအရကတော့ နိုင်ငံတိုင်းရင်းသားတွေက ဘယ်နေရာ ဘယ်ဒေသမှာမဆို နေထိုင်ပိုင်ခွင့် ရှိတယ်။ နိုင်ငံသားတိုင်းက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်းမှာ မည်သည့်နေရာဖြစ်ဖြစ် နေထိုင်ခွင့် ရှိပါတယ်။”
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024