Home
မြန်မာသတင်း
ထိုင်းလိပ်ကျွန်းအမှု ဗြိတိန်ရဲတပ်ဖွဲ့ အစီရင်ခံစာ တောင်းခံမှု ငြင်းပယ်ခံရ
DVB
·
August 26, 2015
ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန်းလူသတ်မှုနဲ့ ပတ်သက်ပြီး ဗြိတိန်ရဲတပ်ဖွဲ့ရဲ့ လျှို့ဝှက်အစီရင်ခံစာကို အမှုရင်ဆိုင်နေရတဲ့ မြန်မာ ၂ ဦးရဲ့ ရှေ့နေဖြစ်သူတွေက တောင်းဆိုခဲ့ပေမယ့် ဗြိတိန်တရားရုံးက ငြင်းပယ်လိုက်ပါတယ်။ သြဂုတ် ၂၆ ရက် လန်ဒန် တရားရုံးမှာ တရားသူကြီး နီကိုလပ်စ် ဂရင်းက အစီရင်ခံစာကို ဖတ်ရှုပြီး ရဲတပ်ဖွဲ့ အကျိုးက ပိုအလေးသာတဲ့အတွက် အခုလို ဆုံးဖြတ်လိုက်တာလို့ ဆိုပါတယ်။ “အတိုချုပ်အားဖြင့် ရဲတပ်ဖွဲ့အစီရင်ခံစာက အမှုရင်ဆိုင်နေရတဲ့သူတွေအတွက် အထောက်အကူပြုမယ့်အရာ မပါဘူးလို့ သုံးသပ်မိပါတယ်” လို့ သူက ပြောပါတယ်။ အရင် စက်တင်ဘာက ဗြိတိန် ၂ ဦး သတ်မှု သံသယနဲ့ ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ကို စွဲဆိုထားပြီး အပြစ်ရှိကြောင်း တွေ့ရှိရရင်တော့ ဒီ ၂ ဦးက သေဒဏ်အထိ ကျခံနိုင်တဲ့ အခြေအနေမှာ ရှိနေပါတယ်။ ဒွိဟဖြစ်စရာ ကိစ္စအပေါ် ထိုင်းဝန်ကြီးချုပ်နဲ့ ဗြိတိန်ဝန်ကြီးချုပ်တို့ သဘောတူညီခဲ့တာ ဖြစ်ပါတယ်။ ဗြိတိန်ရဲတပ်ဖွဲ့တွေ ထိုင်းကိုသွားရောက်ပြီး စုံစမ်းဖို့ ခေါင်းဆောင် ၂ ဦးက သဘောတူညီခဲ့ပြီး ဒီလေ့လာမှုခရီးစဉ်က ထိုင်းရဲတပ်ဖွဲ့ရဲ့ စုံစမ်းမှုကို မှတ်တမ်းယူ လေ့လာဖို့လည်း ဖြစ်ပါတယ်။ အကြိုသဘောတူညီချက်အတိုင်း ထိုင်းရဲတပ်ဖွဲ့က သဘောတူဆောင်ရွက်ခဲ့ပြီး ဗြိတိန်အဖွဲ့ရဲ့ အစီရင်ခံစာကို အသတ်ခံရတဲ့ မိသားစုတွေဆီ မျှဝေဖို့ သဘောတူညီထားပါတယ်။ လူသတ်တရားခံအဖြစ် စွဲဆိုခံထားရသူ ၂ ဦးရဲ့ ရှေ့နေတွေက ခုခံကာကွယ်ဖို့အတွက် အစီရင်ခံစာကို ပေးအပ်ဖို့ တောင်းဆိုခဲ့ပါတယ်။ ဒီတောင်းဆိုချက်ကို ဗြိတိန်ရဲတပ်ဖွဲ့က ဆန့်ကျင်ခဲ့ပြီး ထုတ်ဖော်လိုက်တာဟာ အနာဂတ် နိုင်ငံခြားတပ်ဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်ကို အဟန့်အတား ဖြစ်စေမယ်လို့ ဆိုပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024